17 November 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နိုဝင်ဘာ ၁၅ ရက်နေ့ တွင် ဆက်သွယ်မေးမြန်းချက်

ထက်အောင်ကျော်။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား၊ အကျယ်ချုပ်က လွတ်လာတာ ၂ ရက်ရှိ ပြီပေါ့နော်၊ မနေ့ကရော တနေ့ကရော ပြည်သူတွေနဲ့ အများကြီး တွေ့တဲ့ အခါကျတော့ ပြည်သူတွေဆီက အဓိက ဘာတွေကို လိုချင်နေလဲ၊ ပြည်သူရဲ့ နိုင်ငံရေး နိုးကြားမှုအခြေအနေ ဘယ်လို တွေ့ရလဲခင်ဗျ၊

“ပြည်သူရဲ့ နိုင်ငံရေး နိုးကြားမှုအခြေအနေမှာ အဓိကတော့ လူငယ်တွေ အများကြီး ပါလာတာကို တွေ့ရတယ်၊ အဲဒါတော့ တော်တော်ကို အားရတယ်။ အရင် နှစ်တွေတုန်းက ဆိုရင် ဒီလို လူအုပ်ထဲမှာ ဆိုရင် လူငယ်တွေက အများစုလို့ သိပ်ပြောလို့ မရဘူး၊ အခုကတော့ လူငယ်တွေက သိသိသာသာကို အများစုကြီးပဲ၊ အများစု ဆိုတော့ စိတ်ဝင်စားတယ်၊ တော်တော်လည်း စိတ်ပါလက်ပါရှိတယ်၊ နိုင်ငံရေး နိုးကြားမှု ဘယ်လောက်ရှိလဲ ဆိုတာတော့ အဲဒီလို လူအုပ်ကိုကြည့်ပြီး တိုင်းထွာလို့တော့ ခက်တာပေါ့လေ၊ ဒါပေမယ့် အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတွေကိုတော့ အင်တိုက် အားတိုက် အားပေးနေတဲ့ ပုံစံတော့ ရှိပါတယ်။”

ထက်အောင်ကျော်။ ။ အပြောင်းအလဲ ဖြစ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လိုများ ဖြည့်ဆည်းပေးနိုင်မလဲ၊ ဘယ်လိုများ လုပ်ပေးမယ်လို့ စိတ်ကူးထား လဲခင်ဗျ။

“ကျမတို့ကတော့ အပြောင်းအလဲ လိုချင်လို့ရှိရင် ကိုယ့်ဖာသာကိုယ် လုပ်ရမယ် ဆိုတဲ့ စိတ်ဓာတ်ကို အဓိက သွင်းပေးချင်တယ်၊ နောက်ပြီး လုပ်တတ်အောင်လည်း ကူညီပြီးတော့ လုပ်ပေးချင်တယ်၊ ကျမတို့ချည်းပဲ လုပ်ပေးလို့မရဘူး၊ ဒါဟာ သင်ယူရမယ့်ကိစ္စပဲ၊ လူထုက ကိုယ့်ကိုကိုယ်လည်း သင်ယူရမယ်၊ ကျမတို့ တယောက် နဲ့ တယောက်ကိုလည်း သင်ပေးရမယ်၊ အဲတော့ အပြောင်းအလဲ လိုချင်တယ် ဆိုတာ ကျမတို့အားလုံး လိုချင်တာပဲ၊ ဒါပေမယ့် လိုချင်ရုံနဲ့ မပြီးဘူးလေ၊ ကိုယ်လိုချင်တဲ့ အပြောင်းအလဲကို ကိုယ့်ဖာသာကို လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေကို အဓိက မြှင့်တင် ချင်ပါတယ်။”

ထက်အောင်ကျော်။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်အစိုးရနဲ့ ဘယ်လိုများ ဆွေးနွေးဖို့ စိတ်ကူးထား လဲခင်ဗျ၊

“ဘာအစီအစဉ်မှတော့ မရှိပါဘူး၊ ဒါပေမယ့် ကျမပြောခဲ့တဲ့ အတိုင်းပဲ ကျမ တို့ကနေ ဆွေးနွေးချင်တယ်၊ ပြန်လည်သင့်မြတ်ရေး ဖြစ်ဖို့အတွက်ကို လက်တွဲပြီးတော့ လုပ်ချင်တယ်၊ နောက်ပြီးတော့ ကျမ မြန်မာတိုင်းမ်ထဲမှာ ဖတ်ရတယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့က ဦးဌေးဦးက အန်အယ်လ်ဒီနဲ့တောင် လက်တွဲပြီးတော့ လုပ်ဖို့ ကိစ္စကို သူတို့စဉ်းစားမယ် ဆိုတဲ့သဘော၊ လုပ်ချင်တယ် လို့တောင်မှ ရေးထားတဲ့ သဘော ရှိပါတယ်၊ အဲတော့ ကျမတို့ကလည်း ဘယ်အဖွဲ့နဲ့ မလုပ်ဘူး၊ ဘယ်အဖွဲ့နဲ့ လုပ်မယ်ဆိုတဲ့ စိတ်ထားမျိုး မရှိပါဘူး၊ တကယ်ပဲ လက်တွဲပြီးတော့ တိုင်းပြည် ကောင်းကျိုးရေးအတွက် လုပ်ချင်တယ်ဆိုရင် ကျမတို့ လက်တွဲလုပ်ဖို့ အဆင်သင့် ပါပဲ။”

ထက်အောင်ကျော်။ ။ ဟုတ်ကဲ့ - သူတို့ဘက်ကလည်း ဦးဌေးဦးကလည်း အဲလို ပြောတဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လောလောဆယ်မှာ စစ် အစိုးရနဲ့ တွဲပြီးတော့ အလုပ်လုပ်လို့ ရတဲ့ လုပ်ငန်းစဉ် တရပ်ရပ်များ စလုပ်နိုင်တဲ့ အခြေအနေ မျိုးရှိလားခင်ဗျ၊

“အဲဒါတော့ ကျမတို့ စဉ်းစားရဦးမယ်လေ၊ ကျမ အခု ထွက်လာတာ ၂ ရက် ပဲရှိသေးတယ်၊ ဆိုတော့ ပြည်သူတွေရဲ့ စိတ်ဓာတ်က ဘယ်လိုရှိတယ်၊ တိုင်းပြည်ရဲ့ အခြေအနေက ဘယ်လိုရှိတယ်ဆိုတာကို နည်းနည်းပိုပြီးတော့ သင်ယူဖို့လိုတယ်၊ ဒီ ၆ နှစ်၊ ၇ နှစ် အတွင်းမှာ ရေဒီယိုကိုတော့ သေသေချာချာ နေ့တိုင်းနေ့တိုင်း နားထောင်ပါတယ်၊ အဲဒီကနေ သတင်းတွေလည်း အများကြီး ရပါတယ်၊ ဒါပေမယ့် အဲဒါ လောက်နဲ့လည်း မလုံလောက်သေးဘူး၊ ကျမဆွေးနွေးဖို့လိုတယ်၊ လူတွေရဲ့ အသံကို နားထောင်ဖို့လိုတယ်၊ ကျမတို့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ထဲမှာ ဘာတွေ ရှိတယ် ဆိုတာ သိဖို့လိုတယ်၊ နောက် နိုင်ငံရေးပါတီတွေထဲမှာ မပါဝင်တဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒ သဘောထားတွေကိုလည်း သိအောင်လို့ လေ့လာဖို့ လိုပါတယ်။”

ထက်အောင်ကျော်။ ။ ရွေးကောက်ပွဲနေ့မှာ နယ်စပ်မှာ တိုက်ပွဲတွေဖြစ်၊ ငြိမ်းချမ်းရေးအဖွဲ့တွေလည်း ပြန်တိုက် အဲလိုဖြစ်နေတဲ့ အခါကျတော့ တိုင်းရင်းသား အစ်ရှုးအပေါ်မှာ ဘယ်လို များ မြင်လဲခင်ဗျ၊

“ကျမမြင်တာကတော့ ကျမတို့က ပြည်ထောင်စုစိတ်ဓာတ်ကို တကယ် ခိုင် ခိုင်မာမာဖြစ်အောင်လို့ လုပ်ဖို့က အများကြီး ရှိပါသေးတယ်၊ အဲဒီပြည်ထောင်စု အဆောက်အဦးကိုလည်း ခိုင်ခိုင်မာမာနဲ့ အားလုံးက ယုံကြည်နိုင်အောင်၊ အားလုံး ကနေ အားကိုးနိုင်အောင်လို့၊ အားလုံး ကနေ လိုလားနိုင်အောင်လို့ အဲဒီလိုဟာမျိုး အဆောက်အဦးကို ကျမတို့ ထူထောင်ရမယ်၊ အဲ့လို ထူထောင်တဲ့နေရာမှာ တိုင်းရင်းသား လူမျိုးစုတွေအားလုံး ကနေ တကယ့်ကို ဒါဟာလူတိုင်း လူတိုင်း အကျိုးအတွက် ဖြစ်တယ်ဆိုတဲ့ အမြင်တွေ ပေါ်လာနိုင်ဖို့ ဆိုတာ ကျမတို့အလုပ်တွေ အများကြီး လုပ်ရပါမယ်။”

ထက်အောင်ကျော်။ ။ လောလောဆယ် ဒီ အန်အယ်လ်ဒီနဲ့ မဟာမိတ် ဖွဲ့ထားတဲ့ စီအာပီပီကိုရော ဘယ်လိုများ ပြန်လုပ်ဖို့ ရှိသလဲ။

“ကျမတို့ စီအာပီပီ အစည်းအဝေးလုပ်ဖို့ အစီအစဉ် ရှိပါတယ်၊ ကျမ အစည်းအဝေး မလုပ်ရသေးပါဘူး။”

ထက်အောင်ကျော်။ ။ ဒီမိုကရေစီ အင်အားစုထဲမှာမှ အခု ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်လိုက်တဲ့ အခါကျတော့ အန်အယ်လ်ဒီက တချို့ အပါအဝင် တခြားပါတီ တော်တော်များများ ရွေးကောက်ပွဲ ဝင်တဲ့အခါကျတော့ ရွေးကောက်ပွဲ အသစ် ဝင်တဲ့လူနဲ့ အဟောင်းပေါ်မှာ ဆက်ရပ်တဲ့ လူတွေနဲ့ အမြင်တွေ ကွဲနေတဲ့အပေါ်မှာ အားလုံး နားလည်မှုရအောင် ဒါမှမဟုတ် အားလုံး စုစည်းနိုင်အောင် ဘယ်လိုများ စိတ်ကူး ရှိလဲခင်ဗျ၊

“ကျမတို့ကတော့ အမြဲ တံခါးဖွင့်ထားတာပဲ၊ ကျမ အခု လွတ်လာတဲ့ ၂ ရက် အတွင်းမှာ သုံးလေးခါလောက်တော့ ပြောပြီးပြီ ထင်ပါတယ်။ ကျမတို့အနေနဲ့ ရွေး ကောက်ပွဲဝင်တဲ့ ၃၇ ပါတီလုံးကို ကျမတို့ ဒီမိုကရေစီရရှိရေး အတွက် လက်တွဲပြီးတော့ လုပ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် ကျမတို့ကတော့ ကြိုဆိုလျက်ပါပဲ၊ ညှိနှိုင်းပြီး တော့ လုပ်နိုင်မယ် ဆိုရင် အင်မတန် ကောင်းတာပေါ့၊ ကျမတို့ရဲ့ မြန်မာနိုင်ငံရေး အစဉ်အလာ အတွက် အစဉ်အလာကောင်း တခုပေါ့၊ မတူကွဲပြားတဲ့အပေါ်မှာ အခြေခံ ပြီးတော့ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်အတွက် တိုင်းပြည် ကောင်းကျိုးအတွက် လုပ်နိုင်တယ် ဆိုတာ အစဉ်အလာတခု ဖြစ်သွားမှာပေါ့။”

ထက်အောင်ကျော်။ ။ ဒီအန်အယ်လ်ဒီ ထဲက လူတချို့ထောင်တဲ့ အန်ဒီအက်ဖ်နဲ့ ပတ်သက်လို့ သီးခြားတခုခု ပြောစရာရှိမလားခင်ဗျာ။

“မရှိပါဘူး၊ အန်ဒီအက်ဖ်ကလည်း ၃၇ ပါတီထဲက တပါတီပါပဲ။”

ထက်အောင်ကျော်။ ။ အခုကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးလို့ ရလဒ်တွေ ကြေညာနေတာတွေ မပြီးသေးဘူး၊ ခုနက ဦးဌေးဦးတို့ ကြံ့ခိုင်ရေးက ၈ဝ ရာခိုင်နှုန်းနိုင်တယ် လို့တော့ တရားဝင်မဟုတ်တဲ့ ပြောဆိုမှုတွေ ရှိတာပေါ့၊ ကျနော် ဆိုလိုတာက တဖက်မှာ ၉ဝ (ရွေးကောက်ပွဲ) ရလဒ်ရှိတယ်၊ တဖက်မှာ ၂ဝ၁ဝ (ရွေးကောက်ပွဲ) ရလဒ်ရှိတော့ ရွေးကောက်ပွဲ ရလဒ် ၂ ခုနဲ့ ပတ်သက်ပြီးတော့ ရှေ့နိုင်ငံရေးအတွက် ဘာများ ပြောစရာရှိမလဲ ခင်ဗျ၊ ဘယ် လိုများ ဖြစ်လာမလဲလို့ တွက်ဆထားလဲ ခင်ဗျ။

“အခု ၂ဝ၁ဝ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ မေးခွန်းတွေ အများကြီး ထုတ်ထားတယ် ဆိုတာ ဒီဗွီဘီကလည်း သိမှာပါ၊ ရွေးကောက်ပွဲထဲမှာ ပါဝင် ခဲ့တဲ့ ပါတီတော်တော် များများကလည်း တရားမမျှတခဲ့တာတွေ ရှိတယ်ပေါ့နော်၊ မဖြစ်သင့်တာတွေ ဖြစ်ခဲ့တယ် ဆိုတာ ပြောနေကြပါတယ်၊ တိုင်မယ် ဆိုတာတွေလည်း ကျမတို့ ကြားနေပါတယ်၊ ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကော်မတီ တခု ဖွဲ့ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဦးထိပ်ထားပြီး ရွေးကောက်ပွဲမှာ မတရား ဖြစ်ခဲ့တာတွေ ရှိခဲ့သလား၊ ဘယ်လိုတွေ ဖြစ်ခဲ့သလဲဆိုတာ ကျမတို့ စုံစမ်းပြီးတော့ အစီရင်ခံစာ တင်ပါမယ် ဆိုပြီးတော့ ဆုံးဖြတ်ထားပါတယ်။”

ထက်အောင်ကျော်။ ။ အန်အယ်လ်ဒီနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သိသလောက် မနက်ဖြန် သဘက်ခါ ၁၈ ရက်မှာ တင်ထားတဲ့ဟာ ကြားနာမယ်လို့ သိရတယ်၊ အန်အယ်လ်ဒီကို အစိုးရက ပြောတာတော့ အရင်ကတော့ မရှိတော့ဘူး၊ အ ခု ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီက အရှည်ကို ပြန်မြင်လာတော့ ဘယ်လိုများ ရှေ့မှာ အန်အယ်လ်ဒီရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ထားလဲ။

“ကျမတို့ တရားရုံးမှာ ရင်ဆိုင်ရမယ့် အမှုကတော့ သပ်သပ်ပေါ့၊ နောက်တခုက ဥပဒေနဲ့လည်း ဆိုင်တယ်။ ကျမကလည်း ဥပဒေဘက်မှာ မကျွမ်းကျင်တော့ ဒီကိစ္စပေါ်မှာတော့ မပြောချင်ပါဘူး၊ ဒါပေမယ့် အန်အယ်လ်ဒီရဲ့ အနာဂတ်ကတော့ ပြည်သူလူထုနဲ့ ဆိုင်ပါတယ်၊ တရားရုံးနဲ့မှ ဆိုင်တာ မဟုတ်ဘူး။”

ထက်အောင်ကျော်။ ။ နိုင်ငံတကာ ဆက်ဆံရေးကျတော့ နည်းနည်းမေးချင်ပါတယ်၊ မနေ့ကလည်း တချို့မေးကြတယ် ထင်တယ်၊ အဓိကတော့ နိုင်ငံတကာ လုပ်ထားတဲ့ Sanction နဲ့ Tourism boycott တို့ စသည်ဖြင့် နိုင်ငံတကာရဲ့ Sanction အပေါ်မှာ ဘယ်လိုများ ပြောစရာရှိပါမလဲခင်ဗျ။

“ကျမတို့ Sanction နဲ့ ပတ်သက်လို့ ကျမတို့အမြင်ကတော့ အများပြည်သူကို ထိခိုက်တာ ရှိသလား၊ အများပြည်သူအနေနဲ့ Sanction တွေကို ဖယ်ပေးပါလို့ ပြော စရာ ခိုင်မာတဲ့ အကြောင်းရှိသလား၊ အဲဒါတွေလည်း ကျမတို့ လေ့လာရပါမယ်၊ နောက်ပြီးတော့ Sanction တွေက တကယ်ပဲ တိုင်းပြည်ကို ထိခိုက်သလား မထိခိုက် ဘူးလား၊ နိုင်ငံရေးအရ ဘယ်လို အကျိုးဆက်တွေ ရှိသလဲ၊ ဒါတွေကို ကျမတို့လေ့ လာပြီးတော့ ကာယကံရှင် တိုင်းပြည်များဖြစ်တဲ့ Sanction တွေ ထုတ်ထားတဲ့ တိုင်း ပြည်တွေနဲ့လည်း ကျမတို့ ဆွေးနွေးချင်ပါတယ်။”

ထက်အောင်ကျော်။ ။ နိုင်ငံတကာနဲ့ ပတ်သက်ပြီးတော့ အမေရိကားတို့၊ အီးယူတို့၊ အိမ်နီးချင်းတွေလည်း ပြောတာကြားတယ်၊ ဒါပေမယ့် တရုတ်ဘက်ကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အပေါ်မှာ ဘာမှ ပြောတာမရှိဘူးဆိုတော့ အိမ်နီးချင်းနိုင်ငံတွေ အပေါ်မှာ အထူးသဖြင့် အင်အားကြီး နိုင်ငံတွေအပေါ်မှာ ဘာများ ပြောချင်တာ ရှိလဲခင်ဗျ၊

“ကျမတို့ကတော့ တရုတ်နဲ့ကော အိန္ဒိယနဲ့ကော ခင်ခင်မင်မင် ရင်းရင်း နှီးနှီးနဲ့ အိမ်နီးချင်းကောင်းများ ဖြစ်အောင် ကျမ နေချင်ပါတယ်၊ အဲဒီလို ဘာမှ မပြော သေးတာတော့လည်း အကြောင်းကြောင်းလည်း ရှိမှာပေါ့လေ၊ နောက်ပြီးတော့ တကယ်တော့လည်း အန်အယ်လ်ဒီနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကော၊ အိန္ဒိယနိုင်ငံ ကော သိပ်ပြောလေ့ ပြောထ မရှိပါဘူး၊ ဒါပေမယ့် အိန္ဒိယတော့ ကောင်းကောင်းမွန်မွန် ကျမလွတ်မြောက်တဲ့အပေါ်မှာ ပြောခဲ့တာ ကြားရပါတယ်၊ ကျမတို့ကတော့ ပြောရတာပေါ့၊ အိမ်နီးချင်းကောင်းတွေ ဆိုတာက အမြဲ အတူတူနေရမယ့် အိမ်နီးချင်း တွေဆိုတာ အိမ်နီးချင်းကောင်း ဖြစ်ဖို့ကို လိုပါတယ်။”

ထက်အောင်ကျော်။ ။ နောက်တချက်က မလွတ်ခင်ကလည်း ဆက်သွယ်ရေး တွစ်တာတို့ အင်တာနက်တို့ ပြောတာ ရှိတယ်ခင်ဗျ။ မနေ့ကလည်း ဆက်သွယ်ရေး အရေးကြီးမှုအကြောင်း ပြောသွားတာ ရှိတယ်ခင်ဗျ၊ လောလောဆယ် အန်တီအိမ် မှာ တယ်လီဖုန်းကတော့ ဖြတ်ထားတာပေါ့၊ ဆိုတော့ ဆက်သွယ်ရေးက အရေးပါ ပုံပေါ့၊ ဒီလူငယ်တွေကောပေါ့ဗျ၊ ဘာများ ပြောစရာရှိလဲခင်ဗျ၊

“ဆက်သွယ်ရေးရဲ့ အရေးပါပုံကတော့ တော်တော်ကို သိသာပါတယ်၊ အထူးသဖြင့် တနေ့က ထွက်လာတဲ့အထဲက ဟန်းဖုန်းလေးတွေနဲ့ပေါ့၊ ဓာတ်ပုံရိုက်တာတွေ တော်တော်များတယ်၊ အဲဒါကတော့ အရင် ၇ နှစ်နဲ့ ထူးထူးခြားခြား ကွာခြား နေတဲ့ ကိစ္စတခုပါပဲ၊ လူတိုင်းလူတိုင်းက ဟန်းဖုန်းတွေနဲ့ လိုက်ရိုက်နေလား၊ ဘာလား ဒါက ဆက်သွယ်ရေးပဲ၊ ဘာဖြစ်နေလဲဆိုတာကို အရင်လို အပြင်လူတွေ မသိအောင် လို့ လုပ်ဖို့ဆိုတာ တော်တော် ခက်တယ်၊ တိုင်းပြည်တွင်းမှာ ဖြစ်နေတဲ့ ကိစ္စကို တကမ္ဘာလုံးကနေ လွယ်လွယ်ကူကူ သိနိုင်တဲ့ အခြေအနေ ရောက်သွားပြီ၊ ဒါက ကျမတို့ တိုင်းပြည်ကို ပိုပြီးတော့ ပွင့်လင်းအောင် လုပ်ပေးနိုင်တဲ့ အထောက် အကူ ပစ္စည်းပေါ့နော်၊ လွယ်လွယ်ခေါ်ရင်လည်း ရတာပေါ့၊ အထောက်အကူ ပစ္စည်း တခုပဲ လို့ ပြောချင်ပါတယ်။”

ထက်အောင်ကျော်။ ။ ဒါပေမယ့် တဖက်မှာကျတော့ နည်းပညာပိုင်းမှာ တိုးတက် လာပေမယ့် တဖက်မှာ သတင်း လွတ်လပ်ခွင့်တို့ နောက် အင်တာနက်တောင်မှ မင်းကိုနိုင်တို့ဆို အီလက်ထရောနစ် ပုဒ်မတွေနဲ့ ဖမ်းတာဆီးတာ ရှိတဲ့ အခါကျတော့ အဲဒီဟာတွေကို ဘယ်လိုများ ပြောချင်သလဲခင်ဗျ၊

“အဲဒါကျတော့ အခြေခံမူတွေနဲ့ ဆိုင်တယ်လေ၊ လွတ်လပ်မှုနဲ့ ဆိုင်တယ်၊ ကျမတို့ အခြေခံ လူ့အခွင့်အရေးတွေကို ဘယ်လောက် ဂရုထားတယ် ဆိုတာနဲ့ ဆိုင်တယ်၊ အဲဒါကတော့ နောက်ဆုံးပြောရမယ် ဆိုရင် နိုင်ငံရေးပြဿနာပဲ၊ နိုင်ငံရေး ပြဿနာဆိုတော့ နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းရမှာပေါ့၊ ဒါပေမယ့် နိုင်ငံရေး ပြဿနာတွေက တဖက်မှာ ရှိနေသလို ဒီလိုဆက်သွယ်မှုကောင်းတာက ဘယ်လိုပဲ ချုပ်ချယ်ဖို့ ကြိုးစားကြိုးစား၊ တနည်းနည်းနဲ့ ကွေ့ပတ်ပြီးတော့ ဆက်သွယ်နိုင်ပါတယ်၊ ဒါကြောင့်မို့ အခုဒီဗွီဘီနဲ့ စကားပြောနိုင်တယ် မဟုတ်လား။”

ထက်အောင်ကျော်။ ။ ဟုတ်ကဲ့ပါခင်ဗျ။ နောက်တခု ကျနော်မေးချင်တာ တော်တော်များများကလည်း ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးပေါ့၊ စိုးရိမ်ကြတာပေါ့၊ ဘယ်လိုစီစဉ်ထားလဲ၊ နောက်တခါ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချဖို့ ဖြစ်လာတဲ့ ဒီပဲယင်းဖြစ်စဉ်ပေါ်မှာကော ဘယ်လိုများ အမှတ်ရလဲ၊ ဘာများ ပြောစရာ ရှိလဲခင်ဗျ၊

“ကျမလုံခြုံရေးနဲ့ ပတ်သက်လို့ အဲဒါတော့လည်း အဖွဲ့ချုပ်က တာဝန်ယူ ထားတဲ့ လူတွေက တတ်နိုင်သမျှတော့ လုပ်ပါတယ်၊ ဒါပေမယ့် ကျမတို့လို အဖွဲ့ အစည်းကလည်း လုပ်နိုင်တယ်ဆိုတဲ့ ဟာတော့ အကန့်အသတ်တော့ ရှိပါတယ်၊ ဒီပဲယင်းတုန်းကဖြစ်တဲ့ ဟာမျိုးကတော့ အဲဒီတုန်းကတော့ ကျမတို့ဘက်က လုံခြုံရေး လုပ်ပါတယ်၊ ကျမတို့ ကားကို ဝိုင်းလာတဲ့အခါကျတော့ ကျမတို့ လူငယ်တွေက အင်မတန်မှ သတ္တိရှိရှိနဲ့ ခိုင်ခိုင်မာမာနဲ့ ကျမကို ကာကွယ်ပေးကြပါတယ်၊ ဒီလိုပဲ ကျမတို့ အဖွဲ့ဝင်တွေ၊ ကျမတို့လူငယ်တွေက ဆက်ကာကွယ်ပေးမှာပဲ၊ လိုအပ်ရင် လိုအပ်သလို ကာကွယ်ပေးမှာပဲလို့ ကျမက ထင်ပါတယ်။”