17 August 2010

အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်ခြင်း(၆)နှစ်ပြည့်


အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင်၏ ကိုယ်ရေးအကျဉ်း အားပြန်လည်ဖော်ပြပေးခြင်း

ဦးကြည်မောင်ကို အဖ ဦးဘိုးသိန်း၊ အမိ ဒေါ်ငွေခင် တို့မှ ၁၉၂၀ ဒီဇင်ဘာလ ၂၀ ရက်တွင် မွေးဖွားခဲ့တယ်။ ၁၉၃၆ မှာ တက္ကသိုလ် ဝင်တန်း အောင်ပြီး ရန်ကုန် တက္ကသိုလ်ကို တက်ရောက် သင်ကြားခဲ့တယ်။ ၁၉၃၈ တတိယ ကျောင်းသား သပိတ် မှာ ရှေ့တန်းက ပါဝင်ခဲ့သူ ဖြစ်တယ်။ ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော် နဲ့ အတူ ဦးခေါင်းမှာ နယ်ချဲ့ မြင်းစီး ပုလိပ်တွေရဲ့ နံပါတ် ဒုတ်နဲ့ အရိုက် ခံခဲ့ရလို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သူ တဦး ဖြစ်တယ်၊၊ ဗိုလ်အောင်ကျော် ဒဏ်ရာ ပြင်းထန် လွန်းလို့ လဲကျ သွားရာ အချိန် ကနေ ကွယ်လွန်သည် အထိ အနီးကပ် ဖေးမ ပြုစု ခဲ့သူလည်း ဖြစ်ပါတယ်၊၊


၁၉၄၁ - ဘီအေ နောက်ဆုံးနှစ် စာမေးပွဲကို ကျောခိုင်းပြီး ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) သို့ ဝင်ခဲ့တယ်။


၁၉၄၃ က ၁၉၄၅ အထိ - ဂျပန်နိုင်ငံ စစ်တက္ကသိုလ် အပတ်စဉ် (၅၇) မှာ သင်တန်း ပြီးဆုံးတဲ့ အထိ စစ်သင်တန်း တက်ရောက်ခဲ့တယ်။


၁၉၄၅ - ဗမာ့ သေနတ်ကိုင် တပ်ရင်း (သနက ၅) မှာ တာဝန် ထမ်းဆောင်။


၁၉၄၈ - တပ်ရင်းမှူး တာဝန် ထမ်းဆောင်။


၁၉၅၁ - ထိုစဉ်က မေမြို့မှာ အခြေစိုက်တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဦးစီး ပထမတန်း တာဝန် ထမ်းဆောင်။


၁၉၅၃ - တပ်မဟာ (၇) တပ်မဟာမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၅၅ - ၅၆ တွင် အမေရိကန် နိုင်ငံ ဖို့ဒ်လဲဗင်းဝပ်ရှိ ကွပ်ကဲမှုနှင့် စစ်ဦးစီး တက္ကသိုလ်တွင် သင်တန်း တက်ရောက် ခဲ့တယ်။


၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ် အထိ နေပြည်တော် စစ်ဌာနချုပ် (ယခု ရန်ကုန်တိုင်း စစ်ဌာနချုပ်) တိုင်းမှူး၊ ၁၉၆၁ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ အနောက် တောင်တိုင်း စစ်ဌာနချုပ် (ပုသိမ်) တိုင်းမှူး၊ အဖြစ် တာဝန် ထမ်းဆောင်ခဲ့တယ်။


၁၉၆၂ - တပ်မတော်မှ နိုင်ငံတော် အာဏာ သိမ်းယူစဉ်တွင် တော်လှန်ရေး ကောင်စီ အဖြစ် တာဝန် ပေးအပ်ခြင်း ခံရတယ်။


၁၉၆၂ မှ ၆၃ - အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန် ယူစဉ် စစ်တပ်နဲ့ နိုင်ငံရေး အခန်း ကဏ္ဍကို ကောင်းစွာ ခွဲခြား သိရှိသူ တဦး ဖြစ်တဲ့ အတွက် ၁၉၆၂ စစ်အာဏာ သိမ်းယူတဲ့ ကိစ္စကို အပြင်းအထန် ဆန့်ကျင် ခဲ့တယ်။


၁၉၆၃ - တော်လှန်ရေး ကောင်စီ က ကြီးမှူး ကျင်းပတဲ့ ဒူးယား နှီးနှော ဖလှယ်ပွဲကို မတက်ရောက်ဘဲ အမိန့် အာဏာ ဖီဆန် ခဲ့လို့ တပ်က အငြိမ်းစား ပေးခြင်း ခံခဲ့ရတယ်။


၁၉၆၅ - ဇွန်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ ကို လက်နက်ကိုင် တော်လှန် ဖြုတ်ချရန် ကြံစည်မှုနဲ့ တော်လှန်ရေး ကောင်စီ က ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့တယ်။ [ထောင်က ပြန်လွတ် လာတဲ့ အချိန်ကို ရှာလို့ မတွေ့သေးပါ။ သိရှိသူများ ရှိပါက ပြောပြ စေလို ပါတယ်။]


၁၉၈၈ - ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ဖြစ်ချင်း တလခန့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရ။


- ဒီမိုကရေစီ အရေးတော်ပုံ ကာလ အပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတဲ့ အခါ ဦးအောင်ကြီး ဦးဆောင်တဲ့ အဖွဲ့ကနေ ပါလာပြီး ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် သုတေသန ဌာနမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့တယ်။ နိုင်ငံရေး လမ်းစဉ်ချင်း မတူညီလို့ အဖွဲ့ချုပ် ကနေ ဦးအောင်ကြီး အုပ်စု ခွဲထွက်ရာမှာ ဦးအောင်ကြီးရဲ့ အဖွဲ့ချုပ် အပေါ် စွပ်စွဲချက် တွေကို လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည် ဘက်က ပြတ်ပြတ်သားသား ရပ်တည် မဲပေး ခဲ့တယ်၊၊


၁၉၈၉ - ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်း ခံခဲ့ရ ပြီးနောက် အဖွဲ့ချုပ် ယာယီ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့တယ်။


၁၉၉၀ - မေလ (၂၇)၊ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲ အပြတ်အသတ်နဲ့ အနိုင် ရရှိအောင် ဦးဆောင် ခဲ့ပြီး၊ ကိုယ်တိုင်လည်း ဗဟန်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ ၇၃.၁၇ ရာခိုင်နှုန်းနဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးချယ် ခံခဲ့ရတယ်။


- ဇူလိုင် (၂၈၊ ၂၉) ရက်နေ့မှာ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တွေကို စုစည်းပြီး ဂန္ဓီ ခန်းမမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး ပွဲကြီးကို ဦးဆောင် ကျင်းပကာ ဂန္ဓီ ခန်းမ ကြေညာစာတမ်း ထုတ်ပြန် ခဲ့တယ်။


- ဂန္ဓီ ခန်းမ အစည်းအဝေး ပြီးနောက် စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ပုဒ်မ ၅ ည နဲ့ အစိုးရ လျှိုဝှက် အက်ဥပဒေ ပုဒ်မ ၆ (၂) ခ နဲ့ ၆ (၃) အရ ပြစ်မှု ထင်ရှားတယ် ဆိုပြီး ထောက်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်း ခံရပြီး၊ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၁ ည နဲ့ ငြိစွန်း တယ်လို့ ဆိုကာ ပြည်သူ လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ၁၉၉၁ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကြေညာ ခဲ့တယ်။


၁၉၉၅ - မတ်လ ၁၄ရက်နေ့မှာ အင်းစိန် အကျဉ်းထောင်က ပြန်လွတ် လာပြီး၊ ဒေါ်အောင်ဆန်းစုကြည်လည်း ဇူလှိုင်လ ၁၀ ရက်နေ့မှာ နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက် လာခဲ့တယ်။


- အောက်တိုဘာ ၉ ရက်နေ့၊ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းတဲ့ အခါ မှာတော့ ဦးကြည်မောင်ကို ဗဟို အလုပ်အမှုဆောင် အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တာဝန် ပေးခဲ့တယ်။



- ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းရှေ့ အပတ်စဉ် စနေ တနင်္ဂနွေ လူထု ဟောပြောပွဲ တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ စစ်အုပ်စုကို ပါးနပ်တဲ့ စကားလုံးတွေ၊ ထိမိတဲ့ သုံးသပ်ချက် တွေနဲ့ ထောက်ပြ ဟောပြောတာကို လာရောက် နားထောင်တဲ့ လူထုကြီးက ကျေနပ် အားရပြီး ဦးကြည်မောင် ရပ်တည်ချက် အပေါ် အားကိုး ယုံကြည်မှု ကြီးမား လာကာ လူထုရဲ့ အထူး လေးစားခြင်း ခံရသူလည်း ဖြစ်တယ်။


- မျိုးဆက်သစ် လူငယ် တွေကို ခေါင်းဆောင်မှု နည်းပညာ တွေနဲ့ ပတ်သက်လို့ ကမ္ဘာ တဝှမ်း ခေတ်မီ တိုးတက်မှု တွေနဲ့ ချိန်ထိုးကာ မှတ်သား ဖွယ်ရာ၊ အတု ယူဖွယ်ရာ တွေကို အချိန်နဲ့ အမျှ ဆွေးနွေး သင်ကြား ပြသ ပေးနေခဲ့သူ ဖြစ်တယ်၊၊ ဒါအပြင် သူ ဝါသနာ ပါတဲ့ ဂီတ အနုညာ ကိုလည်း လူငယ် တွေကို လေ့လာ တတ်ကျွမ်း စေခဲ့တယ်၊၊


၁၉၉၆ - တလျှောက်လုံး ကြီးလေးတဲ့ ပါတီ တာဝန်တွေ အပြင် အမျိုးသားနေ့ အခမ်းအနား၊ လွတ်လပ်ရေးနေ့ အခမ်းအနား တွေမှာ ကိုယ်တိုင်ကိုယ်ကျ နေ့ရော ညပါ မနားဘဲ လူငယ်တွေနဲ့ လက်ပွန်းတတီး အနီးကပ် ဦးဆောင်မှု ပေးခဲ့တယ်။


- နိုဝင်ဘာ ၉ ရက် ကမ္ဘောဇ ရိပ်သာ အဝင်ဝနဲ့ တက္ကသိုလ် ရိပ်သာလမ်း တို့မှာ ၂ ကြိမ်တိုင်တိုင် စစ်အုပ်ရဲ့ လက်ကိုင်ဒုတ် ကြံ့ဖွံ့ တွေက ဦးကြည်မောင် ၊ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အသက် အန္တရာယ် ဖြစ်စေ နိုင်တဲ့ လုပ်ကြံမှုကြီး နှစ်ကြိမ် လုပ်ခဲ့ရာမှာ ဦးကြည်မောင်ရဲ့ ဦးခေါင်းနဲ့ ပါးမှာ ထိခိုက် ဒဏ်ရာ ရခဲ့တယ်၊၊


၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် ခန့်မှာ ရွှေတောင်ကြား (၁) ရပ်ကွက်၊ ကမ္ဘောဇ ရိပ်သာလမ်း နေအိမ် အမှတ် ၂၄ မှာ ကွယ်လွန် ခဲ့တယ်။


ဦးကြည်မောင် ဈာပန မှာ ငိုကြွေးနေတဲ့ ကိုတင်မောင်ဦး၊ ဗဟန်းမြို့နယ် (Former opposition leader Kyi Maung’s funeral in Rangoon 21 August 2004. The former opposition leader who led the national League for Democracy to a sweeping election victory in 1990 election, died from heart failure 19 August, he was 86. AFP PHOTO)


အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင်၏ ကိုယ်ရေးအကျဉ်း အား ဘဘ ဦးကြည်မောင်ကွယ်လွန်ခြင်း(၆)နှစ်ပြည့် တွင် ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါသည်.။