ရန်ကုန်မြို့တစ်နေရာအား မြင်တွေ့ရစဉ်
ရန်ကုန်မြို့တွင် တည်ဆောက်ထားသော အဆောက်အအုံများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်ကာလများက တည်ဆောက်ခဲ့သော အဆောက်အအုံများဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်ရေး ထည့်သွင်းစဉ်းစားပြီး တည်ဆောက်ထားမှု နည်းပါးခဲ့သည်ကို တွေ့ရကြောင်း ဆောက်လုပ်ရေး ပညာရှင်များထံမှ သိရှိရသည်။ ''လက်ရှိ ရန်ကုန်မှာရှိတဲ့ အဆောက်အအုံတွေရဲ့ ၉၀ ရာခိုင်နှုန်းက ၂၀၀၀ ပြည့်နှစ်မတိုင်ခင် ကာလတွေတုန်းက ဆောက်ထားတဲ့ အဆောက်အအုံတွေများတယ်။ အဲဒီ အဆောက်အအုံတွေရဲ့ ကွာလတီ၊ နည်းစနစ်တွေ နိမ့်ကျခဲ့တာလည်း ရှိနေတယ်။
အဆောက်အအုံ တည်ဆောက်မှု နည်းပညာတွေက အုတ်တွေ၊ကျောက်တွေကို အထပ်ထပ်စီပြီး တည်ဆောက်ကြတာ များတယ်။ ထုထည်က ကြီးမားနေပြီး တခြား ထိန်းချုပ်ထားတာတွေလည်း မရှိတော့ မတော်တဆ ငလျင်လှုပ်ခဲ့မယ်ဆိုရင် ပျက်စီးမှု များနိုင်ပါတယ်''ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက ပြောပြခဲ့သည်။ ရန်ကုန်မြို့တွင် ၁၉၉၀ ပြည့်နှစ် ၀န်းကျင်က နှစ်ထပ်တိုက် ဆောက်လုပ်မှု များပြားခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ခန့်တွင်မူ အထပ်မြင့် အဆောက်အအုံ များပြားလာခဲ့ကြောင်းလည်း သိရှိရသည်။ ''၁၉၉၀ လောက်တုန်းက တဲမှတိုက်ပေါ်ဆိုတဲ့ အစီအစဉ်တွေကြောင့် developer တွေ အားကောင်းလာတော့ တန်ဖိုးနည်း အဆောက်အအုံတွေ ဆောက်ခဲ့ကြတာ တွေ့ရတယ်။ တန်ဖိုးနည်းဆိုတော့ အရည်အသွေးကိုလည်း သိပ်မကြည့်ဖြစ်တော့ဘူး ဖြစ်ခဲ့ကြတယ်။ငလျင်နဲ့ပတ်သက်ပြီး အသိပညာကလည်း အားနည်းတဲ့အပိုင်းလည်း ပါပါတယ်။အဲဒီနောက်ပိုင်းမှာတော့ အဆောက်အအုံတွေရဲ့ အရည်အသွေးပိုင်းကို ကြည့်လာကြတယ်''ဟု အဆိုပါ ပညာရှင်က ဆက်လက် ပြောကြားခဲ့သည်။
ငလျင်လှုပ်တဲ့အခါ ထိခိုက်ပျက်စီးမှုက အဆောက်အအုံ နိမ့်တာ၊ မြင့်တာနဲ့ မဆိုင်ပါဘူး . . . ငလျင်ရဲ့ frequency ပေါ် မူတည်ပြီး ခံရတာပါ။ ဆိုလိုတာက အထပ်နိမ့်တဲ့ အဆောက်အအုံက ငလျင်သက်ရောက်တဲ့ အဓိက နေရာမှာရှိနေရင်တော့ သူလည်း ခံရမှာပါပဲ။ တုန်ခါမှုနဲ့ နီးကပ်တဲ့ အဆောက်အအုံက ပိုခံရမှာပါပဲ။ အဓိက ပြောချင်တာကတော့ အထပ်မြင့်တာ၊ နိမ့်တာထက် အဆောက်အအုံတိုင်းကို ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်ဖို့ပါ . . ''ငလျင်လှုပ်တဲ့အခါ ထိခိုက်ပျက်စီးမှုက အဆောက်အအုံနိမ့်တာ၊ မြင့်တာနဲ့ မဆိုင်ပါဘူး။ အဆောက်အအုံနိမ့်လို့ စိုးရိမ်စရာ မရှိဘူးဆိုတာ မဟုတ်ပါဘူး။
ငလျင်လှုပ်ရင်တော့ အကုန်ခံရမှာပါပဲ။ ငလျင်ရဲ့ frequency ပေါ်မူတည်ပြီး ခံရတာပါ။ ဆို လိုတာက အထပ်နိမ့်တဲ့ အဆောက်အအုံက ငလျင်သက်ရောက်တဲ့ အဓိကနေရာမှာ ရှိနေရင်တော့ သူလည်း ခံရမှာပါပဲ။ တုန်ခါမှုနဲ့ နီးကပ်တဲ့ အဆောက်အအုံက ပိုခံရမှာပါပဲ။ အဓိက ပြောချင်တာကတော့ အထပ်မြင့်တာ၊ နိမ့်တာထက် အဆောက်အအုံတိုင်းကို ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်ဖို့ပါ''ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးစောထွေးဇော် က ပြောပြခဲ့သည်။

''လောလောဆယ်မှာ ငလျင်ဒဏ်ခံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းကို ရေးဆွဲနေတုန်းပါပဲ။ ဒီစည်းမျဉ်းထက် လောလောဆယ်မှာ zoning map က ပိုအရေးကြီးနေပါတယ်။ မြေပုံမှာ ဘယ်ဒေသက မြေငလျင် ဘယ်အဆင့်လောက်ထိ ခံနိုင်တယ် ဆိုတာကိုပါ ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒီမြေပုံအရပဲ ငလျင်ဒဏ်ခံ စည်းမျဉ်းက ဆက်ဆွဲမှာဆိုတော့ ဒီနှစ်ထဲ ပြီးနိုင်မယ်၊ မပြီးနိုင်ဘူးဆိုတာက အတိအကျပြောလို့ မရသေးပါဘူး''ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။
''ရိုးရိုး အဆောက်အအုံကတော့ အပေါ်ကနေ အောက်ကို ဒေါင်လိုက် သက်ရောက်တဲ့ ဖိအားတွေကိုပဲ ခံနိုင်အောင် တည်ဆောက်ကြပါတယ်။ ငလျင်ဒဏ်ခံ အဆောက်အအုံဖြစ်ဖို့ ဆိုရင်တော့ ငလျင်လှုပ်တဲ့အခါ ဖြစ်လာတဲ့ မြေသားတုန်ခါမှုတွေကြောင့် ဖြစ်လာမယ့် ဘေးတိုက်အားကိုပါ ခံနိုင်အောင် တည်ဆောက်ရပါတယ်။ အဲဒီ ဘေးတိုက်သက်ရောက်အားကြောင့် အဆောက်အအုံရဲ့ အလေးချိန်ကနေ အားပြန်ဖြစ်သွားတယ်။ ဒီတော့ ဦးပေါ့ရင် အားနည်းတယ်၊ ဦးလေးရင်တော့ အားပိုများနိုင်ပြီး ထိ ခိုက်ပျက်စီးမှုလည်း များနိုင်ပါတယ်''ဟု ဦးစောထွေးဇော် က ပြောပြခဲ့သည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကလည်း ''ရန်ကုန်မှာ ဟိုးစောစောပိုင်း အချိန်တုန်းက အဆောက်အအုံတွေ များသေးတယ်။ အဲဒီခေတ်တုန်းက အုတ်တွေနဲ့ချည်း ဆောက်တာများတော့ ငလျင်ဒဏ်ခံနိုင်ဖို့ နည်းပါးပါတယ်။ မြို့ထဲမှာ DB(Damage Building) လို့ခေါ်တဲ့ အန္တရာယ်ရှိ အဆောက်အအုံတွေ များနေသေးတာ တွေ့ရပါတယ်။ အဲဒါတွေက ငလျင်နဲ့ပတ်သက်ပြီး အားနည်းချက်တွေ ရှိနေသေးတယ်။
ခု နောက်ပိုင်းမှာတော့ ငလျင်ဒဏ်ခံဖို့ ထည့်သွင်း တွက်ချက်လာတာတွေ ရှိလာပါတယ်။ မဝေးတော့တဲ့ကာလမှာ ငလျင်ဒဏ်ခံ အဆောက်အအုံ စည်းမျဉ်းကလည်း ထွက်လာတော့မှာဆိုတော့ သဘာဝဘေးခံနိုင်တဲ့ အဆောက်အအုံတွေ တည်ဆောက်နိုင်တော့မှာပါ။ ဒီစည်းမျဉ်းတွေ ထည့်သွင်းတည်ဆောက်ဖို့အတွက် အသိ ပညာရှိဖို့ လိုပါတယ်''ဟု သုံးသပ် ပြောကြားခဲ့သည့်ကို news-eleven ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။