15 August 2010

လမ်းပေါ်မှာ အသက်မွေးဝမ်းကျောင်းပြုကြတဲ့ သူတို့ဘဝ

ဗိုလ်ချုပ်အောင်ဆန်းဈေးအနီးရှိ ဇော်ဂျီစားသောက်ဆိုင်ရှေ့တွင် ပို့စကတ်ရောင်းနေသော မမိုးမိုးဝင်းကို တွေ့ရစဉ်။

ကောင်းကင်က မိုးတိမ် မည်းမည်းတွေ ဆီ လှမ်းမျှော်ကြည့်လိုက်ရင်း မမိုးမိုးဝင်းတစ်ယောက် သက်ပြင်းရှည်ကြီး ချပြီးနှုတ်ကလည်း "ဒီနေ့ တော့ ရောင်း ကောင်းဖို့မျှော်လင့်ချက် မရှိတော့ပါဘူး" လို့ ခပ်ညည်း ညည်း ဆိုလိုက်ပါတယ်။

"မနက်ကတည်းကမိုးမည်းနေလို့နေ့လယ် ၁၂ နာရီလောက်ကမှ အိမ် ကထွက်လာတာ။ ဈေးဦး တောင် မပေါက် သေးဘူး"လို့ နောက်ဆက် တွဲစကားကို ပြောလိုက်စဉ် မှာပဲ သူ့အသံကို ဖုံး သွား လောက်အောင် မိုးက သဲသဲမဲမဲရွာချလိုက်ပါတယ်။

အသက်၂၀အရွယ်၊ ကလေးတစ်ယောက်မိခင် မမိုးမိုးဝင်းဟာရန်ကုန် မြစ်တစ်ဖက်ကမ်း၊ အလယ်ချောင်းရွာ ကနေ နေ့စဉ် ရန်ကုန်မြို့ထဲကို လာ ရောက် လို့ နိုင်ငံခြားသား ဧည့်သည်တွေ အလာများတဲ့ ဗိုလ်ချုပ် ဈေးနဲ့ ဈေးနားက ဇော်ဂျီစားသောက်ဆိုင်ဝန်းကျင်တို့မှာ ပို့စကတ်တွေရောင်းပြီး အသက် မွေးသူပါ။

သူတို့လို ပို့စကတ်ရောင်းသူတွေ အတွက် နွေဦးနဲ့ ဆောင်းရာသီလို ဧည့်ဝင်ချိန် တွေဟာ ရွှေရောင်ကာလ တွေဖြစ်ပြီး တစ်နေ့ကို ငါး ထောင်ကျော်၊ ခြောက်ထောင်လောက် အမြတ်ကျန် တတ်ပေမယ့် အခုလို မိုးရာသီတွေမှာ တော့ ဧည့်သည် အလာနည်းတာမို့ တွက် ခြေသိပ်မကိုက်လှဘူးလို့သိရတယ်။

"ခုချိန်မှာတော့ ၀င်ငွေကောင်းဖို့မပြောနဲ့။ အသွားအပြန်ခရီးစရိတ်တောင် မနည်းကျစ်ထားရတာ။ နေ့လယ်စာ၊ ညစာဆိုတာ ဝေးဝေးမှာ ထားတယ်"ဒါပေမယ့် သူအရင်က လုပ်ခဲ့တဲ့ ဇီးထုပ်ထုပ်တဲ့အလုပ်နဲ့ယှဉ်ရင် ခုလို ပို့စကတ်ရောင်းတဲ့အလုပ်က အများ ကြီး ၀င်ငွေသာတယ်ဆိုပဲ။"ကျွန်မယောက်ျားက စစ်သားဆို တော့ အဝေးမှာနေရတာများတယ်။ဒါပေမယ့် ကျွန်မစိတ်ဓာတ်မကျပါဘူး။ သမီးလေးအတွက် ပိုက် ဆံရှာရမယ်" လို့ သူ့ကိုယ်သူ အားတင်းစကားဆိုပါ တယ်။

မိုးမိုးဝင်းတို့လို ပို့စကတ်ရောင်းသူ တွေအများစုဟာ ဗိုလ်ချုပ် ဈေးက ၀ယ် လို့ တစ်ဆင့်ပြန် ရောင်းကြတာဖြစ်ပြီး ၀ယ်ဈေးတစ်ကတ် ကျပ်ခုနစ်ရာကို နှစ်ထောင်နဲ့ ပြန်ရောင်းကြတယ်လို့ သိရ တယ်။ သူတို့အတွက် တစ်နေ့ငါးကတ် လောက်ရောင်းရတယ်ဆိုရင် တွက် ခြေ ကိုက်ပါပြီတဲ့။ဒါပေမယ့် တစ်နေကုန် ဧည့်သည် တွေ ရှိတတ်တဲ့နေရာတွေ လှည့်ပတ်ပြီး ဈေးရောင်းကြရတဲ့ သူတို့အဖို့ တွေ့ကြုံရ တဲ့ အခက်အခဲ တွေကလည်း ပြော မကုန်ဘူးဆိုပဲ။

"ဧည့်သည်တွေရဲ့အကြိုက်က ပြောင်း နေတာ။ ကျွန်မတို့များ ပို့စကတ်လေး ပြပြီး အနားမကပ်လိုက်နဲ့။ ချက်ချင်း သူတို့ဝယ်ပြီးသား ပန်းချီကား တွေ ထုတ် ပြကြတာ။ တချို့ကျ တော့လည်း သူတို့ မ၀ယ်ချင်တာကို ယဉ်ယဉ်ကျေးကျေး ပြောပြတယ်။ တချို့ကျတော့ ကင်မရာလေးတွေထုတ်ပြပြီး ကိုယ်တိုင်ဓာတ်ပုံရိုက်ချင်တဲ့အကြောင်း ပြောကြတယ်။ ဒါပေမယ့် တချို့ကအရမ်းကို အော်ထုတ်တာ။ လန့်ပြီးစိတ်ထဲမှာ တော်တော် မကောင်းဖြစ်တယ်"လို့ သူ့ရဲ့အတွေ့ အကြုံစုံကို ဖောက်သည်ချပါတယ်။

ပြီးတော့ သူလို အသက်ငယ်ငယ်၊ သွက်သွက် လက်လက် နဲ့ အင်္ဂလိပ်စကား နည်းနည်းပါးပါး ပြောတတ်သူအတွက် မရိုးမသားချဉ်း ကပ်တဲ့ဧည့်သည်တွေ လည်း ကြုံရဖူးပါတယ်တဲ့။"လမ်းဘေးမှာပဲ နေတာဆိုတော့ တချို့က အထင်သေးတာပေါ့။ သူတို့နဲ့လိုက်ခဲ့ဖို့လာခေါ်တာတွေရှိတယ်။ အဲဒီအခါကျရင် ယဉ်ယဉ် ကျေးကျေး လေးနဲ့ နိုက်ကလပ်ကိုသွားပါ။ အဲဒီမှာ အများကြီး ရှိတယ်လို့ ညွှန်ပေးလိုက် တယ်။ ကိုယ်က ရိုင်းလို့မကောင်းဘူး လေ။ မြန်မာအချင်းချင်းသာဆိုရင်တော့ အော်ဟစ်ရန်တွေ့လိုက်ပြီ။

"အဲဒီလိုမျိုးတွေ ကြုံရပြီဆိုရင် စိတ် ဓာတ်ကျ ဆင်းရပေမယ့် အိမ်ပြန်ရောက် လို့ သမီးလေး ကို မြင်လိုက်ရင် နောက် နေ့ ဈေးဆက် ရောင်းဖို့ ခွန်အားတွေ ရှိလာတယ်။"မိုးမိုးဝင်းလိုပဲ ဆူးလေဘုရားပတ် ၀န်းကျင်တစ်လျှောက်မှာ ပို့စကတ် ရောင်းပြီး မိသားစု အတွက် ၀င်ငွေရှာ သူနောက်တစ်ဦးက စိုး သက်ပိုင်ဆိုတဲ့ ကောင်လေးပါပဲ။

အိမ်ထောင်ရေးပြိုကွဲခဲ့တဲ့ မိဘတွေကြားမှာ အဘွားနဲ့ ညီလေးနှစ်ယောက် ကို ပို့စကတ်ရောင်းကျွေးနေတာ ရှစ်နှစ်ကျော်ပြီလို့သိရပြီး "မပျော်ဘူးလို့ ပြော လို့မရတော့ ဒီအလုပ်ကိုပျော်တယ်လို့ပဲ ပြောရမှာပေါ့"လို့ အသက် ၁၇ နှစ် သာ ရှိသေးပေမယ့် လူကြီးလေးတစ် ယောက်လို ရင့်ကျက်စွာပြောတယ်။

"ညီလတ်ကလည်း ကျွန်တော်နဲ့လိုက်ပြီးပို့စကတ်ရောင်းတယ်။ အငယ်ကောင်လေးကိုတော့ ဘယ်တော့မှ ပို့စကတ်မရောင်းခိုင်းဘူး။ သူ့ကို ပညာ တတ်ကြီးပဲ လုပ်ခိုင်းမှာ။ အဘွားနဲ့ ညီလေးတွေကို လုပ်ကျွေးနေတယ်ဆို တော့ ကြည်နူးတယ်"တဲ့။

ညဥ့်နက်တဲ့ အထိရောင်းတယ် လို့သိရပြီး ဈေးဦးမပေါက်တဲ့ရက်တွေဆို ရောင်းကောင်းတဲ့ ရက်တွေက စု ထားတဲ့ ပိုက်ဆံ လေးတွေ ကို ထုတ် သုံးရတယ်လို့ ဆိုပါတယ်။"ကျွန်တော် ပရိ ဘောဂဆိုင်ပိုင်ရှင် ကြီးဖြစ်ချင်တာ။ အဘွားဆီမှာ ပိုက် ဆံ စုတယ်။ ဒါပေမယ့် စုလိုက်၊ ရောင်း မကောင်းလိုက်၊ ကုန် သွားလိုက်နဲ့ ချာလည်နေတာပါပဲ။

"တစ်ခါတလေဘုရားကျောင်းတို့၊ ဆိပ်ကမ်းတို့ကို လမ်းညွှန်လိုက်လုပ်ပေး ရင်တော့ မြိုးမြိုးမြက်မြက်လေး ရတတ်ပါတယ်။ အဲဒီအခါ ကျရင်လည်း ဒီ အလုပ်ကိုချစ်တဲ့စိတ် ဖြစ်တယ်ဗျ"လို့ လူငယ်အတွေးနဲ့ စိုးသက်ပိုင်က ပြောတယ်။စိုးသက်ပိုင်လိုပဲ အရင်က ပို့စကတ် ရောင်းပြီးခုတော့ ပန်းချီကားတွေ ပြောင်းရောင်းနေ သူတစ်ဦးကတော့ ချိုင်းထောက်နှစ်ဖက်အား ပြုလို့ ကမ္ဘာ လှည့်ခရီးသည်တွေကို ဈေးရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုသူ အသက် ၂၉ နှစ်အရွယ် ကိုအောင်စိုးလင်းပါ။

"ပန်းချီ ကျတော့ မြန်မာ့ လက်မှုထဲမှာ ပါ တယ်။ အနုပညာ လည်း ဖြစ်တော့ ခရီးသည်တွေ ပိုကြိုက်လာကြတယ်။အဲဒါကြောင့်လည်း ကျွန်တော် ပန်းချီ ကား ပြောင်းရောင်းတာပါ"လို့ ဗိုလ်ချုပ် ဈေးထဲမှာ ပုံမှန်ရောင်းလေ့ရှိတဲ့ ကိုအောင်စိုးလင်းက ပြောပါတယ်။

ပန်းချီကားတစ်ကားကို အရင်း ကျပ် ၄,၀၀၀ ရှိပြီး ကျပ် ၆,၀၀၀ နဲ့ ပြန်ရောင်းကြတဲ့ ပန်းချီအရောင်းသမားတွေရဲ့ တစ်နေ့ဝင်ငွေဟာ လည်း မခေလှပါ ဘူး။ စီးပွားရေးအမြင်ရှိတဲ့ ကိုအောင်စိုး လင်းက ပန်းချီကားအရောင်းဆိုင်ကြီး ကတစ်ဆင့် ပန်းချီကားတွေဖောက် သည် ယူပြီး သူလိုဘ၀တူ အရောင်းဈေးသည် ဆီ ပြန်လည်ရောင်းချပေးတာမို့ ၀င်ငွေပိုကောင်းတယ်လို့ သိရတယ်။

"ဒီအလုပ်ကိုကျွန်တော်ချစ်တယ်။ ကျွန်တော်လိုဒုက္ခိတတစ်ယောက်အတွက်အကောင်းဆုံးပဲ။ မိသားစုအတွက်လည်း လုံလုံ လောက် လောက် ရှာပေးနိုင်တယ်။ ရောင်းကောင်းတဲ့နေ့ များဆို တစ်နေ့ကို ပန်းချီကား ၄၀၊ ၅၀ လောက် အထိရောင်းရပြီး မရောင်း ရတဲ့နေ့ ဆိုရင်တောင် အနည်းဆုံး ငါးကားလောက် ရောင်းရတယ်" လို့ ကိုအောင် စိုးလင်းက ပြောပြပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်ဈေးထဲရောက်တယ်ဆိုရင် ပန်းချီကားတွေပိုက်လို့ အားကြိုးမာန်တက်ဈေးရောင်းနေတဲ့ ကိုအောင်စိုးလင်းကို တွေ့ မြင်နိုင်မှာလို့။


ငြိမ်းအိအိထွေး