21 August 2010

ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို စက်တင်ဘာ ၁ရက်နေ့ မှစ၍ ယာယီ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့မှ စ၍ ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလေဆိပ်များ၌ မည်သည့်နိုင်ငံသားတိုင်းမဆို ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ဧပြီလ၃၀ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၌ ဆိုက်ရောက်ဗီဇာ ပြောင်းလဲကျင့်သုံးရေးဆိုင်ရာ အစည်းအဝေးမှဆုံးဖြတ်ခဲ့သည့် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များအရ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ထို့သို့ပြုလုပ်ပြီး လေးလအကြာ စက်တင်ဘာ ၁ရက်နေ့တွင် ဆိုက်ရောက်ဗီဇာပေးခြင်းကို ယာယီ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာပေးခြင်းအား ယာယီရပ်နားထားရခြင်းတွင် ဗီဇာထုတ်ပေးပြီး လေးလတာကာလတွင်း ဆိုက်ရောက်ဗီဇာ အသုံးပြု ၀င်ရောက်ခဲ့သည့် ခရီးသည်အနေအထား၊ ၀င်ငွေရရှိမှုအခြေအနေ စသည်တို့ကို ပြန်လည်သုံးသပ်မည် ဖြစ်သောကြောင့် ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက စုံစမ်းသိရှိရသည်။

"ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှုကို စက်တင်ဘာလ ၁ရက်နေ့က စပြီး ယာယီရပ်နားသွားပါမယ်။ ဗီဇာထုတ်ပေးခဲ့တဲ့ အချိန်အတွင်းမှာ ဘယ်နိုင်ငံက ဘယ်လူမျိုးတွေဝင် လာတယ်။ နိုင်ငံတော်အတွက် ၀င်ငွေက ဘယ်လိုရှိတယ် စသဖြင့် ဆိုက်ရောက်ဗီဇာနဲ့ ပတ်သက်တဲ့ အချက်တွေကို ပြန်သုံးသပ်ဖို့ရှိတဲ့ အတွက် သုံးသပ်နေတဲ့အချိန်အတွင်းမှာ ဆိုက်ရောက်ဗီဇာထုတ်ပေးမှုကို ခဏရပ်ထားတာ ဖြစ်ပါတယ်" ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

၎င်းကပင်ထပ်မံ၍ " ဘယ်အချိန်မှာ ပြန်ပြီး ဆိုက်ရောက်ဗီဇာ ပေးမလဲဆိုတာကတော့ မသိပါဘူး။ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ရပ်ထားတဲ့ ကာလအတွင်းမှာတော့ အရင်လိုပဲ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီးရင် ဗီဇာပေးမှာ ဖြစ်ပါတယ်။" ဟု ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံနှင့် နိုင်ငံတကာသို့ ချိတ်ဆက်ပျံသန်း ပြေးဆွဲလျက်ရှိသည့် နိုင်ငံတကာလေကြောင်း လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း" ဒီလကုန်ကစပြီး ဆိုက်ရောက်ဗီဇာ ထုတ်မပေးတော့ဘူးလို့ သိရတယ်။ ဘာကြောင့်လဲ ဆိုတာကိုတော့ အခုချိန်ထိ သေချာမသိရသေးပါဘူး။ အနည်းဆုံး နှစ်လလောက်တော့ ရပ်ထားမယ်လို့ ကြားရတာပဲ။"ဟု သူကြားသိချက် ကို ပြောပြခဲ့သည်။

ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကြောင့် မြန်မာနိုင်ငံသို့ ယခုနှစ် ခရီးသွားရာသီတွင် ခရီးသွားများ ပိုမိုများပြားလာနိုင်သည့် အနေအထားရှိသည်ဟု သုံးသပ်မှုများရှိခဲ့ရာမှ လက်ရှိတွင်မူ ဗီဇာထုတ်ပေး မှုယာယီရပ်ဆိုင်းမည် ဖြစ်သည့်အတွက် ခရီးသွားများပြားချိန်အမှီ ဆိုက်ရောက်ဗီဇာ ပြန်လည်ထုတ်ပေးရန် မျှော်လင့်နေကြောင်း ခရီးသွားကုမ္ပဏီအချို့ထံမှ သိရှိရသည်။

ဆိုက်ရောက်ဗီဇာ လျှောက်ထားသူများအတွက် ထုတ်ပြန်ထားသည့်အချက်အချို့

- မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုလိုင်စင် ထုတ်ပေးထားသည့် ဟိုတယ်၊ မိုတယ်၊တည်းခိုခန်းများတွင် နေထိုင်လည်ပတ်မည့်သူဖြစ်ရမည်။ တည်းခိုမည့် လိပ်စာကို အတိအကျဖော်ပြရမည်။

- ဆွေမျိုးများ၊ မိတ်ဆွေများ၏ နေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံအပါအ၀င် တည်းခိုရန်နေရာရှိသူများ အနေဖြင့် လက်ခံမည့်သူ၏ လိပ်စာကို အတိအကျ ဖော်ပြရမည်။

- မိဘ၏ နိုင်ငံကူးလက်မှတ်၌ ပူးတွဲပါရှိသော အသက် ၇ နှစ်အောက် ကလေးများကို မိဘနှင့်အတူ အခမဲ့ခွင့်ပြုသည်။ သီးခြားပတ်စ်ပို့ ကိုင်ဆောင်သူ အသက် ၇နှစ်အောက် ကလေးများကို ဗီဇာကြေးအခမဲ့ခွင့်ပြုမည်။

- တစ်ဦးချင်း လာရောက်လည်ပတ်သူ ဖြစ်ပါက ကိုယ်ပိုင်ငွေအနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀၀ ပါရှိကြောင်း တင်ပြနိုင်ရမည်။ မိသားစု အလည်အပတ် လာရောက်ခြင်းဖြစ်ပါက အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၀၀ပါရှိကြောင်း တင်ပြနိုင်ရမည် (သို့မဟုတ်) အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီမျှသော နိုင်ငံခြားသုံးငွေကို တင်ပြနိုင်ရမည်။

- ခွင့်ပြုချက်မရှိသော ကန့်သတ်နယ်မြေများကို သွားရောက်ခြင်းမပြုရ။ ဆိုသော ထိုသတင်းအား news-eleven. ဂျာနယ်တွင် ဖော်ပြထားပါသည်.။