ရန်ကုန်မြို့၏ သန့်ရှင်းမှုကျဆင်းလာခြင်းတွင် အမှိုက်ကို စီမံခန့်ခွဲ၍ စွန့်ပစ်မှုမရှိခြင်းလည်း ပါဝင်နေပြီး အမှိုက်ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု သာမက လေထု၊ ရေထုညစ်ညမ်းမှုများကိုပါ ကြုံတွေ့လာရကြောင်း သတင်း ရရှိပါသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏မြို့တော် ဖြစ်ခဲ့ပြီး ယခင်ကတည်းက လူဦးရေများပြားခဲ့ကာ ယခုနောက်ပိုင်းတွင်မူ မြို့ပြသို့ပြောင်းရွှေ့ နေထိုင်ကြသူများ၏ အဓိကရွေးချယ်ရာ မြို့ကြီး ဖြစ်လာသည့်အတွက် လူဦးရေသိပ်သည်း ထူထပ်မှုပိုမိုလာသည်ဟု သိရှိရသည်။
"ရန်ကုန်မြို့နေလူထု စွန့်ပစ်တဲ့အမှိုက်က အော်ဂဲနစ်များပါတယ်။ အော်ဂဲနစ်ဆိုတာက သက်ရှိသတ္တ၀ါ တွေကို မွေးဖွားနိုင်တဲ့အရာဖြစ်ပြီး ဘက်တီးရီးယားတွေ တစ်ဆင့်ပြန်လည် ပေါက်ဖွားမှု များစေတယ်။ လေ့လာထားသလောက် စွန့်ပစ်အမှိုက်တွေထဲမှာ အော်ဂဲနစ်ပါဝင်မှုရာခိုင်နှုန်း ၅၀ အောက်ပဲရှိတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေပါ။ မြန်မာနိုင်ငံကတော့ ရာခိုင်နှုန်း ၅၀ အထက်မှာ ရှိပါတယ်"ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာလုပ်ကိုင်နေသူ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံသာဖြစ်သည့်အတွက် အမှိုက်ကို စီမံခန့်ခွဲပြီးမစွန့်ပစ်သော နိုင်ငံများတွင် ပါဝင်နေပြီး မီးလောင်တတ်သောအမှိုက်နှင့် မီးမလောင်တတ်သော အမှိုက်များကို ခွဲခြားစွန့်ပစ်မှု မရှိသေးကြောင်း သိရသည်။
အမှိုက်များကို စုပုံသည့်အခါတွင် တစ်လွှာချင်းစီ အထပ်လိုက် စုပုံရပြီးအမှိုက်၏ သာမန်အပူချိန် သည် ၆၅ မှ ၇၅ ဒီဂရီဖာရင်ဟိုက် ရှိကာ စုပုံထားသည့်အမှိုက်များတွင် အောက်ဆုံးရှိ အမှိုက်များသည် အပူချိန်မြင့်တက်လာကြောင်း၊ အပူချိန် ၉၀ ဒီဂရီဖာရင်ဟိုက် ကျော်ပါက အော်ဂဲနစ်တွင် ပါဝင်သည့်ဘက်တီးရီးယားများ ငြိမ်သက်သွားကာ ၁၀၀ ဒီဂရီဖာရင်ဟိုက် ကျော်လျှင်မူ ပြန်ရှင်သန်လာကြကြောင်း သိရှိရသည်။

ပြန်လည်ရှင်သန်လာသည့် ဘက်တီးရီးယားများမှ တစ်ဆင့် မီသိန်းဓာတ်ငွေ့ထွက်ရှိလာပြိး အဆိုပါဓာတ်ငွေ့သည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေနိုင်သည့် ဓာတ်ငွေ့ပင်ဖြစ်ကြောင်း သိရသည်။
"အမှိုက်က ထွက်ရှိတဲ့ မီသိန်း ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လေထုညစ်ညမ်းစေတာထက် ၂၁ ဆပိုပါတယ်"ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသားကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ရန်ကုန်မြို့တွင် ၂၀၀၇ ခုနှစ် အတွင်း နောက်ဆုံးကောက်ယူခဲ့သော အမှိုက်စစ်တမ်းအရ မီးဖိုချောင်ထွက် အမှိုက် ၇၃ ဒသမ ၂၇ ရာခိုင်နှုန်း၊ ပလတ်စတစ် ၁၇ ဒသမ ၇၅ ရာ ခိုင်နှုန်း၊ ခြံထွက်အမှိုက် ၃ ဒသမ ၆၆ ရာခိုင်နှုန်း၊ စက္ကူ ၂ ဒသမ ၁၄ ရာခိုင်နှုန်း၊ အ၀တ်စ ၁ ဒသမ ၁၄ ရာခိုင်နှုန်း၊ သတ္တု ၀ ဒသမ ၂ ရာခိုင်နှုန်း၊ ဖန်အမှိုက် ၀ ဒသမ ၄၅ ရာခိုင်နှုန်း၊ အခြားအမှိုက် ၁ ဒသမ ၂၉ ရာခိုင်နှုန်း အသီးသီးရှိသည်ဟု သိရှိရသည်။
လူတစ်ဦးချင်း၏ အသုံးပြုမှုမှ ထွက်ရှိသည့် နေ့စဉ်စွန့်ပစ်သော အမှိုက်သည် ၀ ဒသမ ၂၈၇ ကီလို ဂရမ်ရှိသည့်အတွက် လူဦးရေထူ ထပ်များပြားလာပြီဖြစ်သည့် ယခုနှစ်များအတွင်း အမှိုက်ထွက်ရှိမှုလည်း ပိုမိုလာခဲ့သည်ဟု သိရှိရသည်။
"နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေမှာ အော်ဂဲနစ်အမျိုးအစား များပြားတဲ့အတွက် မီးရှို့ဖျက်ဆီးလို့ မရနိုင်ဘူး။ မီးရှို့လိုက်ရင် အရည်တွေ ထွက်လာတာနဲ့ အမှိုက်တွေ ပျက်စီးတဲ့အထိ စောင့်ပြီး မီးရှို့ရင်လောင် စာဆီကုန်ကျမှုများတာ စတဲ့ အနေအထားတွေရှိပါတယ်"ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာလုပ်ကိုင်နေသူက ပြောကြားသည်။
ရန်ကုန်မြို့သည် လူဦးရေများပြားခြင်း၊ ကားအစီးရေများပြားလာခြင်း၊ စက်ရုံအလုပ်ရုံများပြားလာခြင်း၊ မီးစက်ကို အသုံးပြုမှုများပြားခြင်း စသည်တို့ကြောင့် မီးခိုးငွေ့များမှတစ်ဆင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများလည်း ကြုံတွေ့နေရကာ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပေးသည့် သစ်ပင်များ နည်းပါးလာမှုကြောင့်လည်း အပူချိန်မြင့်တက်မှု၊ ရာသီဥတုပြောင်းလဲမှုများကို ရင်ဆိုင်လာရသည်ဟု သိရှိရသည်။
မီးခိုးငွေ့များကြောင့် လေထု ညစ်ညမ်းမှုများကို ကြုံတွေ့လာရသည့်နည်းတူ လေထုညစ်ညမ်းမှုနှင့် အိုဇုန်းလွှာပျက်စီးမှုကို ကာဗွန်ဒိုင် အောက်ဆိုက် ၂၁ တန်နှင့်ညီမျှ အောင်ဖြစ်စေသော မီသိန်းဖြစ်စဉ်ကို ဖြစ်စေသည့် အမှိုက်များ တိုးပွားလာမှုကလည်း ယင်းညစ်ညမ်းမှုများကို မြင့်တက်လာစေသည်ဟု သိရှိရသည်။
အမှိုက်စွန့်ပစ်မှုစနစ် ထိန်းချုပ်နိုင်မှု အားနည်းသည့်အတွက် ရေစီးရေလာ ကောင်းမွန်ရေးကို အနှောင့်အယှက်ဖြစ်စေခြင်း၊ မြောင်းများ ပိတ်ဆို့မှုမှတစ်ဆင့် ရေလျှံမှုကို အလွယ်တကူ ဖြစ်ပေါ်စေခြင်းများကို ရန်ကုန်မြို့နေ လူထုတွေ့ကြုံရမှုများ ရှိကာ ရန်ကုန်မြို့သည် လွန်ခဲ့သော နှစ်များကထက် သန့်ရှင်းမှုကျဆင်းလာပြီး ယခင်က စိမ်းလန်းသော၊ သန့်ရှင်းသော မြို့တော်အဖြစ်မှ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်ဟုလည်း ရန်ကုန်မြို့တွင် နေထိုင်သူအချို့က ဆိုပါသည်။
ရေထုအတွင်းသို့ စွန့်ပစ်အမှိုက်များ ရောက်ရှိမှုကြောင့် ရေထုညစ်ညမ်းမှုများလည်းရှိပြီး ယင်းရေထု ညစ်ညမ်းမှုသည် အာဆီယံ သတ်မှတ်စံနှုန်းထက် များပြားနေကြောင်း၊ လေထုညစ်ညမ်းမှုသည်လည်း အာဆီယံ စံနှုန်းထက် များပြားနေကာ အမှိုက်များကြောင့် မြေထုညစ်ညမ်းမှုများကိုလည်း ကြုံတွေ့လာရကြောင်း သိရသည်။
"အရင်ကတော့ လူနည်းပြီး အိမ်တွေက အလှမ်းဝေးကြတယ်။ အခုနောက်ပိုင်းတော့ လူနေထူထပ်လာတယ်။ ရေဆိုးပြဿနာတွေ ကြုံလာရတယ်။ အိမ်သာနဲ့ရေတွင်း အိမ်ရှေ့၊ အိမ်နောက်ဆိုတာတွေ မလုပ်နိုင်ကြတော့ဘူး။ တိုက်ခန်းတွေမှာ နေလာကြရတယ်။ မြေကြီးထဲကို ရေဆိုးစိမ့်ဝင်မှုများတော့ အ၀ီစိတွင်းရေ၊ ကန် ရေတွေတောင် သောက်သုံးလို့ မသင့်တာတွေရှိလာတယ်" ဟုရေသန့်စနစ် နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦး က ပြောကြားသည်။
ရန်ကုန်မြို့နေသူများသည် နေ့စဉ်စွန့်ပစ်အမှိုက်များကို လမ်းများ၌ အခကြေးငွေဖြင့် သိမ်းဆည်းပေးသည့် လှည်းများသို့ စွန့်ပစ်ခြင်း၊ လမ်းများဘေးရှိ အမှိုက်ပုံနေကျနေရာများသို့ ညဘက်အချိန်များတွင် သွားရောက်စွန့်ပစ်ခြင်းများ ပြုလုပ်နေကြသဖြင့် အဆိုပါနေရာဝန်းကျင်၏ မြင်ကွင်းများကို ရုပ်ဆိုးစေသည်ဟု သိရှိရသည်။
"မီသိန်းက အိုဇုန်းလွှာကို ပျက်စီးစေတယ်။ မီးလောင်မှုကို အားပေးတယ်။ တချို့အမှိုက်ပုံတွေမှာ မီသိန်းကြောင့်အလိုအလျောက် မီးလောင်နေစေတယ်။ တချို့အမှိုက်ပုံတွေထဲမှာ လှိုက်ပြီး မီးလောင်နေတယ်" ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာလုပ်ကိုင်နေသူ အင်ဂျင်နီယာတစ်ဦးက
news-eleven ဂျာနယ်အားပြောကြားခဲ့ဟု ထိုဂျာနယ်တွင်ဖော်ပြထားပါသည်။