15 June 2010

ပန်းချီဆရာ(၆ဝ)ကျော် ပါဝင်ပြသကြမယ့် သန်းမြင့်အောင် အမှတ်တရ ပန်းချီပြပွဲ


(၁၁၊၆၊၂ဝ၁ဝ)ရက် ဆိုရင် ပန်းချီ သန်းမြင့်အောင် ကွယ်လွန်ခဲ့တာ တစ်လတိတိရှိပြီ ဖြစ်ပါတယ်။ ပန်းချီသန်းမြင့်အောင် တစ်လပြည့် အမှတ်တရ အနေနဲ့ သူ့ကိုချစ်တဲ့ ခင်တဲ့ မိတ်ဆွေ ပန်းချီဆရာများစုစည်းပြီး (၁ဝ၊၆၊၂ဝ၁ဝ) ရက်ကနေ (၁၅၊၆၊၂ဝ၁ဝ) ရက်အထိ ဗိုလ်ချုပ်အောင်ဆန်း ဈေးမှာရှိတဲ့ မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များ အစည်းအရုံး (ဗဟို)၊ ပန်းချီ၊ပန်းပု အရောင်းပြခန်းမှာ ပန်းချီပြပွဲ တစ်ခု ခင်းကျင်းပြသကြမှာ ဖြစ်ပါတယ်။

ဒီပြပွဲမှာ ပါဝင်ပြသကြတဲ့ ပန်းချီဆရာ အများစုဟာ သန်းမြင့်အောင်ကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ ပြပွဲကြေးပေးပြီး ပြသကြတာ ဖြစ်ပြီး ရောင်းရငွေထဲက အချိုးကျ စုပေါင်းပြီး ကျန်ရစ်နေခဲ့တဲ့ မိခင်၊ ဖခင်အိုနှစ်ပါးကို စုပေါင်း လှူဒါန်းကြမယ်လို့ ဆိုပါတယ်။ နေရာဌာနအသီးသီးမှာ နာမည်ကိုယ်စီ ရှိကြပြီးဖြစ်တဲ့ ပန်းချီဆရာ (၆ဝ)ကျော်ရဲ့ ပန်းချီကား (၁ဝဝ)ကျော်ကို ခင်းကျင်း ပြသကြမယ်လို့ သိရပါတယ်။

နေရာတစ်ခုတည်းမှာ ပန်းချီဆရာ အစုံ၊ လက်ရာအစုံ ကြည့်ရမယ့်ပွဲမို့ ပန်းချီချစ်သူများ မကြည့်မဖြစ် ကြည့်သင့်တဲ့ ပွဲတစ်ပွဲလို့ ဆိုပါရစေ။ ပြပွဲချိန်ကတော့ တနင်္လာနေ့ကလွဲလို့ နေ့စဉ်နံနက် (၉)နာရီကနေ ညနေ (၅)နာရီအထိပြသသွားမည်ဟု လျှပ်တပြက်ဂျာနယ်တွင်ဖော်ပြထားပါသည်.။