13 June 2010

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်(AAPP)နှင့် (FDB)မှမြန်မာ့အရေးလှုပ်ရှားသူများနှင့်(AAPP)ရုံးတွင်တွေ့ဆုံ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု လူဦးရေထိန်းညှိရေး၊ ဒုက္ခသည် အရေးနဲ့ ရွှေ့ပြောင်းအလုပ်သမား အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဲရစ်ရှက်ဝပ်ဇ်နဲ့ အဖွဲ့ဟာ ဇွန်လ ၁၂ ရက်နေ့က နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်အသင်း (အေအေပီပီ)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ) က ခေါင်းဆောင်တွေနဲ့ အေအေပီပီရုံးမှာ တနာရီနီးပါးကြာ တွေ့ဆုံခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ရောက်ရှိလာတဲ့ မစ္စတာရှက်ဝပ်ဇ်နဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်သားတွေရဲ့ အခြေအနေနဲ့ ပြည်ပကို ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်သားဟောင်းတွေရဲ့ အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ကြောင်း အေအေပီပီ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။


အမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဲရစ်ရှက်ဝပ်ဇ် နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်အသင်း (အေအေပီပီ) ပြခန်းသို့ ၂၀၁၀ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က သွားရောက်လေ့လာစဉ်။ (Photo: RFA)

“နိုင်ငံရေးအကျဉ်သားတွေရဲ့ အကျဉ်ထောင်တွေကို ထင်ဟပ်တဲ့ ပြခန်းလေး ရှိတယ်။ အဲဒီပြခန်းကို နိုင်ငံခြားရေးဝန်ကြီးကို ပြတယ်။ အထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ နောက် နိုင်ငံရေးအကျဉ်သားတွေ ခံစားနေရတဲ့ အခြေအနေတွေကို ရှင်းပြတာ ရှိပါတယ်။ အဲဒီ့အပြင်တော့ ကျနော်တို့ ပြင်ပကိုရောက်နေတဲ့ နိုင်ငံရေးအကျဉ်သားဟောင်းတွေ၊ အဲဒီ နိုင်ငံရေးအကျဉ်သားဟောင်းတွေဟာ ဒုက္ခသည်စခန်းတွေမှာ တကယ်ကို ဒုက္ခအသီးသီး ရောက်နေကြတာ ရှိတယ်။ ဒီလူတွေကို ဖြစ်နိုင်သမျှတော့ အမေရိကန်ကိုပဲဖြစ်ဖြစ်၊ တခြား နိုင်ငံတခုခုကိုပဲ ဖြစ်ဖြစ် ပြန်လည် နေရာချထားရေးအတွက် အမြန်ဆုံး ခေါ်ဆောင်ဖို့ဆိုတာမျိုးကို ကျနော်တို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်”

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု နိုင်ငံခြားရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခင်ဥမ္မာကလည်း သူဆွေးနွေး ခဲ့တာတွေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေ တည်ငြိမ်အောင် ပြောင်းလဲအောင် မလုပ်နိုင်ဘူး၊ ဒီမို ကရေစီ အပြောင်းအလဲဖြစ်အောင် မလုပ်နိုင်ဘူးဆိုရင် ဒီလိုမျိုး ပြည်သူတွေရဲ့ ဒုက္ခရောက်နေတဲ့ ပြဿနာတွေက ပိုဆိုးလာမယ်။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲသာ နအဖက ဖြစ်အောင် လုပ်သွားလို့ရှိရင်တော့ အဲဒီ ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလမှာ ကျမတို့နိုင်ငံ ပြည်သူတွေက ဒီလိုမျိုး ဒုက္ခတွေ ဆက်ပြီးတော့မှ ပိုတောင်မှ ဆိုးဆိုးဝါးဝါး ကြုံလာရမယ်။ အဲဒီ အခြေအနေတွေက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကိုပါ ပျက်ပြားစေမယ့် အနေအထားတွေဖြစ်တယ် ဆိုတဲ့ဥစ္စာတွေကို ကျမတို့ တင်ပြခဲ့ပါတယ်”

ဒီလို ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ လက်ထောက်ဝန်ကြီး အဲရစ်ရှက်ဝပ်ဇ်က ဘာမှ ကတိပေးတာမျိုးတော့ မရှိဘူးလို့လည်း မခင်ဥမ္မာက ပြောပါတယ်။

သတင်းရင်းမြစ်..RFA