24 April 2010

ယတြာတွေချေပြီး မန်းမှုတ်နေပြီ .....

ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့က စစ်အစိုးရရဲ့ ကြပ်ပြေးနေပြည်တော်မှာ ရဟတ်ယာဉ်နဲ့ လှည့်လည်ပြီး နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်ရေ ပက်ဖြန်းခြင်း ပြုလုပ်ခဲ့ပါတယ်။ တပြည်လုံးအတိုင်းအတာနဲ့ မဟုတ်ပဲ ကြပ်ပြေးနေပြည်တော် တစ်ခုတည်းကိုသာ ကွက်ပြီးပြုလုပ်ခြင်းဟာ မြန်မာပြည်သူ၊ ပြည်သားတွေအတွက် အင်မတန်မှ ခံပြင်းစရာ ဖြစ်ခဲ့တယ်လို့ ပြည်တွင်းက ဝေဒပညာရှင် တစ်ဦးမှ ပြောကြားခဲ့ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ် ရည်ရွယ်ချက်နဲ့ စေတနာ မမှန်တာရယ်၊ မိမိနေရာဋ္ဌာန တစ်ခုတည်းကိုသာ ကြည့်ရှုတတ်ပြီး ဘယ်သူတေတေ ငတေမှာ ပြီးရောဆိုတဲ့ လုပ်ရပ်ဟာ အကျိုးပေးမှု ဘာမှဖြစ်လာမှာ မဟုတ်ကြောင်း ပြောဆိုသွားပြီး လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သုံးသပ်တင်ပြသွားပါတယ်။

" ဒီနှစ်ဆန်းတစ်ရက်နေ့က ရဟတ်ယာဉ်နဲ့ ပရိတ်ရွတ်သွားတာနဲ့ ပတ်သတ်ပြီး ပြည်သူတွေကတော့ တော်တော်ပြောဆိုကြတာပေါ့... တကယ်တန်း ပြည်သူတွေအတွက် တနိုင်ငံလုံးအတွက် မလုပ်ပဲ အာဏာရှင်ဆန်ဆန် အတ္တဆန်ဆန် လုပ်သွားတာဟာ ရည်ရွယ်ချက် စေတနာတော်တော် ညံ့ဖျင်းနေပါတယ်။ ဒီအစိုးရဟာ ၂၀၁၀ကိုတော်တော်လေးလန့်နေပြီလေ။ ၂၀၁၀ နှစ်စမှာ နေကြတ်သွားတာ နောက် သင်္ကြန်အကြတ်နေ့က ဗုံးပေါက်ကွဲမှုတွေ နောက်...သူတို့နေပြည်တော် ဆိုတာ မူလနေရာက ကြပ်ပြေးလေ ကြပ်ရင်ပြေးရမယ် ဆိုတဲ့ပညတ်တွေ ပါနေတယ်။ ပညတ်သွားရာ ဓာတ်သတ်ပါဆိုသလိုပေါ့။ နေကြတ်သွားတာ ၂၀၁၀ခုနှစ် ၁လပိုင်း ၁၅ရက်နေ့ နောက်သင်္ကြန်အကြတ်နေ့က ဗုံးပေါက်တာ ကလည်း ၄လပိုင်း ၁၅ရက်နေ့ လေ့လာကြည့်ပေါ့။ နေကြတ်တာ တခါတခါမှ ဖြစ်တတ်လို့ နှစ်လရက် ပေါင်းကြည့် ၁၀ရတယ်။ သင်္ကြန်က နှစ်စဉ်ရှိတယ် ဆိုတော့ ၄လနဲ့ ၁၅ရက်ပေါင်းကြည့် ၁၀ပဲရတယ်။ ၂၀၁၀မှာ နေကြတ်သွားကတည်းက သူတို့ခေါင်းကိုက်နေတာ ... ။
Photobucket
ဒီတော့ နိုင်ငံတော် အကြီးအကဲဆိုသူရဲ့ နာမည်ကလည်း ပေါင်းကြည့်ပါ။ (သန်း ၆၊ ရွှေ ၄=၁၀) ရဟန်း(၆+၄) ရဟတ်(၆+၄) ဝေဟင်(၆+၄) နေပြည်တော်(၇+၅+၇=၁၉) ၁၀တွေရနေတယ်။ ဒါကြောင့်နေပြည်တော်မှာ ရဟန်း၊သံဃာတွေကို ပင့်ပြီးယတြာချေသွားတယ်လို့ မြင်တယ်။ ဆရာ့လိုပဲ ဒီကဝေဒပညာရှင်တွေလည်း သိနေကြတယ်။ နောက် ၉ဂဏန်း နာမည်ကိုရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည် (၁+၃+၃+၂)ရဲ့ မွေးဂဏန်း ၁၉ရက်နေ့ကလည်း ၁၀ဆိုတော့ ဒီအတွက် ရအောင် ယတြာတွေ ချေနေတာလေ။ နောက်သူတို့ရဲ နေပြည်တော်ဆိုတဲ့နာမည်မှာ စနေနံနှစ်ခုကြားမှာ ကြာသာပတေး ရောက်နေတာ ဓမ္မာသောက၊ အင်းဝရာဇာ ဆိုတဲ့အတိုင်း နာမည်ကရန်ဖက် ကျနေတယ်။ ဒီနှစ်သင်္ကြန်နဲ့ ပတ်သတ်ပြီး ဆရာပြောထားဘူးပါတယ်။ ရဟတ်ယာဉ်နဲ့ပဲလုပ်လုပ် အာကာသထဲမှာ လွန်းပျံယာဉ်နဲ့ပဲလုပ်လုပ်.. ယတြာချေတာ ကောင်းကျိုးလိုအင် ဆန္ဒအတွက်ဆို အကျိုးပေးတယ်ဆိုတာ.. အခုဟာက မိမိအကျိုးတစ်ခုအတွက်ပဲ ကြည့်ပြီး တိုင်းသူပြည်သားတွေ ကောင်းရာကောင်းကျိုးအတွက် မလုပ်ပဲ အတ္တကြီးပြီး ကိုယ်နဲ့ကိုယ်အပေါင်းအပါ အကျိုးတခုအတွက်ပဲ ကြည့်ပြီးလုပ်တဲ့ အလုပ်ဟာ စေတနာနဲ့ ရည်ရွယ်ချက် မမှန်လေတော့ ကောင်းကျိုးထက် ဆိုးကျိုးကများနေပြီ။ ဒီနှစ်ထဲမှာတော့ အကောင်းထက် အဆိုးတွေများနေတဲ့ နှစ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ့်နှစ်လို့ပဲ ဆရာပြောချင်ပါတယ်။ ပြည်သူတွေ အနေနဲ့က တစ်ယောက်နဲ့ တစ်ယောက် မေတ္တာတရားထားကြပါ.. ညီညွတ်ကြပါလို့ ဆရာပြောချင်ပါတယ်"...ဟု ပြောဆိုသွားပါတယ်။

ပြည်တွင်းက နာမည်ကြီး ဝေဒပညာရှင် တစ်ဦး ပြောဆိုသွားတာပါ.. ကဗျာဆရာ ကိုကောင်းကင်ကိုရဲ့ အငိုဒုက္ခတိုင်းပြည် ကဗျာထဲက စာသားလေးနှစ်ကြောင်းလို ယတြာတွေချေပြီး မန်းမှုတ်နေပြီ ဖြုတ်ဦးနှောက်တွေ အရမ်း... လုပ်နေပြီ ဆိုတာလိုပါပဲ။ လူတိုင်းကိုယ်လုပ်ခဲ့တဲ့ စေတနာ အကောင်း၊ အဆိုးဟာ ကိုယ့်ဆီပြန်လာစမြဲပဲ ဖြစ်ချင်တန်တဲ့ အချိန်မှာ ဖြစ်တယ်ဆိုပြီး မာန်တတ်လုပ်ချင်တိုင်း လုပ်ခဲ့ကြပြီး ပျက်ချိန်တန်ရောက်မှ ပျက်မှာကို ကြောက်ရွံပြီး မိုးကြိုးပစ် ထန်းလျက်နဲ့ကာဖို့ မဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

ဒီမိုဝေယံ....
အောက်မှာ ကြပ်ပြေးနေပြည်တော်ဝန်းကျင် ဗီဒီယိုဖိုင်တွေ တင်ပြလိုက်ရပါတယ်။

ကြပ်ပြေးတစ်ခွင် လှည့်လည်စဉ်
စေတနာ ကောင်းမကောင်း ကြပ်ပြေးမှာတော့ ထိန်ထိန်ညီးတဲ့ လျှပ်စစ်မီး၊ ပြည်သူတွေမှာတော့ မှိန်မှိန်ငြီးငွေ့နေရတဲ့ ဖယောင်းတိုင်မီး၊