22 April 2010

ရွှေတိဂုံစေတီပေါ်သို့ အေးချမ်းစွာ ဘုရားဖူးလာကြသော ပြည်သူများပါမချန် နအဖလုံခြုံရေးများက ဖောက်ခွဲရေးပစ္စည်းများကို သဲသဲမဲမဲ ရှာဖွေလျက်ရှိ။


(၂၀၁၀) သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ X20 မဏ္ဏပ် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင်း ရှာဖွေရေးစီမံချက်ကို အပူတပြင်း လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၃) ဦး သေဆုံးပြီး လူပေါင်း (၁၇၀) ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု နအဖ၏ သတင်းထုတ်ပြန်ရေးဌာနဖြစ်သော မြန်မာ့အသံ (အသံလွှင့်ဌာန)၊ ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့မှ သတင်းဖော်ပြခဲ့သည်။ ပြည်ပရောက် အဖွဲ့အစည်းများနှင့် ပြည်တွင်းသောင်းကျန်းသူများ၏ လက်ချက်ဟုလည်း နအဖက တိုက်ရိုက်စွပ်စွဲပြောဆိုခဲ့ပါသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေမှာ (၄၅) ဦး ရှိပြီး၊ ရန်ကုန်ဆေးရုံကြီး (ဦးနှောက်နှင့်အာရုံကြောဌာန) တွင် အတွင်းလူနာအဖြစ် (၈) ဦး တက်ရောက်ဆေးကုသမှု ခံယူနေလျှက်ရှိပါသည်။ ဒဏ်ရာရသူဦးရေမှာ (၂၀၀) ကျော်ရှိကြောင်း ရန်ကုန် ဆေးရုံကြီး (၅/၆) တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်လောင်းတစ်ဦးမှ ပြောကြားခဲ့ပါသည်။ နအဖ၏ အမှတ် (၄) စစ်ဒေသမှုး ဗိုလ်မှုးကြီးအုံးချိုအား စင်္ကာပူနိုင်ငံရှိ ဆေးရုံသို့သွားရောက်ဆေးကုသခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကြားသိရပါသည်။

ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေးဖိုးလပြည့်(ခ) နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး၊ ၄င်းတို့ နအဖအတွင်းရှိ သူ မကျေနပ်သော ဗိုလ်ချုပ်များ၏ သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း ခိုင်လုံတိကျသေချာသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။

နအဖ စစ် အစိုးရမှ ယင်းဗုံးပေါက်ကွဲမှု သတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များတွင် အကျယ်တ၀င့်ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ ဂျာနယ်မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်းနေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့် မသက်ဆိုင်၊ မိမိတို့တွင် တာဝန်မရှိ ၊ မိမိတို့၏ လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏ ကာကွယ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆိုဝေဖန်လျှက်ရှိပါသည်။

ရန်ကုန်မြို့နေရာအနှံ့အပြားတွင်လည်း ရှာဖွေရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေပြီး၊ ဗုံးဖေါက်ခွဲသူအားဖမ်းဆီးမိပါက ဆုငွေ (၁၀) သိန်းဆုချမည်ဆိုသည့် ကြော်ငြာစာများကိုလည်း လမ်းဆုံလမ်းခွများတွင် ရယကများ ၊ စွမ်းအားရှင်များကလိုက်ကပ်နေကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ပါသည်။

ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သော လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်သို့ လာရောက်ကြသူ ဘုရားဖူးပြည်သူများကိုလည်း မုခ်ဦးအပေါက်ဝများမှနေ၍ နအဖ လက်အောက်ခံ လုံခြုံရေးများ၊ အရပ်ဝတ် စရဖ ထောက်လှမ်းရေးများမှ အိတ်သွန်ဖာမှောက် သဲသဲမဲမဲ ရှာဖွေစစ် ဆေးလျှက် ရှိပါသည်။ နအဖ၏လုပ်ရပ်များသည် ကလေးနှင့် ခွေးများကပင် ယုံကြည်မှုမရှိ၊ ရွံ့မုန်းလျှက်ရှိကြောင်း လူတိုင်းလူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစား ပြစ်တင်ဝေဖန်သံများစွာ ဆူညံ၍ ထွက်ပေါ်နေပါတော့သည်။

(သတင်း - ဘားမားပါပါရာဇီ)။