19 April 2010

မြစ်ရေ တိုက်စားမှုကြောင့် ပြိုကျပျက်စီးနေသော ကစင်+စေတီတော်များ ပြန်လည်တည်ထား ကိုးကွယ်နိုင်ရန် အကူအညီများ လိုအပ်လျက်ရှိ




လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ၊ ကစင်ဘုန်းကြီးကျောင်းဝင်း လှိုင်မြစ် ကမ်းဘေးတွင် တည်ထား ကိုးကွယ်လျက်ရှိသော ဆုတောင်းပြည့် ကိုးနဝင်း စူဠမုနိ ရှေးဟောင်းစေတီတော်များမှာ လှိုင်မြစ်ရေ တိုက်စားခံရပြီး၊ မြစ်ကမ်းပြိုကာ မြစ်အတွင်းသို့ ပြိုကျ ပျက်စီးနေသောကြောင့် အဆိုပါစေတီတော်များကို ပြန်လည်ဆယ်ယူနိုင်ရန်အတွက် အဘက်ဘက်မှ ဦးစီးဦးဆောင် မတည်မည်။
့်
အလှူရှင်များ လိုအပ်လျက်ရှိကြောင်း အဆိုပါစေတီတော်များကို ပြန်လည်ဆယ်ယူနိုင်ရေး အကျိုးတော်ဆောင် ဦးမွန်လေးက ပြောသည်။


အဆိုပါ ကစင်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးလျက်ရှိသော ရသေ့ကြီး အရှင်တိဿက-
“စေတီတွေ ပြိုကျသွားတာ တစ်နှစ် မပြည့်သေးဘူး၊ နာဂစ်တုန်းကလည်း နည်းနည်းထိသွား သေးတယ်၊ နောက်ပိုင်း ကမ်းပါးတွေက တဖြည်းဖြည်း ပြိုလိုက်လာတော့ သက်ဆိုင်ရာကို အကြောင်းကြားတယ်၊ အဲဒီမှာ သက်ဆိုင်ရာက သိန်းလေးရာနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ကမ်းဆယ်တာတမံ ဆောက်ဖို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ အင်္ဂတေနဲ့ တာတမံတွေ လုပ်နေရင်း မပြီးသေးခင်မှာ ကမ်းပြန်ပြိုကျသွားခဲ့တယ်၊ အဲဒီမှာတင် ကမ်းဘေးမှာ တည်ထားတဲ့ စေတီတွေအကုန်လုံး မြစ်ထဲပြို ကျသွားတယ်” ဟု မိန့်ကြားသည်။


ယခုအချိန်တွင် အဆိုပါစေတီတော်များ မပျက်စီးခင် ပြန်လည်ဆယ်ယူနိုင်ရန် အရေးကြီးကြောင်း သက်ဆိုင်ရာမှလည်း အဆိုပါ ကမ်းကို ပြန်လည်ဆယ်ယူကာ တာတမံအသစ် ထပ်မံ တည်ဆောက်ရန် ယခုလ အတွင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ကမ်းပါးဆယ်ယူသော်လည်း ရေမြုပ်နေသော စေတီတော်များ ပြန်လည်ဆယ်ယူနိုင်ရေးမှာ စက်အင်အား၊ လူအင်အား၊ ဓနငွေကြေး အင်အားများစွာ လိုအပ်နေသေးကြောင်း အကျိုးတော်ဆောင်အဖွဲ့က ပြောပြသည်။


“ကျွန်တော်တို့ ရှိတဲ့ လူအင်အား၊ စက်အင်အား နဲ့ စေတီတော်တွေကို သယ်တော့သယ်ကြည့်မယ်၊ ရ မရတော့ မပြောတတ်ဘူး၊ စေတီတော်တွေကို ချိန်းဘလောက်တွေနဲ့ ဆွဲတင်ကြည့်မယ်၊ ကျွန်တော်နဲ့ သိကျွမ်းတဲ့ လုပ်ငန်းရှင်တချို့ကိုလည်း အကူအညီတောင်းတယ်၊ တတ်နိုင်သလောက်ပေါ့၊ ခုချိန်မှာတော့ လူအင်အား၊ စက်အင်အားနဲ့ အဘက်ဘက်က အကူအညီတွေ အများကြီး လိုအပ်နေသေးတယ်” ဟု အကျိုးဆောင် ဦးမွန်လေးက ပြောသည်။


အဆိုပါ စေတီတော်များကို ပြန်လည်တည်ထား ကိုးကွယ်နိုင်ရန်အတွက် အဘက်ဘက်မှ အကူအညီများ လိုအပ်နေသောကြောင့် အဆိုပါစေတီတော်များ ရေထဲမှ ပြန်လည် ဆယ်ယူနိုင်ရေးအတွက် လှူဒါန်းလိုသူ စေတနာရှင် ကုသိုလ်ရှင် များအနေဖြင့် အဆိုပါဘုန်းကြီးကျောင်းမှ အရှင်ဦးကေလာသ၊ ဖုန်း ၆၆၁၅၁၈ ထံသို့ ဆက်သွယ် စုံစမ်းလှူဒါန်းနိုင်ကြောင်း သိရသည်။

ရင်းမြစ်...ecovisionjournal