13 March 2010

မတ်လ သူရဲကောင်းများသို့ အမှတ်တရ



ကျောင်းသားအတ္ထုပ္ပတ္တိ


(၁)

မင်းရဲ့ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်။
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တခေတ် မင်းအောင်မြင်စေကွယ်။
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း……..ကောင်းရာသုဂတိလားပါစေ……..လို့
ငါတို့ ရဲ့သွေးတစက်ကို
ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ… မို… က… ရေ… စီ….
ဒီမိုကရေစီ…..လို့ ဆိုလိမ့်မယ်။

ညီလေးရယ်……………….
ရနိုင်မယ်ဆိုရင်
မင်းရဲ့အရိုးတမှုန်ကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားသခင်ကို ပြကြည့်ချင်တယ်။
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်။
မင်းဟာ အာဇာနည်လေးဖြစ်တယ်။
မင်းဟာ……..
ဗမာကျောင်းသားလေး… ဖြစ်တယ်လေ။

(၂)

ရေငတ်သလို ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး” ဟာ
အကျဉ်းထောင်ထဲမှာ…..
သင်္ချိုင်းမြေမှာ……
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ………… ရှိနေတယ်။
မင်း… စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်….
မင်းအတွက်….
“နောက်ထပ်စာအုပ် အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု…
ဖောင်တိန်မလုံလောက်မှု…
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု… စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကိုနှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ…
ခွပ်ဒေါင်းရဲ့ တကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့………………..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ။

(၃)

ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာ မနက်ဦးများမှာ
ဒို့ ကမ္ဘာကို ပြန်လာဦးမှာလား…ဟင်…
“ အမျိုး၊ ဘာသာ၊ သာသနာ အတွက်
သားနှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်နဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုတ်ထားတယ်…
မင်းရဲ့မေမေဟာ
အခန်ထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် (လု) နေရှာတော့မယ်။

“ကောင်မွန်စွာ
သင်္ဂြိုလ်ပြီးစီးပါကြောင်း” …. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့အထ္တုပ္ပတ္တိဟာ
အတောင်ပံပါတယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာ ဘ၀အဆက်ဆက်မှာ
မင်း…. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ်…။

(၄)

အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေး ခေတ်ဒဏ်သင့်နေရှာတယ်…
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး” ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆို
ရဟန္တာဖြစ်တဲ့ထိ လိမ္မာမယ်”
ဒါပေမယ့်………………………
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်…………။

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ် ဖြစ်ချင်တဲ့
စစ်မြင်းကလေးလို
မင်းဟာ…………..
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ညီလေးရေ…
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံတွေ
မင်း… ရောက်ရာအရပ်က ကြားပါစေ….

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်“ တော့နော်
မင်း စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့ တည်ဆောက်တဲ့ အုတ်ဂူတလုံး
တလောကလုံး လင်းစေသားကွယ်
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်း ကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့
ငါတို့ အောင်မြင်မှာပါ………….
ဗမာပြည်အတွက် လိုအပ်တဲ့
“လူအခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ…
စစ်မြင်းတွေ ပြိုင်လာပြီ…
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ…..
ညီလေးရေ
ငြိမ်းချမ်းစွာ….
အေးမြစွာ….
သန့်ရှင်းစွာ…..
နောင်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့ တလူလူ ကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလိုပန်လို့ … လှလို့ …
သြော်…………………..
ဒေါင်းအလံကို ပန်းလိုပန်လို့ …………
လှလို့ ပါပဲ…………………ညီလေးရယ်…။


( ရွှေဘုန်းလူ )