09 March 2010

တပ်မတော် မှတ်တမ်းရုံး မီးလောင်....

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ တပ်မတော် မှတ်တမ်းရုံးဝင်းရှိ အဆောက်အအုံ နှစ်လုံး ယခုလ ၆ ရက်နေ့ နေ့ခင်းပိုင်းတွင် မီးလောင်ခဲ့ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့ အဆိုအရ သိရသည်။

''မီးလောင်တာတော့ ပေါ့ဆမီးပါပဲ။ အဲဒီမှာက စစ်တပ်မိသားစုတွေပဲ နေတာလေ။ ဝန်ထမ်းအိမ်ယာလိုမျိုးပေါ့။ အဆောက်အအုံ ဟောခန်းအကျယ်ကြီးထဲမှာ အခန်းတွေကန့်ပြီးတော့ နေတာ။ မီးဖိုချောင်မှာ မီးကျန်နေတာက စလောင်တာပါ။ မိသားစုတွေကတော့ များတယ်။ ဆယ်ဂဏန်းလောက်တော့ ရှိတယ်'' ရန်ကင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျတဦးက ပြောသည်။

ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ အရာရှိက မီးလောင်သည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုသော်လည်း ဆုံးရှုံးမှုတန်ဖိုး မပြောဘဲ၊ အနည်းငယ်သာ မီးလောင်ခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါ မှတ်တမ်းရုံးရှိ မြဝတီ ရုပ်မြင်သံကြားဌာနခွဲမှ ဝန်ထမ်းတဦးအဆိုအရ မီးလောင်သဖြင့် ရန်ကုန်တိုင်း မီးသတ်ဌာနမှ ကားများ ရောက်ရှိလာကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ သတင်းမပြန့်ရန် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ပိတ်ပင်ထားကြောင်း သိရသည်။

သတင်းရင်းမြစ်.။(မဇ္ဈိမ)။