08 March 2010

ဗုဒ္ဓမြတ်စွာဘုရားဆင်းတုတော်တွင် မွှေးညှင်းတော်များ ပေါ်ထွက်လာခြင်း။

မတ်လ(၃)ရက်နေ့ထုတ်ပြည်တွင်းသတင်းစာစောင်တစ်ခုဖြစ်တဲ့WeeklyElevenမှာထူးခြားတဲ့သတင်းတစ်ပုဒ်ကို ဖတ်ရှူလိုက်ရပါတယ်။




ဒီသတင်းကတော့ - သရက်မြို့ ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်း အမှုထမ်းနေအိမ်နေမှာ နေထိုင်နေကြတဲ့ ကျန်းမာရေးဌာန အမှုထမ်းများဖြစ်ကြတဲ့ ဦးခိုင်ထွန်း၊ ဒေါ်အမာမြင့်တို့ရဲ့  နေအိမ်ကျောင်းဆောင်တော်မှာ ကိုးကွယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မှာ အလိုအလျောက် မွေးညင်းတော်များ ပေါ်ပေါက်တော်မူလာကြောင်း သတင်းဘဲ ဖြစ်ပါတယ်။

လွန်ခဲ့သော နှစ် ၂၀ ခန့် ၁၉၉၀ ပြည့်နှစ် ၀န်ထမ်းဘ၀ ပထမဦးဆုံး တာဝန်ကျရာ ချင်းပြည်နယ်၊ မင်းတပ်မြို့ နယ်ကနေ ရရှိခဲ့တဲ့ သရက္ခန်သားနဲ့  ဉာဏ်တော် ခြောက်လက်မခန့်ရှိ ဗုဒ္ဓရုပ်ပွားတော်ကို ထုလုပ်ပူဇော်ခဲ့ကြောင်း၊ ကျန်ခဲ့တဲ့ လ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ မနက်က ဘုရားစင်ကို ရှင်းလင်းစဉ်မှာ အဆိုပါ ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော်တို့မှာ နှစ်စင်တီမီတာ အရှည်ခန့်ရှိတဲ့ မွေးညင်းတော် ခုနစ်ပင် ထွက်ပေါ်နေတာကို ထူးဆန်းစွာ တွေ့ မြင်ရကြောင်း၊ ဒါနဲ့  သက်တော်ရှည် ကျိုက်ဒေးယျုံဆရာတော်ကြီးထံ ပင့်ဆောင်ပူဇော်ထားရှိခဲ့ကြောင်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ထားသူ ဦးခိုင်ထွန်းက ပြောပါတယ်။

ဒီ သရက္ခန်သား ဗုဒ္ဓရုပ်ပွားတော်ကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကစပြီး သရက်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ သံဃာဆေးရုံ ဘုရားခန်းမှာ အနေကဇာတင်မင်္ဂလာပြုလုပ်ပြီး ပူဇော်ထားရှိရာ လာရောက် ဖူးမြော်သူများနဲ့ စည်ကားလျက်ရှိကြောင်း သတင်းအနေနဲ့  ဖေါ်ပြထားပါတယ်။

ယခင်ကလည်း ဗုဒ္ဒရုပ်ပွားတော်တွေမှာ ပျားအုံဖွဲ့ တာတွေ ဓါတ်ပုံတွေနဲ့ တကွ တွေ့ ရှိခဲ့ရပါတယ်။ ယခု ဒီလို ဗုဒ္ဓရုပ်ပွားတော်မှာ မွှေးညင်းတော်တွေ ပေါ်ထွက်လာတဲ့သတင်းနဲ့  ပတ်သက်ပြီး သုံသပ်ချက်များကို ဖေါ်ပြလိုပါတယ်။


(၁) ။

ဒီလို ဗုဒ္ဓရုပ်ပွားတော်မှာ မွှေးညင်းတော်တော်ပေါ်ထွက်တာဟာ - အမွှေးဆိုတာ အသားထဲကနေ ဖေါက်ထွက်ပြီး ပေါ်ထွက်လာတဲ့ သဘာဝကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့  အခြေအနေအရ တပ်မတော်ထဲကနေ ပြည်သူလူထုဘက်ကို မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူ့ အကျိုးကို မှန်မှန်ကန်ကန် လုပ်ဆောင်လာမယ့် တပ်မတော်သား ခေါင်းဆောင်ကောင်း တစ်ယောက်ပေါ်ထွက်လာနိုင်တယ်လို့ ထင်မြင်ယူဆပါတယ်။

ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော်တို့ မှာ မွှေးညင်းတော် ပေါ်ထွက်လာတာဟာ လက္ခဏာဘေဒမဉ္ဇူရီကျမ်းမှာ “နားတို့၏ သဘောလက္ခဏသည် သောတာပန်၏ အရည်သွေးကိုဆောင်၏” ဟု ဆိုထားတာကြောင့် သာသနာမှာ ကျရောက်နေတဲ့ အန္တရာယ်တွေကို အသိဥာဏ် ထက်သန်ကြကုန်သော အောက်ခြေ သံဃာထု(၀ါ) ရဟန်းပျိုတို့က ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြလိမ့်မယ်။ အသိဥဏ်အားကောင်းတဲ့ သံဃာငယ် ရဟန်းပျိုတွေက သာသနာကို ချီးမြောက်ကြလိမ့်မယ်လို့  နမိတ်ယူပါတယ်။

ထို့ အတူ သရကွန်သား သောကြာနံကို ဖောက်ထွက်ပြီး အမွှေး ကြာသပတေးနံ ပေါက်တာကြောင့် ပြည်သူပြည်သားများကို ဦးဆောင်အကျိုးပြုနိုင်တဲ့ ကြာသာပတေးသား ပုဂ္ဂိုလ်တစ်ဦးဦး ပေါ်ထွက်နိုင်တယ်လို့ လည်း ကောက်ချက်ချပါတယ်။

(မိတ်ဆွေ ဘလော့ဂါတစ်ဦးမှ သုံးသပ်ချက် ဖြစ်ပါတယ်)။

(၂)။


ဘုန်းတစ်ခိုးကြီးခြင်း ကျော်ဇောခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေ၊ ပြည်သူပြည်သူတွေနဲ့ တိုင်းနိုင်ငံအတွက် ထွန်းလင်းတောက်ပြောင်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ တိုင်းပြည်အတွက် တရားနဲ့ယှဉ်သော မင်းကောင်းမင်းမြတ်များလည်း ရနိုင်တယ်လို့ လယ်တီဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။

(မြန်မာရဟန်းသံဃာတော်တစ်ပါးမှ မိန့် တော်မူတာ ဖြစ်ပါတယ်)။

(၃)။

လွန်ခဲ့သော အနှစ် (၂၀) လောက်က အဖြစ်အပျက်တစ်ခုကို ပြောပြပါမယ်။ သန်လျှင်မြို့မှာ နေထိုင်ခဲ့တဲ့ ဦးအေးနဲ့  မိသားစုဝင်တွေဟာ ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော်မှာ မွှေးညှင်းတော်ပေါက်လို့ ထူးခြားစွာ အိမ်မက် မြင်မက်ခဲ့ပါတယ်။ ဒါနဲ့ သူတို့အိမ်ကို ဆွမ်းခံကြွနေတဲ့ ဓမ္မိကာရုံကျောင်းဆရာတော်ကြီးကို လျှောက်ထားခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးဟာ (၆) ကြီမ်မြောက် သင်္ဂါရတနာတင်ပွဲ ၀ိနည်းကျမ်းကို ၀ီသဇ္ဖန ပြုလုပ်ခဲ့တဲ့ ဆရာတော်ကြီးပါ။

အိမ်မက်မက်ပြီးတဲ့နောက်မှာ ဦးအေးရဲ့  ဘုရားစင်မှာ ပူဇော်ကိုးကွယ်ထားတဲ့ ဗုဒ္ဒရုပ်ပွားတော်မှာ မွှေးညင်းတော်တွေ ပေါ်ထွက်တော်မူနေတာ သိရှိရပါတယ်။ ဆရာတော်ဘုရားကြီးဟာ ဦးအေး မိသားစုရဲ့ အိမ်ကို နေ့ စဉ်နေ့ တိုင်း ဆွမ်းခံကြွပြီး ခန္ဒာငါးပါးကြောင်းကို ဟောပြောပါတယ်။ မကြာခင်မှာ ဦးအေး တရားအားထုတ်လို့ ရက်ပေါင်း (၉၉) ရက်၊ သူဇနီးက (၁၀၉) ရက်၊ သားက (၁၁၈) ရက်၊ သမီးက (၁၂၈) ရက်မှာ ခန္ဒာတာဝန့်ကို ပြီးမြောက်တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲအနေသိရတာကတော့ မြန်မာနိုင်ငံမှာ မင်းပြောင်းမင်းလွှဲတွေ ဆက်တိုင်ကြုံရတယ်လို့ ဆရာတော်ဘုရားကြီးရေးသားခဲ့တဲ့ ထူးခြားဖြစ်စဉ် စာအုပ်မှာ တွေ့ ရပါတယ်။

ဒါကြောင့် ယခုလိုမျိုး ဗုဒ္ဓရုပ်ပွားတော်မှာ မွှေးညင်းတော်တွေ ပေါ်ထွက်တော်မူတာဟာ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်သတင်းကောင်းပါဘဲ။ ဒီလို ထူးခြားမှုတွေဟာ မှန်ကန်တယ် ဆိုရင်တော့ ပြည်သူပြည်သားတွေအတွက် ငြိမ်းချမ်းရေး လမ်းစပါဘဲ။ ဒီနှစ်အတွင်းမှာ
တိုင်းပြည်မှာ ကြီးမားတဲ့ ပြောင်းလွှဲမှုကို ငြိမ်းချမ်းစွာ ရနိုင်မယ်လို့ ယုံကြည်ပါတယ်။
(မြန်မာရဟန်းသံဃာတော်တစ်ပါးမှ မိန့် တော်မူတာ ဖြစ်ပါတယ်)။

(၄)။

အဓမ္မမှုတွေ မတရားလွမ်းမိုးလာတဲ့အခါမှာ ဒီလို့အဖြစ်အပျက်တွေ ရှိလာတတ်ပါတယ်။ အဲဒီအခါမှာ သူတော်ကောင်းတွေဟာ အဓမ္မမင်းတွေ အုပ်စိုးတဲ့ တိုင်းပြည်က မြို့ရွှာ ဇနပုဒ်တွေကို တိမ်းရှောင်ကြရပါတယ်။ တိုင်းနိုင်ငံကို စွန့် လွှတ်ပြီး သူတပါးနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ အဲဒီကမှတဆင့် မိမိတိုင်းနိုင်ငံမှာ သူတော်ကောင်းတရားတွေ ထွန်းကားလာအောင် ကျင့်ကြံကြရပါတယ်။ ဘုရားရှင်လက်ထက်တော်အခါကလည်း သာဓကပေါင်း မြောက်များစွာရှိခဲ့ပါတယ်။ အခုလို အဖြစ်အပျက်မျိုးတွေ တိုင်းပြည်မှာ ပေါ်ပေါက်လာရင်တော့ တိုင်းပြည်ဟာ တရားနဲ့ အုပ်စိုးသော မင်းကောင်းမင်းမြတ်တွေ အာဇာနည်တွေ ပေါ်ပေါက်လာနိုင်ပြီး တိုင်းသူပြည်သားတွေကို ရင်သားကဲ့သို့ ချစ်ခင်သော မင်းမြတ်တွေကိုလည်း မကြာခင်မှာ တွေကြုံလာနိုင်ပါတယ်။ တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေဟာလည်း ကိုယ်စိတ်နှစ်လုံးသုံးပါးစလုံး ပြည့်စုံနိုင်ပါတယ်လို့  ပြောလိုပါတယ်။

(မြန်မာရဟန်းသံဃာတော်တစ်ပါးမှ မိန့် တော်မူတာ ဖြစ်ပါတယ်)။

ဤထူးခြားသော သတင်းအား ပြန်လည် ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးအထူး တင်ရှိပါသည်.။