07 March 2010

စီအာပီပီ ပုံမှန်အစည်းဝေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး သဘာပတိမိန့်ခွန်းပြော





ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ စီအာပီပီက ဒီကနေ့ အဖွဲ့ ချုပ်ရုံးချုပ်မှာ ပုံမှန်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌလည်းဖြစ် စီအာပီပီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးတင်ဦး နေ အိမ်အကျယ်ချုပ်က လွတ်လာပြီးတဲ့နောက် ပထမဆုံးပြုလုပ်တဲ့ အစည်းအဝေးဖြစ် ပါတယ်။ ဒီကနေ့အစည်းအဝေးမှာ ဦးတင်ဦးက သဘာပတိမိန့်ခွန်း ပြောကြားခဲ့ တယ်လို့ စီအာပီပီအတွင်းရေးမှူး ဦးအေးသာအောင်က အခုလို ပြောပြပါတယ်။

“အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်းဦက ပထမဆုံးအကြိမ် စီအာပီပီ အစည်းအဝေးမှာ တက်ရောက်လာတယ်၊ ဥက္ကဋ္ဌ ဦးအောင်ရွှေက ကျန်းမာရေးမ ကောင်းတော့ အစည်းအဝေးမတက်ရောက်နိုင်တာကြာပြီ၊ အဲဒီတော့ ဦးတင်းဦးကို ပဲ ဒီနေ့ အစည်းအဝေးရဲ့ သဘာပတိအဖြစ် အားလုံးက သဘောတူ တင်မြှောက်ပြီး တော့ သဘာပတိ မိန့်ခွန်းပြောပါတယ်။ “သဘာပတိ မိန့်ခွန်းမှာ ဦးတင်ဦးက ကျနော်တို့ စီအာပီပီအနေနဲ့ လွှတ် တော်ကိုယ်စားပြုကော်မတီဆိုတော့ ပြည်သူရဲ့အရေးအရာ ပြည်သူကို မျက်နာမူပြီး တော့ အကျိုးရှိနိုင်မယ့် အလုပ်တွေကို တက်နိုင်သလောက်လုပ်ဖို့ ပန်ကြားသွားပါ တယ်။” စီအာပီပီအဖွဲ့ဝင် ၁၂ ဦး တက်ရောက်တဲ့ ဒီကနေ့ အစည်းအဝေးအတွင်း ဆွေးနွေးခဲ့တာတွေကိုလည်း ဦးအေးသာအောင်က အခုလို ဆက်ပြောပြပါတယ်။

“ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကတော့ အခု လှိုင်သာယာမှာ ဖြစ် နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေ၊ ပြီးတော့ အစိုးရပိုင်ကနေ ပုဂ္ဂလိကပိုင်လုပ်ငန်း ပြောင်းပေးတဲ့ ကိစ္စတွေ၊ ပြီးတော့ နိုင်ငံတကာ မြေမြုပ်မိုင်းနဲ့ ပတ်သက်ပြီးတော့ စီအာပီပီရဲ့ သဘောထားကို တောင်းထားတဲ့အပေါ်မှာ ဆွေးနွေးကြပါတယ်၊။ “နောက်ပြီး နယ်စပ်ဒေသတွေမှာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ စစ်ရေးအရ တင်းမာမှုတွေဖြစ်နေတဲ့ အခြေအနေ တွေကို ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်တခု ဖြစ်လာနိုင်တဲ့၊ ဖြစ်လာမယ်ဆိုရင် တိုင်းပြည် အတွက် ပြည်သူတွေအတွက် စိုးရိမ်စရာ အလွန်ကောင်းတယ်၊ ဒါတွေကို ဆွေးနွေး ကြပါတယ်။” အလုပ်သမားဆန္ဒပြပွဲတွေ ပြေလည်စေဖို့အတွက် အလုပ်သမား အခွင့်ရေး တွေကို အခြေခံကစပြီး စနစ်တကျ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖြစ်နေတဲ့ ပြဿနာနဲ့ပတ်သက်လို့လည်း ငြိမ်းချမ်း ရေးစာချုပ် ချုပ်စဉ်က နှစ်ဘက်သဘောတူထားတဲ့အတိုင်း ဖြေရှင်းဆောင်ရွက်မှ သာ ပြေလည်စေမှာဖြစ်ကြောင်း သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ ဦးအေးသာအောင် က ပြောပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခြေနေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာ တွေကိုလည်း ဦးအေးသာအောင်က အခုလိုဆက်ပြောပြပါတယ်။ “အထူးသဖြင့်တော့ အန်အယ်လ်ဒီ အပါအဝင် တိုင်းရင်းသားတွေကတော့ ဒီ ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာပဲ ရပ်တည်ပြီးတော့ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်ရေးဟာ တိုင်းပြည်ရဲ့ အခု အခြေအနေအတွက် ရော အနာဂတ်အတွက်ပါ အကျိုးရှိနိုင်တယ်၊ ဒီနေရာမှာ အားလုံး သုံးသပ်ကြတာ ကတော့ လက်ရှိအချိန်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဖို့ပေါ့၊ အဲဒီလို ပြင် ဖို့ဆိုတဲ့နေရာမှာ တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ်တွေရဲ့ အခွင့်အရေးတွေကို ဖေါ်ဆောင်ပေးဖို့အတွက် ဖွဲ့စည်းပုံကို ပြင်ဖို့လိုပါတယ်။

“အထူးသဖြင့် အခြေခံအကျဆုံးဖြစ်တဲ့ ဒီမိုကရေစီရဲ့ အခွင့်အရေးတွေဟာ မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ လိုပါတယ်၊ ပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲကနေပြီးတော့ ပြည်သူ့ကိုယ်စားလှယ်တွေ ရွေးကြမယ်၊ ပြည်သူ့ကိုယ် စားလှယ်တွေနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေနဲ့တကွ စီမံခန့်ခွဲမှု တွေကို လုပ်ဆောင်သွားမယ်၊ ဒီလို ခြေခံအခွင့်အရေးတွေကို ဖေါ်ဆောင်ပေးဖို့ အတွက်ပဲ လိုတယ်လို့ အများက ဆွေးနွေးကြပါတယ်။”

ရင်းမြစ် DVB