06 December 2009

ရခိုင်ပြည်နယ်မှ ရေအားလျှပ်စစ် စီမံကိန်းများ ရခိုင်ပြည်သူများအတွက် မဟုတ်ပါ..။


မြန်မာ နအဖ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းမှ ရခိုင်ပြည်နယ်တွင် လျှပ်စစ် ဓါတ်အား သုံးစွဲမူ ပမာဏသည် ၃၀ မဂ္ဂါဝပ်သာရှိသဖြင့် ထုတ်ယူုရရှိသော လျှပ်စစ်ဓါတ်အားများကို တခြား ပြည်နယ်နှင့် တိုင်းများသို့ ဖြန့်ဖြူးသွားမည် ဖြစ်သည်ဟု ပြောကြားကြောင်း The Voice ဂျာနယ် သတင်း တပုဒ်အရ သိရှိရသည်။

အဆိုပါ ပြောကြားချက်ကို ၀န်ကြီး ဇော်မင်းမှ နိုဝင်္ဘာလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပခုက္ကူ- ကျွန်းချောင်း ရထားလမ်းပိုင်း ဖွင့်ပွဲ အခမ်းအနားသို့ ဧည့်သည်တော် အဖြစ် တက်ရောက်စဉ် ပြည်တွင်း သတင်းထောက်များသို့ ပြောကြားသည်ဟု အဆိုပါ သတင်းတွင် ဖေါ်ပြပါသည်။

အဆိုပါ ၀န်ကြီးဇော်မင်း ပြောကြားချက်နှင့် ပတ်သက်ပြီး မီးဘက်ဆိုင်ရာ စစ်တွေမှ ကျွမ်းကျင်သူ တဦးကို စုံစမ်း မေးမြန်းကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။

“ အခုလောလောဆယ်မှာ စစ်တွေ အပါအ၀င် ရခိုင် တပြည်နယ်လုံးမှာ လျှပ်စစ်မီးက မဂ္ဂါဝပ် ၃၀ ခန့် သုံးပါတယ်။ အခုလို မဂ္ဂါဝပ် ၃၀ သာသုံးပြီး ကျန်တဲ့ လျှပ်စစ်ဓါတ်အားတွေကို တခြားပြည်နယ်တွေကို ဖြန့်ဖြူးမယ်ဆိုရင်တော့ ရခိုင်ပြည်နယ်မှာ လျှပ်စစ်မီး ရရှိရေးဟာ ဘာမှ တိုးတက်လာစရာ မရှိပါ။ ရခိုင်တပြည်နယ်လုံး တောရော မြို့ပါ လျှပ်စစ်မီး မဂ္ဂါဝပ် အနည်းဆုံး ၂၀၀ ခန့် လိုပါလိမ့်မယ်။ ခုလို ၀န်ကြီး ဇော်မင်း ပြောတဲ့ အတိုင်းသာ ရေအားလျှပ်စစ်ဓါတ်အား ၃၀ မဂ္ဂါဝပ်သာ သုံးပြီး ကျန်တာတွေကို ဗမာပြည်မဘက်ကို ပို့မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်ရဲ့ လျှပ်စစ် ဓါတ်အား သုံးစွဲမူဟာ အခုအတိုင်းအတာဘဲ ရှိမှာ ဖြစ်ပြီး မြို့တွေမှာ တနေ့ကို ၃ နာရီ ရတာက လွဲပြီးဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။”

အဆိုပါ လျှပ်စစ်မီး ၃၀ မဂ္ဂါဝပ် ပမာဏနှင့် ပတ်သက်ပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လျှပ်စစ်ဌာနမှ အငြိမ်းစား ၀န်ထမ်း တဦးဖြစ်သူ ဦးမောင်ရီအား မေးကြည့်ရာ သူကယခုကဲ့သို့ ပြောသည်။

“ ကော့ဘဇားမြို့ တခုတည်းမှာတောင် ၄၆ မဂ္ဂါဝပ်ထိ အသုံး ပြုရပါတယ်။ ဒီမှာတော့ စက်ရုံ အလုပ်ရုံတွေ အများကြီးရှိတဲ့ အတွက် ဖြစ်ပါတယ်။ ရခိုင် တပြည်နယ်လုံး အတွက် ဆိုရင်တော့ မဂ္ဂါဝပ် ၂၀၀ ကျော်ထိ လိုပါလိမ့်မယ်။ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဘူးသီးတောင်နဲ့ မောင်တော အကုန်လုံး အပါအ၀င် ဖြစ်ပါတယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရသည် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ရရှိရေးကို လုံးဝ အရေးမစိုက် ပစ်ပယ်ထားရာမှ ၂၀၀၇ ခုနှစ်မှ စတင်ပြီး ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုကို စတင်အကောင်အထည် ဖေါ်ဆောင်ရွက်လာခဲ့သည်။ ထိုအထဲတွင် သံတွဲ သူဌေးချောင်း စီမံကိန်းနှင့် ဘူးသီးတောင် စိုင်းတင် စီမံကိန်းများ ပါဝင်သည်။

စစ်အစိုးရ၏ ခန့်မှန်းချက် အရ သူဌေးချောင်းရေအား လျှပ်စစ်မှ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၁၁ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး စိုင်းတင်မှ မဂ္ဂါဝပ် ၇၆ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း (၂) ခုအပါအ၀င် လေးမြို့မြစ်ရေအားလျှပ်စစ် စီမံကိန်းများ အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀ အကုန်အကျခံ တည်ဆောက်သွားမည် ဖြစ်သည်ဟု ၀န်ကြီး ဇော်မင်းမှ ပြောသည်။

ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုး တိုးတက်ရန် အခွင့်အလန်း များစွာ ရှိသော်လည်း လျှပ်စစ်မီး တနေ့ကို ၂ နာရီနှင့် ၃ နာရီအကြားသာ ရရှိသဖြင့် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မူ အနည်းဆုံး ပြည်နယ် တခုဖြစ်ပြီး ယခုဆောက်လုပ်နေသော ရေအားလျှပ်စစ် စီမံကိန်းများမှာလည်း ရခိုင်ပြည်သူများ အတွက် မဟုတ်သဖြင့် ရခိုင်ပြည်နယ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးမှာ လမ်းစပင် မမြင်ရသေးဘဲ ဖြစ်နေကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။


ရင်းမြစ်.။နိရဉ္စရာ