06 December 2009

လွှတ်ရက်စေ့ မြန်မာ့ အကျဉ်းသား ၄၇ ဦး ပြည်တော် မပြန်နိုင်...။

ဘင်္ဂလာဒေခ်ျ့ထောင်ထဲတွင် လွှတ်ရက်စေ့သော်လည်း မြန်မာ စစ်အစိုးရမှ လက်မခံသဖြင့် ပြည်တော်မပြန်နိုင်ဘဲ ဖြစ်နေသည့် မြန်မာ့ အကျဉ်းသား ၄၇ ဦးရှိကြောင်း သတင်း ရရှိသည်။

“သူတို့က မြန်မာပြည်ကို ပြန်ဖို့ စောင့်မျှော်နေတာ ကြာပါပြီ။ မြန်မာဘက်က သူတို့အတွက် တုန့်ပြန်မူ ဘာမှ မလုပ်တော့ လွှတ်ရက်စေ့ပေမယ့် ပြည်တော် မပြန်နိုင်ဘဲ ဖြစ်နေကြရတယ်။ သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့နိုင်အောင် ကျွန်တော်တို့ စီစဉ်နေပါတယ်” ဟု သက်ဆိုင်ရာ ဘင်္ဂလာ တာဝန်ရှိသူ တဦးက ပြောသည်။

အဆိုပါ မြန်မာထောင်သားများမှာ ဘင်္ဂလာဒေခ်ျ့ရှိ ထောင်အသီးသီးတွင် ရှိနေပြီး တချို့မှာ မြန်မာ စစ်အစိုးရမှ လက်မခံသဖြင့် သုံးနှစ်မှ ငါးနှစ်အထိ ဘင်္ဂလာဒေခ်ျ့ ထောင်များတွင် နေထိုင်လျှက် ရှိနေကြသည်။

အမည် မဖေါ်လိုသူ မောင်တောမြို့ မြန်မာ လူဝင်မူကြီးကြပ်ရေး ဌာနမှ စာရေး တဦးက “လွှတ်ရက်စေ့ထောင်သား အများစုကို မြန်မာဘက်က လက်ခံခဲ့တာတွေ ရှိပါတယ်။ အဓိကတော့ သူတို့ရဲ့ နေရပ်လိပ်စာတွေ မှန်ရမယ်။ ဘယ်နေရာ ဘယ်ဒေသက ဖြစ်တယ်ဆိုတာကို တိတိကျကျ ခိုင်ခိုင်လုံလုံ အထောက်အထားတွေ ပြနိုင်ရင် မြန်မာဘက်က လက်ခံခဲ့တာများပါတယ်။ ဘယ်လိုမှ အထောက်အထား မပြနိုင်တဲ့သူတွေကိုတော့ လက်ခံဖို့ မြန်မာဘက်က ငြင်းဆိုခဲ့တာတွေ ရှိပါတယ်” ဟု ပြောသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံသား ဖြစ်ကြောင်း သက်သေ အထောက်အထား မပြနိုင်သူ အများစုမှာ မြန်မာနိုင်ငံက ၀င်ရောက်လာသော မူဆလင်များ ဖြစ်သည်ဟု သတင်း တရပ်တွင် ဖေါ်ပြသည်။

ယခုလာမည့် ဘင်္ဂလာဒေခ်ျ့ ဘီဒီအာရ် တပ်မှူး၏ မြန်မာ့ ခရီးစဉ်အတွင်း အဆိုပါ လွှတ်ရက်စေ့ ထောင်သား (၄၇) ဦးကို ပြန်လည် လက်ခံရေးအတွက် မြန်မာ့ စစ်အစိုးရ တာဝန်ရှိသူများကို တင်ပြသွားမည် ဖြစ်ကြောင်း ဘီဒီအာရ် သတင်းရပ်ကွက်ကို ကိုးကားပြီး ဘင်္ဂလာနိုင်ငံမှ ထုတ် သတင်းစာများတွင် ဖေါ်ပြသည်။

အဆိုပါ လွှတ်ရက်စေ့ မြန်မာနိုင်ငံသား ၄၇ ဦးမှာ ဘင်္ဂလာဒေခ်ျ့သို့ တရားမ၀င် ၀င်ရောက်လာစဉ် ဖမ်းဆီးခံရသူများ ဖြစ်ပြီး သူတို့မှာ တရားစွဲဆို ထောင်ချခံရပြီးနောက် ပြန်လည် လွှတ်မြှောက်နေသည့် ထောင်သားများ ဖြစ်သည်ဟု ဘင်္ဂလာ အာဏာပိုင်များက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ထောင်အသီးသီးတွင် အနည်းဆုံး မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့် ဆက်လက် ကျန်ရှိနေဆဲ ဖြစ်ပြီး အများစုမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်လာရာမှ ဖမ်းဆီးခံရသူများ ဖြစ်သည်။

ရင်းမြစ်.။
နိရဉ္စရာ