10 December 2009

အမှတ်တမဲ့မှ... အချိန်တိုအတွင်း တစ်ဘ၀ဒုက္ခိတ ဖြစ်သွားရသူများ..။

ယာဉ် မတော်တဆမှု ကြောင့် သေဆုံး၊ ဒဏ်ရာရသူများ အမှတ်တရနေ့' အခမ်းအနား။

နိုဝင်ဘာ ၁၅ ရက်နေ့တွင် ညွှန်ပြရာမြားအတိုင်း လသာ အ.ထ.က (၂) ကျောင်းဝင်းအတွင်း မြနီလာခန်းမထဲသို့ ၀င်လိုက်သည်နှင့် ခြေမရှိ၊ လက်မရှိသူများ၊ တချို့က ဘီးတပ်ကုလားထိုင်တွေနှင့်။ တချို့ကမူ ချိုင်းထောက်များ၊ ကျောက် ပတ်တီး ဖွေးဖွေးစည်းထားသူများကို ခန်းမထဲမှာ အစီအရီ မြင်တွေ့လိုက်ရသည်။

သက်ငယ်၊ သက်လတ်၊ သက်ကြီး မရွေး ယောက်ျား၊ မိန်းမ အရွယ်စုံ။

အချိန်နောက်ကျမှ ရောက်လာသူ ခြေနှစ်ဖက်စလုံး မရှိသူတစ်ဦးကိုလည်း ယာဉ်ထိန်းရဲများက ချီပွေ့ပြီး ခန်းမထဲ ကူညီ မချီလာကြသည်။တက်ရောက်လာသူများ၏ ဘ၀ အခြေအနေ ပြောင်းလဲသွားမှုများသည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက် အချိန်တို ခဏလေးအတွင်း မထင်မှတ်ဘဲ ဖြစ်ခဲ့ရသည်ချည်းပင်။

၁၉၈၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မတော်တဆ ယာဉ်ထိခိုက်မှုဖြစ်ပွားခဲ့ သူ ၇၇ ဦးကို ဖိတ်ကြားကာ ထောက်ပံ့ငွေ ပေးအပ်သည့် အခမ်းအနားလည်း ဖြစ်သည်။"ဘတ်စ်ကားပေါ် တက်မယ်ဆိုရင် ကားသေချာရပ်ပြီဆိုမှ တက်ကြဗျာ" ဟု အသက် ၄၀ ကျော် ကိုသန်းထူး က လေးနက်စွာ ဆိုသည်။


လွန်ခဲ့သည့် စက်တင်ဘာ ၉ ရက် နေ့က ဖြစ်သည်။၂၀၂ အဲကွန်းဘတ်စ်ကားပေါ် ခြေတစ်ဖက်တင်မိရုံ ရှိသေး ဘတ်စ်ကားစပယ်ယာ၏ 'မောင်း'ဆိုသော အသံနှင့် တစ်ပြိုင်နက်ခြေတစ်ဖက် ကားလမ်းပေါ် ဒရွတ်တိုက်အနေ အထားနှင့် ကိုသန်းထူး ပါသွားခဲ့သည်။

သူသတိဝင်ပြီး လက်လွှတ်ပြန်ဆင်းနေခဲ့မယ်ဆုံးဖြတ်ချိန် ကားကလည်း အရှိန်အတော်ရနေပါပြီ။ ဒီအချိန်ဟာ သူ့ဘ၀ရဲ့ အပြောင်းအလဲပါ။လက်လွှတ်လိုက်ချိန်မှာ အရှိန်နှင့် ကားအောက်ထဲဝင်သွားပြီး ကား နောက်ဘီးဟာ သူ့ခြေသလုံးကို ကြိတ် နင်းသွားသလို လက်လည်း လမ်းပေါ် ကျသည့်အရှိန်နှင့် ကျိုးသွားခဲ့ရသည်။

"အမှန်ဆို နေခဲ့ဆိုလည်း နေခဲ့လို့ ရပါတယ်။ ခရီးသည် ရချင်ဇောနဲ့ အတင်းတင်၊ အတင်းမောင်းခဲ့လို့ အခု လိုအဖြစ်မျိုးနဲ့ကြုံခဲ့ရတာပါ၊၊ ဖြစ်ဖြစ်ချင်းညက အားကိုးပြီး နေနေရတဲ့ သားသမီးသုံးယောက်နဲ့ မိန်းမကို ဒီဒုက္ခိတ မသန်မစွမ်းဘ၀နဲ့ ဘယ်လို လုပ်ကိုင်ကျွေးမွေးရမလဲဆိုတာကို တွေးရင်း ယောက်ျားကြီးတန်မယ့် မျက်ရည်ကျခဲ့ရပါတယ်"ဟု ကျောက်ပတ်တီး စည်းထားသည့် ခြေထောက်နှင့်လက်ကို ငေးကြည့်ရင်း ကိုသန်းထူးက ဆိုသည်။

ပေါင်ရင်းကနေ ခြေနှစ်ဖက်စလုံး ဖြတ်လိုက်ရသည့် အသက် ၂၉ နှစ် အရွယ် ကိုဆန်းဦးအဖြစ်က
တစ်မျိုးပင်။အလုပ်မှအပြန် အိမ်ပြန်ချင်ဇောနှင့် ၂၂၉ ဒိုင်နာလိုင်းကားကို ရသည့်နေရာက တွယ်စီးပြီး
လိုက်လာခဲ့သည့် သူ့ကို ကားတစ်စီးက နောက်မှဝင်ဆောင့်မိရာက ခြေနှစ်ဖက်စလုံးကို ဖြတ်လိုက်ရသည့် အဖြစ်ပင်။

ကားတွေကို တွယ်စီးကြတာ အလွန် အန္တရာယ်များပါတယ်။ ဖြစ်မှ ပြန်လုပ်လို့ မရဘူးလို့လည်း သူက အထပ်ထပ် သတိပေးနေသည်။တစ်ချိန်တည်းမှာပင် ဒီလို အဖြစ်အပျက်မျိုးတွေ မကြုံရအောင် အားလုံးက ယာဉ်စည်းကမ်းလမ်းစည်းကမ်း တွေ လိုက်နာကြဖို့ အလေးအနက် တိုက်တွန်းမှုများသည် ယခုပွဲ၏ အဓိက ရည်ရွယ်ချက်များပင်။

ယခုကဲ့သို့ အဖြစ်မျိုးများကို ပြည်သူများ သတိထားမိလာပြီး ပူးပေါင်းပါဝင်လာအောင် 'ယာဉ်မတော်တဆမှု ကြောင့် သေဆုံး၊ ဒဏ်ရာရသူများ အမှတ်တရနေ့' အခမ်းအနားကို ထိုနေ့က မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပခြင်းလည်းဖြစ်သည်။

၂၀၀၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံက နှစ်စဉ် နိုဝင်ဘာလ တတိယပတ် တနင်္ဂနွေနေ့ကို World Day of Remembrance for Road Traffic Victims အဖြစ် သတ်မှတ် ခဲ့သည်။

ယနေ့ မြန်မာနိုင်ငံ၏ ယာဉ်တိုက်မှုကြောင့် သေဆုံးသူများကို အချိုးချ ကြည့်လျှင် လူဦးရေတစ်သိန်းလျှင် ၂၃ ဒသမ ၄ ဦး သေဆုံးနေပြီး တတိယ အမြင့်ဆုံးသေဆုံးမှု အနေအထားသို့ ရောက်ရှိနေသည်။လွန်ခဲ့သည့် ၂၀၀၆-၀၇ ခုနှစ်က ယာဉ်တိုက်မှုဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသူ ၃,၆၃၈ ဦး၏ ၄ ဒသမ ၀၄ ရာခိုင်နှုန်း သေဆုံးခဲ့ရသည်။

ထိုကဲ့သို့ သေဆုံးမှုများတွင် လမ်းအသုံးပြုသူ(ခြေကျင်လျှောက်)များအား ယာဉ်တိုက်ခံရမှုမှာအဖြစ်များပြီး ကား မတော်တဆဖြစ်မှုမှ သေဆုံးမှုမှာ ဒုတိယအဆင့် ရှိနေသည်။

အခမ်းအနားတက်ရောက်သူများထဲ မှာ ချိုင်းထောက်နှင့် ရင်းနှီးပြီးသားဖြစ်နေသည့် မိတ္ထီလာက သုံးနှစ် သားလေး မောင်အောင်ဝင်းသည် မိဘနှစ်ပါးနှင့် အတူ ခရီးသွားရင်း ကားမှောက်ရာက မိဘနှစ်ပါးစလုံး ဆုံးပါးကာ ယနေ့ ဦးလေးဖြစ်သူ၏ စောင့်ရှောက်မှု အောက်၌ ရှိနေသည်။

ယခုကဲ့သို့ ယာဉ်တိုက်မှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးဆုံးရှုံးမှုမှာ ၂၀၀၃ ခုနှစ်တွင် ကျပ် ၉၄ ဘီလျံခန့် ရှိပြီး ၂၀၀၈ ခုနှစ်တွင် ကျပ် ၁၅၇ ဒသမ ၅ ဘီလျံ ရှိနေပြီဟု သိရသည်။ကမ္ဘာပေါ်တွင်လည်း ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ် လူ ၁ ဒသမ ၃ သန်းခန့် သေဆုံးနေရပြီး သန်း ၅၀ ခန့် မှာ ထိခိုက်ဒဏ်ရာ ရရှိနေသည်။

ရေးသားသူ ..နေနွယ်မိုးအောင်.။