13 April 2010

မင်္ဂလာဒုံ လေယာဉ်ကွင်းထဲက ဝတ်စုံပြည့်အေးဓားပြများ(သို့) ခွေးစားတောင်းခံကြသူများ



သိပြီးသားအကြောင်းအရာတစ်ခုကို ထပ်ပြီးပြောပြနေရတာတွေ၊ လုပ်ပြနေရတာတွေဟာ တကယ်တော့ ကျုပ်စိတ်ကို မနှစ်မြို့စေတာ အမှန်ပါ။ ဒါပေမဲ့ အကြောင်းတိုက်ဆိုင်လာလို့၊ ဒီထက်ပိုမို တိကျအောင် ပြောရရင်တော့ ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်လာလို့ ပြောပြရပါဦးမယ်။ အများသိပြီးသားဖြစ်တဲ့အတိုင်း၊ အထူးသဖြင့် နိုင်ငံခြားကို ကိစ္စတစ်ခုခုရှိလို့ ထွက်ကြရတဲ့ သာမန်အရပ်သူအရပ်သား ကိုရွှေမြန်မာတို့ကြုံဖူးဆုံဖူးကြပြီး ဖြစ်တဲ့အတိုင်း၊ ကိစ္စလေးတစ်ခုကို ပြောပြမလို့ပါ။ မထူးဆန်းတော့ပေမဲ့ ထပ်တလဲလဲကြုံနေ ကြားနေရတော့ အရုပ်ဆိုးလွန်း အကျည်းတန်လွန်းတယ်လို့ ကိုယ်ကိုယ်တိုင်ကြုံစဉ်က ခံစားရသလို ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေလည်း ကိုယ့်လိုပဲကြုံလာလို့ ပြောပြတဲ့အခါ အရင်ကရှိနှင့်ပြီးသား ခံစားချက်တွေဟာ ရေစီးကမ်းပြိုဖြစ်ပြီး အောင့်အီးမရ အံထွက်လာရပါတော့တယ်။


ကျမ်းမာရေးမကောင်းလို့နိုင်ငံခြားသွားပြီး ဆေးကုသမှုခံယူနေရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဒီမနက်မှာပဲ အွန်လိုင်းမှာတွေ့လို့ စကားပြောဖြစ်ပါတယ်။ ဘန်ကောက်ဆေးရုံမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ ဆေးစစ်ဖို့ ထွက်လာတဲ့သူတစ်ယောက်ပါ။ ငယ်ငယ်ကတည်းက အတူစား၊ အတူသွား၊ နိုင်ငံခြားရောက်ပြန်တော့လည်း အချိန်အတန်ကြာသည်အထိ အတူနေမို့ ကိုယ်နဲ့ သူက အမွှာပူးလိုကို တွဲမိနေတာပါ။ ဒါပေမဲ့ သူက အလွန့်အလွန်အလုပ်များရတဲ့အထဲ ကျမ်းမာရေးချူချာသူမို့၊ အထူးသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ နှစ်ရှည်လများ ခံစားနေရတာကြောင့် ဆေးရုံဆေးခန်းတွေနဲ့ ဖက်လက်တကင်းနေပြီး အသက်ရှင်နေရသူရယ်ပါ။ အခုလည်း မြန်မာပြည်ထဲမှာ ဆေးရုံအစုံ၊ ဆေးခန်းအကုန်သွားပြခဲ့ပြီးဖြစ်ပေမဲ့ ခံစားနေရတဲ့ ဝေဒနာ မသာတာကြောင့် ဘန်ကောက်ထွက်လာရခြင်း ဖြစ်ပါတယ်။


ဘန်ကောက်ထွက်မည့်မနက်၊ ရန်ကုန်လေဆိပ်မှာ သူကြုံခဲ့ရတာကို ပြောပြမလို့ပါ။ သူနဲ့အတူ၊ သူ့အဒေါ်ရယ်၊ ညီမလေးရယ်၊ တူလေးရယ် စုစုပေါင်းလေးယောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲ နိုင်ငံခြားယူဆောင်သွားမည့် ပစ္စည်းတွေ ဘာတွေကို သက်ဆိုင်ရာတာဝန်ကျ ၀န်ထမ်းတွေက စစ်ဆေးအခါ သူ့အဒေါ်အိပ်ထဲမှာ ပိုက်ဆံတွေ အများကြီးတွေ့လို့ ဆိုပြီး ရစ်ပါသတဲ့။ ရစ်တဲ့လူတွေ ဘယ်သူတွေလဲ လို့မေးကြည့်တော့ ရဲလေးယောက်လို့ သူငယ်ချင်းကပြောပါတယ်။ ရဲဆိုတာနဲ့ပဲ ကိုယ့်စိတ်ထဲမှာတော့ တော်တော်လေးကို အချဉ်ပေါက်နေပါပြီ။ ရစ်ပုံကတော့ အော့ကြောလံပါပဲ။


ဒီလောက်ပိုက်ဆံတွေ အများကြီး ဘာဖြစ်လို့ ယူသွားရတာလဲ၊ ဘယ်ကရတာလဲ စတဲ့ သူတို့နဲ့ ဘာမှ မပတ်သက်တဲ့ မေးခွန်းတွေ မေးပြီး ရစ်နေတာ။ သူငယ်ချင်းက ဆေးစစ်သွားမလို့ပါ လို့ပြောပေမဲ့ နားမ၀င်ပဲ ရစ်မြဲရစ်နေတာနဲ့ စိတ်ဆိုးပြီးတော့ “ဒီလိုဖြစ်တာ ခင်ဗျားတို့ သောက်သုံးမကျလို့ ဖြစ်ရတာ၊ ခင်ဗျားတို့ အသုံးကျရင် ကျုပ်တို့ သူများနိုင်ငံထွက်ပြီး တပင်တပန်းရှာထား၊ ဖွေထားတဲ့ ပိုက်ဆံတွေ သွားအကုန်ခံနေစရာတောင်မလိုဘူး၊ အခုဒီလောက်ပိုက်ဆံတွေ ယူသွားတယ်ဆိုတာလည်း ဟိုမှာအခြေအနေက နာရီနဲ့အမျှ ပိုက်ဆံပေးပြီး ရက်ရှည်နေရမှာ၊ ဘယ်သူမှ ကျုပ်တို့လေးယောက်လုံးကို အလကားဆေးကုပေးမှာ မဟုတ်သလို၊ ဘယ်သူမှလည်း အိမ်ပေါ်အလကားတင်ကျွေးထားမှာ မဟုတ်ဘူး၊ အခုယူသွားတဲ့ ပိုက်ဆံတွေက တကယ်ဆို နည်းတောင်နည်းသေးတယ်၊ ဘာမှဆက်မေးမနေနဲ့တော့” လို့ သူငယ်ချင်းက ပြောခဲ့ရတယ်။


အဲလိုလည်းပြောလိုက်ရော အဲဒီရစ်နေတဲ့ ရဲဝတ်နဲ့ ဒမြလေးကောင်ထဲက တစ်ကောင်က ဘာပြောလည်းဆိုတော့ “ဒါဆိုလည်း ပြီးတာပါပဲ၊ ဒါပေမဲ့ ပိုက်ဆံတော့ ပေးခဲ့ကြပါဦး”လို့ ပြောပြန်ရောဗျား။ ဘယ်လောက်များ စက်ဆုတ်စရာ၊ ရှက်စရာကောင်းလဲ အရပ်ကတို့။ သူငယ်ချင်းကလည်း အေးရာအေးကြောင်းဖြစ်အောင် ဒေါ်လာ (၂၀) ထုတ်ပေးလိုက်ရသေးတယ်။ သူငယ်ချင်းတို့အဖွဲ့ရဲ့ရှေ့က လူကိုလည်း အဲလိုပဲ ရစ်ပြီး ပိုက်ဆံတောင်းနေလို့ မြန်မာငွေငါးထောင်ထုတ်ပေးတော့ “ဒီပိုက်ဆံ နည်းနည်းလေးနဲ့ ဘာလုပ်လို့ ရမှာလဲ” လို့ ပြောသေးတယ်။ အဲဒီတော့ အဲဒီမှာတာဝန်ကျတဲ့ ရဲတွေဟာ ဘာကောင်တွေတုန်းဗျား။ သူတို့စိတ်ထဲမှာ သူတို့ကို ဒီနေရာမှာထားတာဟာ နိုင်ငံခြားထွက်မည့်လူတွေကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင်လုပ်ပြီး ငွေညှစ်ဖို့ ထားတယ်လို့များ တရားဝင်အောင့်မေ့နေလေရော့သလား။


ဒီလိုအကျင့်ပျက်၊ ချစားတဲ့ ၀န်ထမ်းတွေဟာ နိုင်ငံအနှံ့အပြားပါပဲ။ အားလုံးမကောင်းဘူးလို့ ၀ါးလုံးသိမ်းမပြောလိုပါဘူး။ ဒါပေမဲ့ စစ်ဝတ်စစ်စားနဲ့လူတွေ၊ ရဲဝတ်ရဲစားနဲ့လူတွေကတော့ ရာခိုင်နှုန်းအတော်များများကို ပျက်စီးနေတာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ သူတို့ကို ပြည်သူတွေက ကြောက်ရွံ့ကြတယ် လို့ အခြေခံအယူအဆရှိနေလို့လို့ ကျုပ်ကတော့ ပြောချင်တယ်။ ဒီလိုရှိအောင်လည်း ဆရာ့ဆရာကြီးတွေက လုပ်ခွင့်ပေးထား ပေတာကိုး။ အထက်အရာရှိအဆင့်ဆင့်တွေဟာ အောက်ကလူတွေ ဒီလိုလုပ်တာ သိကြပေမဲ့၊ သူတို့ကိုယ်တိုင်လည်း ဒီလမ်းကြောင်းကို လျှောက်ခဲ့ရတာရယ်၊ အောက်ကလူတွေက ပြည်သူတွေဆီမှ တောင်းလို့တိုက်လို့လုလို့ရသမျှတွေထဲက နှုတ်ပိတ်ခကန်တော့တာတွေရယ်ကြောင့် မသိကျိုးကျွံပြုနေကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေ မဖြစ်မနေအရေးယူရတဲ့ အဆင့်ရောက်လာတဲ့ ချစားမှုတွေ ရှိပေမဲ့ အဲဒါတွေကလည်း ဘယ်လိုမှကို ဖုံးလို့ဖိလို့မရလောက်အောင် လူထုနား ပေါက်ကြားသွားရတဲ့အမှုတွေက များပါတယ်။


မြန်မာပြည်မှာ လက်ရှိစစ်တပ်အုပ်ချုပ်နေစဉ်ကာလမှာရော၊ နောင်တစ်ချိန် တိုင်းပြည်ကံမကောင်းလို့ စစ်တပ်လက်ထဲ အာဏာရှိနေတဲ့အခါမျိုးမှာပါ (ဖွဟဲ့ လွဲပါစေ၊ ပယ်ပါစေဗျား) ဒီအကျည်းတန်ချစားတဲ့ အကျင့်ဆိုးကြီးဟာ ပျောက်ဖို့ လမ်းမရှိပါဘူး။ ဒီလိုဖြစ်ရတာဟာ ဒီမိုကရေစီဆိပ်သိုးခြင်းရဲ့ ပုံရိပ်တွေလို့ ဆိုချင်ပါတယ်။


အင်္ဂလန်မှာ ကျုပ်နဲ့ အတူနေတဲ့ မိတ်ဆွေတစ်ယောက် ရောက်စမှာ အိပ်နေရာလျှောက်ထားရေးတွေ ဘာတွေနဲ့ အလုပ်များပြီး ရုံးတွေဘာတွေ သွားရတဲ့အထိ ကြုံခဲ့ရတာလေးတစ်ခုရှိတယ်။ အင်္ဂလိပ်စာလည်းမတတ်၊ စကားလည်းမပြောတတ်တော့ တရားရုံးမှာ ပြောဖို့ မြန်မာစကားပြန်ကောင်လေးတွေကို သက်ဆိုင်ရာက ရှာပေးထားတယ်။ အဲဒီကောင်လေးတွေ အကူအညီနဲ့ပဲ သူ့ကိစ္စတွေ အကုန်လုံးလောက်နီးပါး အေးအေးဆေးဆေးပြီးသွားတယ်။ အခုတော့ ပိုက်ဆံတစ်ပြားမှမပေးရပဲ အစိုးရကချပေးထားတဲ့ အိပ်မှာ ဇိမ်ကျနေလေရဲ့။ ( ဒါပေမဲ့ လောလောဆယ် ရန်ကုန်က မိန်းမကိုခေါ်ထားတာ ရောက်မလာသေးလို့ အိပ်ယာထဲ ပုတီးပဲ လှိမ့်စိပ်နေရရှာတယ်၊ ရှလွတ်။) ပြောချင်တာက သူဇိမ်ကျ/မကျမဟုတ်ပါဘူး။ သူ့ကို အကူအညီအများကြီးပေးတဲ့ မြန်မာကောင်လေးတွေကို မြန်မာပီပီ ကျေးဇူးတင်လွန်းလို့ဆိုပြီး သူ့ရှိတဲ့ပိုက်ဆံတွေကို ထုတ်ပေးတော့ ကောင်လေးတွေက ဘာပြောမှတ်လဲ။ “မပေးပါနဲ့ အကိုရာ၊ ပေးဖို့မလိုပါဘူး၊ ကျနော်တို့အလုပ်က ဒီလို အမှုသည်တွေကို အကူအညီပေးဖို့ သက်သက်ပါပဲ၊ ဒီအတွက် သက်ဆိုင်ရာက ပြည့်စုံအောင် စီစဉ်ပေးထားပြီးသားပါ၊ အခုအကို့အတွက် အကူညီပေးလိုက်ရလို့ အဆင်ပြေသွားတယ်ဆိုရင်ပဲ ကျနော့်အတွက်လည်း ဒီလုပ်ငန်းမှာဆက်ပြီး အလားအလာကောင်းဖို့ရှိပါတယ်၊ ဒီမှာတော့ ဘယ်ဝန်ထမ်းမှ ပေးဖို့မလိုပါဘူး၊ ဒီက ၀န်ထမ်းတွေကတော့ ကာစတမ်မာတွေကို ကူညီဖို့ သက်သက်ပါပဲ” တဲ့။ ကဲကြည့်စမ်း၊ ဘယ်လောက် ကွာခြားလဲ၊ ကျုပ်တို့ဆီကနဲ့။ အဲဒါဒီမိုကရေစီရဲ့ ပုံရိပ်ပေါ့ဗျာ့။


မြန်မာလူမျိုးဖြစ်တာချင်း တူပေမဲ့ တစ်ယောက်က အာဏာရှင်အုပ်ချုပ်တဲ့တိုင်းပြည်ထဲနေရလို့ စိတ်ဓာတ်တွေ အောက်တန်းနောက်တန်း ကျပြီး အတော့်ကို ကျက်သရေယုတ်တယ်။ တစ်ယောက်က ဒီမိုကရေစီဝါဒကျင့်သုံးတဲ့ နိုင်ငံထဲနေရလို့ စိတ်ဓာတ်တွေလဲ အလိုလိုကို အထက်တန်းကျသွားတယ်။ ဒီလိုပြောလို့ ဒီမိုကရေစီနိုင်ငံသားတွေမှန်သမျှ ဒီလိုချည်းပဲလို့တော့ ဆိုလိုလိမ့်မည် မထင်လိုက်နဲ့။ မကောင်းတဲ့လူတွေလည်း ရှိနေတာ တွေ့နေရတာပဲ။ ဒါပေမဲ့ သိပ်နည်းတယ်။ သိပ်နည်းဆို မရှိသလောက်ကို နည်းတာပါ။ ကျုပ် အင်္ဂလန်မှာနေတာ သုံးနှစ်ထဲရောက်ပြီ။ အဲလိုကိစ္စမျိုး တစ်ခါမှ မကြုံဖူးသလို၊ ကြားလည်း မကြားဖူးဘူး။ ဒီလောက်မီဒီယာထွန်းကားတဲ့ တိုင်းပြည်မှာ အဲလိုဟာမျိုးတစ်ခါလောက်တွေ့လိုက်လို့ကတော့ သတင်းစာတွေ၊ တီဗွီတွေက ပြောလို့ရေးလို့ကို ဆုံးမှာမဟုတ်ဘူး။


ဒီမှာက မီဒီယာကို အကြောက်ရဆုံးပဲ။ မီဒီယာကလွတ်လပ်တဲ့အတွက် ဘယ်ချစားမှုမျိုးကိုမဆို မညှာမတာ ဖေါ်ပြကြတယ်။ ဒီကရဲတွေလည်း မကောင်းအပြောခံရတာတွေ ရှိတော့ရှိတာပါပဲ။ ဒါပေမဲ့ ချစားတဲ့ကိစ္စတွေကြောင့်အပြောခံရတာမျိုး တစ်ခါမှ မကြားဖူးဘူး။ သူတို့အပြောခံရတာက လမ်းပေါ် တ၀ီဝီနဲ့ အရေးပေါ်မီးဖွင့်ပြီး အတင်းမောင်းနေလို့ ကားသမားအချင်းချင်း အမြင်ကပ်တာပဲ ရှိတာ။ အဲဒါလည်း သူတို့ကိစ္စနဲ့ သူတို့ အလုပ်ရှိလို့ ပြေးလွှားနေရတာမို့ လူထုအများစုကတော့ ဘယ်သူမှ မကောင်းမမြင်ကြပါဘူး။ ကျုပ်တို့ မြန်မာပြည်က ရဲတွေကတော့ဗျာ-----------------------သယ်----ပြောလိုက်ရ။


ကိုမင်းထက်

ပြည်သူ့လွှတ်တော် ခေါ်ယူရေး ပျက်ကွက်မှုဖြင့် မြန်မာစစ်အစိုးရကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တရားစွဲဖို့ ပြင်ဆင်



၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်အစိုးရကို မဲဆန္ဒရှင်တွေ ကိုယ်စား တရားစွဲဆိုမယ့် အစီအစဉ် တရပ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင်နေပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော် မခေါ်နိုင်ခဲ့တဲ့အတွက် မဲဆန္ဒရှင် လူထုကို တောင်းပန်အပြီး တဘက်မှာ အခုလို လွှတ်တော်ခေါ်ဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်အစိုးရကို နစ်နာမှုဆိုင်ရာနဲ့ တရားစွဲဆိုမှာ ဖြစ်တယ်လို့ NLD က ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။



၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ လွတ်တော်ခေါ်ယူရမယ် ဆိုတဲ့ စကားလုံး အတိအကျ ရှိထားပြီး ဒီအပေါ်မှာ လွှတ်တော်ခေါ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ စစ်အစိုးရ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားဖို့ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒသဘောထားလည်း ဖြစ်တယ်လို့ ဦးတင်ဦးက ဗွီအိုအေကို ရှင်းပြပါတယ်။



“ကျနော်ရယ်၊ ဦးဝင်းတင်ရယ်၊ နောက် ကျနော်တို့ ဥပဒေ အထောက်အကူပြု အဖွဲ့က လုပ်သက်ရင့်တဲ့ ရှေ့နေကြီး ၂ ယောက်ပေါ့၊ ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းနဲ့။ သဘောက ဒီလိုပါ၊ ပြည်သူလူထုကို ပန်ကြားလွှာ ထုတ်ပြီးပြီလေ။ ထုတ်တဲ့အထဲမှာ ကျနော်တို့ အတားအဆီး၊ အပိတ်အပင်တွေကြောင့် ပြည်သူတွေ အပေါ်မှာ မလုပ်နိုင်၊ မကိုင်နိုင်တဲ့ အပေါ်မှာ တောင်းပန်တဲ့သဘော၊ ကျနော်တို့ ရေးလိုက်တာက။



“ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ပေးတဲ့ဟာက ကျနော်တို့ လုပ်ရမယ်ဆိုတာ ဥပဒေက ရှိပြီးသား။ လွှတ်တော်ဥပဒေလည်း ရှိတယ်၊ ရွေးကောက်ပွဲ ဥပဒေလည်း ရှိတယ်။ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ ရေးထားတာက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော် ခေါ်ပေးရမည်။ ဆိုတော့ အဲဒီဟာ ရှိနေတယ်။ အဲဒီတော့ ခေါ်မပေးရင် ခေါ်မပေးတဲ့လူမှာ တာဝန်ရှိတယ်။ ကျနော်တို့က ခေါ်မယ် လုပ်ပြန်တော့ ဖမ်းဟယ်၊ ဆီးဟယ်၊ အချုပ်အနှောင်တွေ ဖြစ်တယ်။



“အဲတော့ ပြည်သူလူထုကို ဒီလို လုပ်မပေးနိုင်တဲ့အတွက်၊ Honor လုပ်မခံရတဲ့အတွက် သူတို့လုပ်ချင်တဲ့ ဆန္ဒနဲ့ ပတ်သက်ပြီး အကောင်အထည် မဖော်နိုင်တာ ကြီးမားသော ဆုံးရှုံးမှု ဖြစ်တယ်။ အဲဒါကြောင့် လူထုက နစ်နာတယ်။ အဲဒါကို လွှတ်တော်ကိုယ်စားလှယ် အနေနဲ့လည်းပဲ တရားရုံးကို ဦးတိုက်လျှောက်ပြီးတော့ နစ်နာမှုအတွက် တရားစွဲမယ်ပေါ့ဗျာ။



“အလားတူပဲ ဆန္ဒရှိတဲ့ ပြည်သူလူထုကြီး၊ မဲဆန္ဒနယ်က ပြည်သူတွေကလည်း အလားတူပဲ သူတို့တင်မြှောက်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ အမြဲတမ်း အနှောင့်အယှက်၊ အတားအဆီးတွေကြောင့် မလုပ်နိုင်တာကြောင့် သူတို့ နစ်နာပါတယ်ဆိုတာ ပြည်သူလူထု အပိုင်းက နေပြီးတော့ တရားဥပဒေနဲ့ အညီပေါ့ဗျာ ဆုံးရှုံးနစ်နာမှုအတွက် သက်သာမှုရရန် အရေးဆိုနိုင်ခွင့် ဥပဒေ ရှိတယ်ပေါ့။ အဲဒါအတွက် ကျနော်တို့က လုပ်ကိုင်နေတဲ့သဘော ရှိတယ်။”



အဲဒါ တရားရုံးကို ဦးတိုက်လျှောက်တာလား။



“ဦးတိုက်လျှောက်တာ ဟုတ်ပါတယ်။ နစ်နာမှုအတွက် တရားရုံးကို ဦးတိုက်လျှောက်တာ။ ပထမတော့ ကျနော်တို့က နို့တစ်စ် (Notice) ပေးရမယ်ထင်တယ်။ ကျနော်တို့က ခက်တာက နို့တစ်စ် သွားပေးလို့ရှိရင်လည်း နို့တစ်စ် လက်ခံမယ့် အဲဒီ တရားရုံးချုပ်က ပုဂ္ဂိုလ်ကလည်း ကျနော်တို့ လက်မခံနိုင်ပါဘူးတို့ ဘာတို့ ပြောတာရှိတယ်။ အဲဒါဆိုရင်လည်း ကျနော်တို့က လက်မခံနိုင်ကြောင်းကို သေချာ မှတ်တမ်းတင်ပြီးတော့ ကျနော်တို့ လက်ခံရန် ပြောတယ်၊ လက်မခံတဲ့အတွက် ကျနော်တို့ အဲဒါနဲ့ ပတ်သက်လို့ ဆက်ပြီးတော့ လျှောက်နိုင်တဲ့ဟာရှိရင် ဆက်လျှောက်မယ်။ အဲဒီလိုပဲ သွားရမှာပဲ။”



အန်ကယ်တို့ ဥပဒေကြောင်း အရတော့ ဒါ ဥပဒေနဲ့ ညီညွတ်တဲ့ သဘောလား။ အန်ကယ်တို့ စစ်ဆေးပြီးပြီလား။



“ဒါက ဥပဒေရှိပြီးသားပဲ။ Specific Relief Act က ရှိပြီးသားပဲ။ နစ်နာတဲ့သူက နစ်နာကြေးကို သက်ဆိုင်ရာက နစ်နာသူထံ နစ်နာတဲ့အတွက် ကုစားမှု တောင်းနိုင်တယ်ဆိုတာ ရှိတယ်လေ။ ငွေသားနစ်နာရင်လည်း ငွေဒဏ်ပေါ့ဗျာ။ တမျိုးတမည်နဲ့ ဘယ်လိုနစ်နာလဲ၊ နစ်နာပုံကို Divide လုပ်ပြီးတော့ တရားစွဲရတာပေါ့ဗျာ။”



အန်ကယ်တို့ဘက်က ဘယ်လိုမျှော်လင့်ထားလို့လဲခင်ဗျ။



“မျှော်လင့်တယ်ဆိုတာက ပြည်သူလူထုအတွက် ကျနော်တို့က လွှတ်တော်မှ မခေါ်နိုင်ဘဲ။ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ အကျိုးပြုလုပ်ငန်းလည်း မလုပ်နိုင်တော့ဘူးဆိုတော့ ပြည်သူလူထုက သူတို့ဆန္ဒနဲ့ တင်ထားတာ မလုပ်ရတဲ့အတွက် သူတို့ဆန္ဒ မပြည့်ဝဘူးပေါ့။ အဲတော့ နစ်နာတာပေါ့။”



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ရှင်းပြသွားတာ ဖြစ်ပါတယ်။



ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်တာနဲ့ ပတ်သက်လို့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားစွဲဆိုခဲ့တာကို တရားရုံးက လက်မခံတဲ့အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က တရားရုံးကို ပြီးခဲ့တဲ့အပတ်က ကန့်ကွက်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကတော့ ရှေ့ဆက်ပြီး တရားမမျှတတဲ့ နိုင်ငံရေးကိစ္စရပ် အတော်များများကို ဥပဒေကြောင်းအရ ဆက်ပြီး ရင်ဆိုင်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။



သတင်းရင်မြစ် VOA

နအဖ စစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား ( ကိုရီးယား )

ပန်းပိတောက်တွေမပွင့်တော့တဲ့မြေ.....



ပန်းပိတောက်တွေမပွင့်တော့တဲ့မြေ



ဒီမြေမှာခြောက်သွေ့မှုတွေနဲ့
ဒါတို့တိုင်းပြည်
သင်္ကြန်မိုးရေ
သက်ဆင်းရန်ခွင့်မသာတဲ့
ခြောက်ကပ်ကပ်တို့ရဲ့မြေ

အာခေါင်ခြောက်သွေ့
တမ်းတမွတ်သိပ်နေတဲ့
ဆန္ဒတွေခေါင်းပါးနေခဲ့တဲ့မြေ
ညစ်ထေးတဲ့မြေမှာ
နှစ်သစ်ကိုကြိုတဲ့ ပိတောက်လဲ
မပွင့်နိုင်ရှာတော့ပဲ ပူလောင်နေတဲ့မြေ

ဆိုးညစ်မှုတွေလွမ်းခြုံတဲ့ အမှောင်တွေ
မိုက်နေတဲ့မြေ
အေးချမ်းအောင်စွမ်းဆောင်ကျပါစို့
တို့အဓိဌါန်မေတ္တာပို့သလိုက်တဲ့
ဒီမြေ ဒီရေ ဒီတိုင်းပြေ
နှစ်သစ်ကိုကြိုဆိုဖို့ လှမ်းထွက်ခဲ့ညီညီညာ

ကဒေါင်းတွေညင်သာနေလို့
အမိုက်မှောင်ဖုံးလေရော့သလား
သိကြားသာသနာမှာ
သောကြာတွေအတာစားလေတော့
ညာညီညီလှမ်းထွက်ရင်ဖြင့်
အိမ်နီးချင်းသူငယ်ချင်းတောင်
နိုးထပေါ့ ညီညီညာ

တို့ ဗမာ နီရောင်သွေးတွေက
ခွပ်ဒေါင်းတွေ နီရောင်ပြောင်းကာ က
သွားကျစို့ခေတ်သစ်ဆီ ညာညီညီလှမ်း

ကောင်းစုလင်း

ကဒေါင်းတွေညင်သာနေလို့ အမိုက်မှောင်ဖုံးလေရော့သလား စာပိုဒ်ကတော့ အထူးစဉ်းစားစရာပါ...တို့ ဗမာ နီရောင်သွေးတွေက
ခွပ်ဒေါင်းတွေ နီရောင်ပြောင်းမှ ရပါတော့မယ်... ကဗျာရှင်အား အထူးကျေးဇူးတင်ပါသည်......

12 April 2010

မှတစ်ပါး အခြားမရှိ....



မြန်မာပြည်ကလွဲပြီး ဘယ်မှာမှ မရှိနိုင်တဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ အဓိပ္ပါယ်မရှိ ကိုးရိုးကားရားနိုင်လှတဲ့ လုပ်ဆောင်ချက်များ... ကို ပြင်သစ်သတင်းထောက် Tristan Mendeက မြန်မာပြည်အတွင်း သွားရောက်ရိုက်ကူးခဲ့တဲ့ သတင်းမှတ်တမ်းရုပ်သံပါ။ ကားလမ်းတွေ ဘယ်ညာပြောင်းထားတဲ့ အတွက်ဒုက္ခရောက်ပုံ၊ တလဒေါ်လာ၃၀လောက်တာ တစ်ဦးချင်း ဝင်ငွေရှိတဲ့ နိုင်ငံမှာ GSM SIM CARD တစ်ခုကို ဘယ်နိုင်ငံမှာမှ လိုက်မမှီတဲ့ ဈေးနှုန်း ဒေါ်လာ ၁၈၀၀ ပေးရတာတွေ၊ Google နဲ့ Hotmail သုံးမရတာတွေ၊ ယခင်ဗေဒင်ကိန်း ဂဏန်းအရထုတ်ခဲ့တဲ့ ငွေစက္ကူတွေ.. ၊ဓာတ်ဆီရောင်းဝယ်မှု၊ တက္ကသိုလ်ကျောင်းတွေကို အစွန်အဖျားတွေပို့တာ၊ ကက်ဆက်ခွေနဲ့ သင်ယူရတဲ့ မြန်မာပြည်ရဲ့ E learning အဝေးသင် ပညာရေးစံနစ်၊ မြန်မာပြည်က ကချော်ကချက် ကလေးကစားကွင်း၊ လူတစ်ဦးတစ်ယောက်မှ မရှိတဲ့ ခမ်းနားလှတဲ့ မူးယစ်ဆေးဝါးပြတိုက်၊ မြို့တော်အသစ်ကို ၂လအတွင်း အြ့ပီးပြောင်းရွှေ့နိုင်ပုံ.. လူမရှိတဲ့ Golf Training Couse. လူမရှိပဲ တိရိစ္ဆာန်တွေသာရှိတဲ့ နေပြည်တော်(အမှားပြင်ဆင်ချက်.. နေပြည်တော်က တိရစ္ဆာန်ရုံ) အစရှိတဲ့ စစ်အာဏာရှင်တွေရဲ့ ကမ္ဘာ့အံ့ဘွယ်များကို တင်ပြသွားပါတယ်။

နောက်ထပ် ကမ္ဘာ့ အံ့ဘွယ် ဖယောင်းတိုင်မီးနဲ့ စက်မှုနိုင်ငံထူထောင်ပုံ...၊ သတင်းစာထဲမှ လျှပ်စစ်မီးအပြည့်အဝ ရနေပုံ. ၊ အချိန်လိုက် လျှပ်စစ်မီးပေးပုံ... ကလေးများကျောင်းမှာ အိမ်သာဆောက်လုပ်နေပုံကို ဗိုလ်ချုပ်ကြီးများစစ်ဆေးနေပုံ၊ မည်သည့်နိုင်ငံမှမရှိတဲ့ ဥပဒေများ၊ အပြစ်မရှိသူတွေက အကျဉ်းချခံနေရပြီး အပြစ်ရှိသူတွေက တိုင်းပြည်ခေါင်းဆောင်နေပုံ၊ ဦးခေါင်းမပါပဲ ၂၁နှစ်ကျော်ကြာအုပ်ချုပ်နေပုံ၊ အစရှိတဲ့ အကြောင်းအရာတွေကို ဆက်လက် ရိုက်ကူးဖော်ပြပေးမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုအစီအစဉ်က နောက်ဆုံးဆန်ကာတင် ၅ ဦး ထုတ်ပြန် စာအမှတ် ၇/ ၂၀၁၀ - နေ့စွဲ - ဧပြီ ၁၂၊ ၂၀၁၀

အပြည်ပြည်ဆိုင်ရာမြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award)
www.citizenofburma.org P.O Box 1276, Baldwin Park, CA 91706, U. S. A
Albany, Cincinnati, Washington D.C, Virginia, Maryland Metro Area, New York, Buffalo, Boston, Fort Wayne, Phoenix, Seattle, San Francisco and Los Angeles, Denver, Aurora, Greeley, Chapel Hill, Carrboro, High Point

ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုအစီအစဉ်က နောက်ဆုံးဆန်ကာတင် ၅ ဦး ထုတ်ပြန်
စာအမှတ် ၇/ ၂၀၁၀ - နေ့စွဲ - ဧပြီ ၁၂၊ ၂၀၁၀

၁။ မတ်လ ၂၄ ရက်နေ့က စတင်ပြီး Citizen of Burma Award - ပြည်သူ့ဂုဏ်ရည် အစီအစဉ်ကို ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်း စွမ်းဆောင်သူများအနက် မိမိတို့ ဆန္ဒပြုလိုသူကို အွန်လိုင်းနှင့် အီးမေးများမှ တဆင့် တင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။ လက်ရှိပါဝင်ဆောင်ရွက်နေကြသော ပြည်သူ့ဂုဏ်ရည်အစီအစဉ် ဖြစ်မြောက်ရေးအဖွဲ့ဝင်များကလည်း မိမိတို့နေထိုင်ရာ မြို့ရွာဒေသအလိုက် ဆန္ဒသဘောထားများ လိုက်လံမေးမြန်းကောက်ခံခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိကြသည်။


၂။ မတ်လ ၂၄ မှ ဧပြီလ ၉ ရက်အတွင်း ပြည်သူ့ဂုဏ်ရည် အမည်စာရင်းတင်သွင်းခြင်းကို လက်ခံခဲ့ရာ ယခု နောက်ဆုံးစာရင်းပိတ်ချိန်တွင် ပထမအဆင့် ဆန်ကာတင်အဖြစ် စုစုပေါင်း ၂၄ ဦးတွင် ဆရာတော် ၅ ဦး၊ အသင်းအဖွဲ့ ၁၀ ဖွဲ့၊ အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၃ ဦး ပါဝင်ပါသည်။



၃။ ဧပြီလ ၁၀ မှ ၁၁ ရက်တွင် ထိုပဏာမဆန်ကာတင်စာရင်း ၂၄ ဦးအနက်မှ နောက်ဆုံးဆန်ကာတင် ၅ ဦး၏ အမည်စာရင်းကို ပြည်သူ့ဂုဏ်ရည် အစီအစဉ်တွင် ပူးပေါင်းပါဝင်ကြသည့် အမေရိကန်ပြည်တွင်းရှိ မြို့နယ်ပေါင်း ၁၄ ခုမှ မြန်မာမိသားစုများထံက ဆန္ဒပြုတင်သွင်းကြရန် တောင်းခံခဲ့ရာ မြို့အလိုက် ရွေးချယ်သော ၅ ဦး စီအနက် အများဆန္ဒအရှိဆုံး နောက်ဆုံးဆန်ကာတင် ၅ ဦးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


၎။ ၎င်း တို့မှာ -

၁။ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း - ရုပ်ရှင်သရုပ်ဆောင်အလုပ်ကိုပါ အထိခိုက်ခံပြီး ရန်ကုန် - နာရေးကူညီမှုအသင်းကြီးကို ဦးဆောင် ဆောင်ရွက်သူ၊ ထိုနာရေးကူညီမှုအသင်းနှင့်အတူ စာကြည့်တိုက်၊ ဆေးခန်း စသည့် ကုသိုလ်ဖြစ် လုပ်ငန်းများကိုပါ ဆက်လက် တာဝန်ယူဆောင်ရွက်နေသူ၊ နိုင်ငံ၏ ခေတ်နောက်ပြန်ဆွဲသည့် အယူအဆ အလေ့အကျင့်များကို နာရေးကူညီမှုလုပ်ငန်း ၀တ္တရားများဆောင်ရွက်ရင်း ထုတ်ဖော်ပြောဆိုပြီး ပြောင်းလဲမှုသို့ ဆွဲခေါ်သူ



၂။ ဇာဂနာ၊ လူရွှင်တော်၊ ဒါရိုက်တာ၊ စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ - ၂၀၀၈ မေ - နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆရာတော်၊ သံဃာတော်များ၊ အနုပညာရှင်များ၊ ပြည်သူများ၊ လူငယ်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့သည်။ ပရိသတ်ကိုလည်း မီဒီယာများကတဆင့် အမြန်ဆုံး သတင်းပို့ ရှင်းပြနိုင်ခဲ့သည်။ စစ်အစိုးရကို နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသဖြင့် ဖမ်းဆီးထောင်ချခံရသည်။ ထောင်ဒဏ် ၅၈ နှစ် ကျခံနေရသည်။ လူမှုရေးလုပ်ငန်းများအတွက် အလှူရှင်များ၊ လုပ်အားပေးစေတနာရှင်များနှင့် ပရိသတ်အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆိုတင်ဆက်နိုင်သူ အနုပညာရှင်တဦးအဖြစ် ထူးခြားသည်။




၃။ သီတဂူဆရာတော် ဦးဉာဏိသရ - နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ဒုက္ခသည်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျင် တဦးချင်း အနေဖြင့် ငွေကြေး၊ အရင်းအနှီးအများဆုံးကို ပြည်သူလူထုထံက စနစ်တကျ အလှူခံကာ ဒုက္ခသည်များအား စနစ်ကျစွာဖြင့် ထောက်ပံ့ ပေးနိုင်ခဲ့သည့် ဗုဒ္ဓဘာသာ ဆရာတော် တပါးဖြစ်သည်။ ၁၉၈၀ ခုနှစ်များကတည်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းအခြေပြုပြီး သောက်သုံးရေ အလှူ၊ ဆေးကုသမှု ဒါနအလှူ နှင့် လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းအလုပ်များကို အားပေး ထောက်ပံ့သူ၊ လှုံဆော်စည်းရုံးသူ၊ တည်ထောင်ဆောင်ရွက်သူတဦးအဖြစ် ထင်ရှားသည်။







၎။ ဖြူဖြူသင်း၊ အင်န်အယ်ဒီပါတီဝင်၊ HIV လူနာများ ကူညီစောင့်ရှောက်ခြင်း
- ၂၀၀၂ တွင် ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်အဖွဲ့သို့ လမ်းညွှန်မှုများနှင့်အတူ ကုလအစီအစဉ်ဖြင့် အေအိုင်ဒီအက်စ်- အိတ်ခ်ျအိုင်ဗီ ပညာရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ၎င်းနောက် HIV လူနာများ၊ ကလေးသူငယ်များကို ကူညီစောင့်ရှောက်ခြင်းကို ဇောက်ချပြီး လုပ်ကိုင်ခဲ့သည်။ နိုင်ငံရေး အနှောက်အယှက်များကြားမှ ယနေ့ထက်ထိ အဆိုပါလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်သူဖြစ်သည်။ အခြားအင်န်ဂျီအိုလုပ်ငန်းအများအပြားရှိသည့်ကြားက ဖြူဖြူသင်းနှင့် မိတ်ဆွေများသည် လူနာများ၏ လိုအပ်ချက်များကို အခက်အခဲများကြားထဲက ရဲရင့်စွာ ထုတ်ဖော်ပြောဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ကိုယ့်အားကိုယ်ကိုး စွန့်စားဆောင်ရွက်နေရသူ



၅။ ဦးအေးမြင့်၊ (ဦးအေးမြင့်မောင်) လမ်းပြကြယ်ဥပဒေအကျိုးဆောင်အဖွဲ့ - ၂၀၀၃ ခုနှစ်ကတည်းက အဓမ္မလုပ်အားပေးခိုင်းစေခြင်းခံရသူ လယ်သမားများ၊ အလုပ်သမားများနှင့် ရွာသားများအတွက် စစ်အာဏာပိုင်များနှင့် ရင်ဆိုင်ဖြေရှင်းခြင်း၊ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှုများ ပေးခြင်းတို့ကို ဆောင်ရွက်သူ ရှေ့နေတဦး။ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( အိုင်အယ်လ်အို) ထံ စာရင်းများ၊ အချက်အလက်များ ပြုစုတိုင်ကြားခဲ့သဖြင့် စစ်အစိုးရက ထောင်အကြိမ်ကြိမ်ချမှတ်ပြီး အရေးယူခြင်း ခံရသူ ဖြစ်သည်။ ၎င်းအပြင် အသက်မပြည့်ဘဲ စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခြင်း ခံရသူ ကလေးစစ်သားများကို ကာကွယ်စောင့်ရှောက်ခြင်းကိုလည်း ဆောင်ရွက်နေသူ ဖြစ်သည်။ ၎င်း၏ ရှေ့နေလိုက်ခွင့်လိုင်စင်ကို စစ်အစိုးရက ရုတ်သိမ်းခဲ့ပြီး ဖြစ်သည်။



၅။ ယခု ဧပြီလ ၁၂ ရက်မှ ၂၁ ရက် အတွင်း နောက်ဆုံးဆန်ကာတင် ၅ ဦးမှ ပရိသတ်အားလုံး၏ ဆန္ဒအရှိဆုံး တဦးကို အင်တာနက်မဲစနစ်ဖြင့် ပြည်သူ့ဂုဏ်ရည် ( Citizen of Burma Award ) အဖြစ်ဂုဏ်ပြုနိုင်ရန် ရွေးချယ်မည် ဖြစ်သည်။ ဧပြီလ ၂၄ တွင် ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်သည့် အခမ်းအနားကို အိမ်ရှင်အဖြစ် အယ်လ်အေမိသားစုများက ကျင်းပကြမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် မဲအများဆုံး ဆန္ဒပြုခံရသူကို ကြေငြာမည်။



၆ ။ ထိုနည်းတူ ပြည်သူ့ဂုဏ်ရည်အဖြစ် အမည်စာရင်းတင်သွင်းခံရသူ မြန်မာပြည်၏ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ ၂၄ ဦး ထံ ပြည်သူ့ဂုဏ်ရည် မိတ်ဆွေများအားလုံးက လေးစား ဂုဏ်ယူပါကြောင်း ၂၀၁၀ ပြည်သူဂုဏ်ရည်အစီအစဉ်၏ မှတ်တမ်းလွှာကို ပေးပို့သွားမည် ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

အားလုံးရဲ့ကိုယ်စား
ဦးကိုလေး(အယ်လ်အေ) 626-383-6901 ကိုဝေလ(နယူးယောက်) 718-505-0080 ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717 ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485



ပေးပို့ ပေးသော ကိုဘိုဘို (Los Angeles) အားကျေးဇူးတင်ပါသည်.





ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုအစီအစဉ်၏ ပထမအဆင့်ဆန်ကာတင်စာရင်း အမည် ၂၄ ခု ထုတ်ပြန်စာအမှတ် ၆/ ၂၀၁၀ - နေ့စွဲ - ဧပြီ ၉၊ ၂၀၁၀

အပြည်ပြည်ဆိုင်ရာမြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award)

www.citizenofburma.org P.O Box 1276, Baldwin Park, CA 91706, U. S. A

Albany, Cincinnati, Washington D.C, Virginia, Maryland Metro Area, New York, Buffalo, Boston, Fort Wayne, Phoenix, Seattle, San Francisco and Los Angeles, Denver, Aurora,Greeley, Chapel Hill, Carrboro, High Point

ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုအစီအစဉ်၏ ပထမအဆင့်ဆန်ကာတင်စာရင်း အမည် ၂၄ ခု ထုတ်ပြန်

စာအမှတ် ၆/ ၂၀၁၀ - နေ့စွဲ - ဧပြီ ၉၊ ၂၀၁၀




၁။ မတ်လ ၂၄ ရက်နေ့က စတင်ပြီး Citizen of Burma Award - ပြည်သူ့ဂုဏ်ရည် အစီအစဉ်ကို ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်း စွမ်းဆောင်သူများအနက် မိမိတို့ ဆန္ဒပြုလိုသူကို အွန်လိုင်းနှင့် အီးမေးများမှ တဆင့် တင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။ လက်ရှိပါဝင်ဆောင်ရွက်နေကြသော ပြည်သူ့ဂုဏ်ရည်အစီအစဉ် ဖြစ်မြောက်ရေးအဖွဲ့ဝင်များကလည်း မိမိတို့နေထိုင်ရာ မြို့ရွာဒေသအလိုက် ဆန္ဒသဘောထားများ လိုက်လံမေးမြန်းကောက်ခံခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိကြသည်။



၂။ မတ်လ ၂၄ မှ ဧပြီလ ၉ ရက်အတွင်း ပြည်သူ့ဂုဏ်ရည် အမည်စာရင်းတင်သွင်းခြင်းကို လက်ခံခဲ့ရာ ယခု နောက်ဆုံးစာရင်းပိတ်ချိန်တွင် ပထမအဆင့် ဆန်ကာတင်စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ၎င်းအမည်စာရင်းရှင်တို့၏ ထူးခြားမှုအကျဉ်းကိုလည်း ရရှိသော အချက်အလက်များပေါ်မူတည်၍ အောက်ပါအတိုင်း တွဲဖက် တင်ပြလိုက်ပါသည်။



၃။ ၎င်း တို့မှာ -


၁။ ကရုဏာလူမှုကူညီရေးအသင်း၊ မူဆယ်မြို့၊ ရှမ်းပြည်နယ် - ပညာရေး၊ ကျန်းမာရေး၊ နာရေးနှင့် လူနာစောင့်ရှောက်မှု စေတနာဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နေသော အသင်း ဖြစ်သည်ဟု ဆိုပါသည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက် တင်ပြပါမည်။




၂။ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း - ရုပ်ရှင်သရုပ်ဆောင်အလုပ်ကိုပါ အထိခိုက်ခံပြီး ရန်ကုန် - နာရေးကူညီမှုအသင်းကြီးကို ဦးဆောင် ဆောင်ရွက်သူ၊ ထိုနာရေးကူညီမှုအသင်းနှင့်အတူ စာကြည့်တိုက်၊ ဆေးခန်း စသည့် ကုသိုလ်ဖြစ် လုပ်ငန်းများကိုပါ ဆက်လက် တာဝန်ယူဆောင်ရွက်နေသူ၊ နိုင်ငံ၏ ခေတ်နောက်ပြန်ဆွဲသည့် အယူအဆ အလေ့အကျင့်များကို နာရေးကူညီမှုလုပ်ငန်း ၀တ္တရားများဆောင်ရွက်ရင်း ထုတ်ဖော်ပြောဆိုပြီး ပြောင်းလဲမှုသို့ ဆွဲခေါ်သူ



၃။ ဒေါက်တာစောဝါးထူး၊ မော်လမြိုင်မြို့ အနာကြီးရောဂါပြုစုစောင့်ရှောက်ရေးဆေးရုံ - အနာကြီးရောဂါသည်များအား ပြုစုစောင့်ရှောက်ဆေးကုသမှုပေးသည့် ဆေးရုံအုပ် ဆရာဝန်ကြီးကို ဆန္ဒပြုတင်ပြထားပါသည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက်တင်ပြပါမည်။



၎။ ဇာဂနာ၊ လူရွှင်တော်၊ ဒါရိုက်တာ၊ စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ - ၂၀၀၈ မေ - နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆရာတော်၊ သံဃာတော်များ၊ အနုပညာရှင်များ၊ ပြည်သူများ၊ လူငယ်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့သည်။ ပရိသတ်ကိုလည်း မီဒီယာများကတဆင့် အမြန်ဆုံး သတင်းပို့ ရှင်းပြနိုင်ခဲ့သည်။ စစ်အစိုးရကို နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသဖြင့် ဖမ်းဆီးထောင်ချခံရသည်။ ထောင်ဒဏ် ၅၈ နှစ် ကျခံနေရသည်။ လူမှုရေးလုပ်ငန်းများအတွက် အလှူရှင်များ၊ လုပ်အားပေးစေတနာရှင်များနှင့် ပရိသတ်အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆိုတင်ဆက်နိုင်သူ အနုပညာရှင်တဦးအဖြစ် ထူးခြားသည်။



၅။ ဦးဇေယျာပဏ္ဏိတ၊ မိုးညှင်းသိဂီကျောင်းတိုက် ဆရာတော် ( ပိုင်းလော့ဆရာတော်)၊ တောင်ဒဂုံမြို့သစ် ၊ ရန်ကုန် - နာဂစ်မုန်တိုင်း အပြီး ကွမ်းခြံကုန်း၊ ဒေးဒရဲအပိုင် ကျေးရွာများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ စားရေရိက္ခာ ထောက်ပံ့ရေး၊ ဆေးဝါးကုသရေးလုပ်ငန်းများ ဦးဆောင်ကူညီမှုများ ပေးအပ်ခဲ့သည်။ ရွာသားများနှင့် ကလေးသူငယ်များကို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးဖြေသိမ့်မှုများ ဆောင်ရွက်ပေးရုံသာမက ရွာသားများအား ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ကြံဆ ဆောင်ရွက်လာနိုင်အောင် စည်းရုံးဦးဆောင်နိုင်ခဲ့သည်။



၆။ သီတဂူဆရာတော် ဦးဉာဏိသရ - နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ဒုက္ခသည်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျင် တဦးချင်း အနေဖြင့် ငွေကြေး၊ အရင်းအနှီးအများဆုံးကို ပြည်သူလူထုထံက စနစ်တကျ အလှူခံကာ ဒုက္ခသည်များအား စနစ်ကျစွာဖြင့် ထောက်ပံ့ ပေးနိုင်ခဲ့သည့် ဗုဒ္ဓဘာသာ ဆရာတော် တပါးဖြစ်သည်။ ၁၉၈၀ ခုနှစ်များကတည်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းအခြေပြုပြီး သောက်သုံးရေ အလှူ၊ ဆေးကုသမှု ဒါနအလှူ နှင့် လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းအလုပ်များကို အားပေး ထောက်ပံ့သူ၊ လှုံဆော်စည်းရုံးသူ၊ တည်ထောင်ဆောင်ရွက်သူတဦးအဖြစ် ထင်ရှားသည်။



၇။ ဦးနာယက၊ မန္တလေး - ဖောင်တော်ဦးဘုန်းတော်ကြီးကျောင်း - ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၁၀ စုနှစ် တခုကျော် ဦးဆောင် အကောင်အထည်ဖော်သူဖြစ်သည်။ အလှူရှင်များ၊ အဖွဲ့အစည်းများ၊ စေတနာရှင်လုပ်အားပေးများဖြင့် ဘုန်းတော်ကြီးကျောင်းအခြေပြု နေ့ကျောင်းနှင့် အဆောင်ကျောင်းများတွင် ပညာသင်ဦးရေ ၅ ထောင်ကျော်ကို ပညာသင်ပေးနေသည်။ ပြည်နယ် အစွန်အဖျား အနှံ့က ကလေးသူငယ်များကိုလည်း စောင့်ရှောက်ပျိုးထောင်မှု ပေးလျက်ရှိသည်။ ဘုန်းတော်ကြီးသင်ကျောင်းများမှတဆင့် အဆင့်မြင့်ပညာရေးဆက်နိုင်အောင်လည်း အားပေး ဆောင်ရွက်နေသူဖြစ်သည်။



၈။ နာရေးကူညီမှုအသင်း၊ ရန်ကုန်မြို့ - နာရေးကူညီမှုအသင်း ဖြစ်မြောက်ရေးကော်မတီကို ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင် ဖွဲ့စည်းခဲ့သည်။ ဆရာကြီး ဦးသုခ၏ အိပ်မက်နှင့် မန္တလေးဗြဟ္မာစိုရ်အသင်းကြီး၏ လမ်းပြမှုမှ အကောင်အထည် ပေါ်လာသော 'ရန်ကုန်မြို့ နာရေးကူညီမှုအသင်း' ဖြစ်မြောက်ရေး ကော်မတီတွင် လူတန်းစားမျိုးစုံ ပါဝင်သည်။ နာရေးလုပ်ငန်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ကယ်တင်ရေးလုပ်ငန်း၊ အခြား ကျန်းမာရေးစောင့်ရှောက်မှု၊ စာကြည့်တိုက်နှင့် လူငယ်ဖြွုံဖိုးရေး စေတနာဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်သည်။ အထူးသဖြင့် ၂၀၀၈ နာဂစ်တွင် အသင်းကြီး၏ စေတနာဝန်ထမ်းအားလုံး မြန်မာပြည်သူ ရဟန်းသံဃာတို့နှင့်အတူ ကယ်ဆယ်ရေး၊ စောင့်ရှောက်ရေး၊ နာရေး၊ ကျန်းမာရေးလုပ်ငန်းများ အမြန်ဆုံး၊ အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သည်။



၉။ ဖြူဖြူသင်း၊ အင်န်အယ်ဒီပါတီဝင်၊ HIV လူနာများ ကူညီစောင့်ရှောက်ခြင်း - ၂၀၀၂ တွင် ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်အဖွဲ့သို့ လမ်းညွှန်မှုများနှင့်အတူ ကုလအစီအစဉ်ဖြင့် အေအိုင်ဒီအက်စ်- အိတ်ခ်ျအိုင်ဗီ ပညာရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ၎င်းနောက် HIV လူနာများ၊ ကလေးသူငယ်များကို ကူညီစောင့်ရှောက်ခြင်းကို ဇောက်ချပြီး လုပ်ကိုင်ခဲ့သည်။ နိုင်ငံရေး အနှောက်အယှက်များကြားမှ ယနေ့ထက်ထိ အဆိုပါလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်သူဖြစ်သည်။ အခြားအင်န်ဂျီအိုလုပ်ငန်းအများအပြားရှိသည့်ကြားက ဖြူဖြူသင်းနှင့် မိတ်ဆွေများသည် လူနာများ၏ လိုအပ်ချက်များကို အခက်အခဲများကြားထဲက ရဲရင့်စွာ ထုတ်ဖော်ပြောဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ကိုယ့်အားကိုယ်ကိုး စွန့်စားဆောင်ရွက်နေရသူ



၁၀။ ဗြဟ္မစိုရ်အသင်း၊ မန္တလေးမြို့၊ နာရေးနှင့် လူမှုရေးကူညီမှုအသင်း - ဗြဟ္မာစိုရ်အသင်းကြီးသည် မန္တလေးမြို့၏ နာရေးကူညီမှုအသင်းကြီး ဖြစ်သည်။ ၁၉၉၈ မေ ၇ ရက်နေ့မှာ ဗြဟ္မစိုရ် လူမှု ကူညီရေး အသင်းကို မန္တလေးတွင် စတင် ဦးဆောင် ဖွဲ့စည်း ခဲ့သည်။ တောင်စလင်း ဆရာတော် ဦးတိက္ခက ကျောင်းဝင်း အတွင်း ပေ နှစ်ရာ ပတ်လည် မြေကွက်ကို အသုံးပြုခွင့် ပေးသဖြင့် အသင်း၏ နေရာဌာန ဖြစ်လာသည်။ ဆရာတော် ဦးတိက္ခသည် ၎င်းအသင်းတွင် နာယက အဖြစ် တာဝန် ယူသည်။ နဒီ မြန်မာ ဦးအောင်ခိုင်၊ ဒေါ်ညိုမီ မိသားစုမှ နာရေးယာဉ် တစ်စီး လှူဒါန်းပြီး၊ နာရေး ကူညီမှု အပိုင်းမှာ အသားကျ လာသည့် အခါ ကျန်းမာရေး ကူညီမှု များကို ၂ဝဝဝ ခုနှစ် ဧပြီလ ၄ ရက်နေ့မှစပြီး ကူညီပေးခဲ့သည်။



၁၁။ မလွန်ဈေးဆန်လှူအသင်းကြီး၊ မန္တလေး - မြန်မာပြည်အတွင်း အနယ်နယ်အရပ်ရပ်မှ အလှူခံရရှိသော ဆွမ်းဆန်များကို နှစ်စဉ် တော်သလင်းလ၌ စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံ တောင်ရိုးကြီး သုံးရပ်နှင့် မန္တလေး လေးပြင်လေးရပ်မှာ သီတင်းသုံးကြသည့် ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကို ပေးလှူသော အသင်းကြီး ဖြစ်သည်။ သီပေါမင်းတရား ပါတော်မူသည့်နှစ် (၁၈၈၅)ခုနှစ်အလွန် (၁၁)နှစ်အကြာမှာ စတင်တည်ထောင်ခဲ့သည်။ မန္တလေးမြို့ရှိ နှစ်ပေါင်း(၁၁၀)ကျော်ရှိပြီ ဖြစ်၍ ရှားရှားပါးပါး ပရဟိတအသင်းကြီး ဖြစ်သည်။ တစ်ပြည်လုံးတွင် စေတနာ့ဝန်ထမ်း မလွန်ဆန်လှူ အသင်းထောက် (၇၀၀)ကျော်က ပရဟိတ စိတ်ရင်း အပြည့်နှင့် ပါဝင်လုပ်ဆောင်ပေးနေကြသည်။



၁၂။ မေရီချက်(ပ်)မင်း နားမကြားသောကလေးများ ကျောင်း။ Mary Chapman Teachers Training Callege & School for the Deaf။ ရန်ကုန် - မြန်မာနိုင်ငံရှိ နားမကြားသော ကလေးများအတွက် ပထမဆုံးကျောင်းပင် ဖြစ်သည်။ ၁၉၂၀-ခုနှစ်တွင် အင်္ဂလန်သူ မစ္စ မေရီချက်(ပ်)မင်း (Miss Mary Chapman) က မြန်မာပြည်ရှိ မွေးရာပါ နားမကြား၊ စကားမပြောတတ်သော ကလေးသူငယ်များအတွက် စတင်တည်ထောင်ခဲ့သည်။ နားမကြားသော ကလေးငယ်များကို ပညာသင်ကြားပေးနိုင်မည့် ဆရာ၊ ဆရာမများကို ပျိုးထောင်ပေးခဲ့ပြီး နားမကြားသော ကလေးများကိုလည်း စာနှင့် သက်မွေးပညာရပ်များကို သင်ကြားပေးခဲ့သည်။


၁၃။ မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)၊ နာရေးကူညီမှုအသင်း - မိမိ၏ မိသားစု၊ ခင်ပွန်းနှင့်အတူ လူမှုရေးလုပ်ငန်းများတွင် မြှုပ်နှံလုပ်ကိုင်သူ။ နာဂစ်မုန်တိုင်းကယ်ဆယ်ရေးကိစ္စများတွင် ငွေကြေး၊ လုပ်အား၊ စွမ်းအင်များကို ထိရောက် မြန်ဆန်မှု ရှိအောင် စီမံခန့်ခွဲနိုင်သူ။ စိတ်ဓာတ်ကြံ့ခိုင်သော ခေါင်းဆောင်မှုပေးနိုင်သည့် အမျိုးသမီးတဦး



၁၄။ ဦးမြင့်အေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ ကြည့်မြင်တိုင်၊ ရန်ကုန် - အဓမ္မလုပ်အားပေးများအား ကာကွယ်စောင့်ရှောက်ရေး၊ ကလေးစစ်သားများကို ကယ်တင်စောင့်ရှောက်ခြင်း၊ လူ့အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို နယ်များ၊ ကျေးလက်များအထိ ဆင်းပြီး ဆောင်ရွက်သူ။ ကော့မှူးမြို့နယ် အဓမ္မလုပ်အားပေးများဘက်က ရပ်တည် တရားစွဲဆိုအောင်နိုင်သူ စုစုနွေးအရေးတွင် အိုင်အယ်အိုထံ သတင်းပေးပို့ပြီး ၀ိုင်းဝန်း လက်တွဲ ဆောင်ရွက်ခဲ့သူ တဦးဖြစ်သည်။



၁၅။ မြန်မာဘလော့ဂ်ဂါဆိုဇိုင်ယတီ၊ MBS (Myanmar Blogger Society) - အင်တာနက်နှင့် ကွန်ပျူတာအခြေစိုက် ပညာဒါနလုပ်ငန်း၊ စေတနာ့ဝန်ထမ်းလူမှုရေးလုပ်ငန်းနှင့် တကိုယ်ရည်တိုးတက်မှုများကို စေတနာ့ဝန်ထမ်းဆောင်ရွက်သော အဖွဲ့တခု ဖြစ်သည်။ ၂၀၀၇ တွင် ပထမဦးဆုံး မြန်မာဘလော့ဂ်ဂါများ ဆွေးနွေး ကျင်းပခဲ့သည်။ ၂၀၀၈ မေ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူခံခြင်း၊ လုပ်အားပေးခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀၀၈ မှ ၂၀၁၀ အတွင်း ရန်ကုန် မြန်မာအိုင်စီတီပတ်ခ်က အခြေတည်ပြီးနောက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပခုက္ကူမြို့များတွင် အခမဲ့နည်းပညာသင်တန်းများ ပြုလုပ်ခဲ့သည်။ အွန်လိုင်းမှတဆင့် အီးဘွတ်များ၊ အခမဲ့ဝန်ဆောင်မှုများလည်း ဆောင်ရွက်လျက်ရှိသည့် အစုအဖွဲ့တခု ဖြစ်သည်။



၁၆။ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန် - အထွေထွေရောဂါနှင့် မျက်စိကု ကုသိုလ်ဖြစ်ဆေးရုံကိုလည်း ဆန္ဒပြုထားကြပါသည်။ ရန်ကုန် မတ်ွဆလင် ကုသိုလ်ဖြစ်ဆေးရုံကို ဒေါက်တာ တင်မျိုးဝင်း တာဝန်ယူကြည့်ကြပ်လျက် ရှိပြီး နိုင်ငံရေးနယ်ပယ်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ကျန်းမာရေး စောင့်ရှောက်မှု ၊ဆေးဝါးကုသမှုတို့ကို တာဝန်ယူလုပ်ဆောင်ပေးလျက် ရှိသည်ဟု သိရသည်။



၁၇။ ရန်အောင်မြင် ဆွမ်းချက်နှင့် နာရေးကူညီမှု အသင်း၊ မိတ္ထိလာ - ၁၉၉၁ မိတ္ထိလာမီးကြီးအပြီး ၁၉၉၂ မှ စတင်ပြီး သံဃာတော်များကို ဆွမ်းချက်လောင်းလှူခြင်းနှင့် မြို့နယ်တွင်း မိသားစုများ၏ နာရေးကူညီမှုကို ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ၁၉၉၃ တွင် အသင်းကို မှတ်ပုံတင်ဖွဲ့စည်းနိုင်ခဲ့သည်။ မိတ္ထိလာ လူအိုရုံအတွက်လည်း ဝေယျာဝစ္စများ ဆောင်ရွက်လျက်ရှိသည်။ သံဃာတော်အပါး ၁၂၀၀၏ နေ့စဉ် ဆွမ်း ကို လောင်းလှူလျက်ရှိုသည်။ မိတ္ထိလာမြို့ရှိ ပူအိုက်ခြောက်သွေ့သော သင်းချိုင်းမြေကို သစ်ပင်ဝါးပင်တို့ စိုက်ပျိုးပြီး သာယာစိမ်းစိုအောင်လည်း ဆောင်ရွက်နိုင်ခဲ့သည်။ မိတ္ထိလာလူအိုရုံမှ လူကြီးသူမများကို နှစ်စဉ် မြန်မာပြည်ဘုရားဖူးခရီး စီစဉ်ပေးနိုင်သည်။ အသင်းဥက္ကဋ္ဌမှာ ဦးအုန်းကျော်၊ အတွင်းရေးမှူးမှာ ဦးမြင့်သိန်း ဖြစ်သည်။



၁၈။ သုခရိပ်မြုံ - HIV ကူးစက်ခံမိဘမဲ့ ကလေးများဂေဟာ (ဒဂုံမြို့သစ် အရှေ့ပိုင်း) - ၂၀၀၆ခုနှစ်မှာ အုတ်မြစ်ချအခြေတည်ခဲ့ပြီး HIV ကူးစက်ခံ မိဘမဲ့ကလေးငယ်များကို လိုအပ်သည့် ဆေးဝါးများပုံမှန်တိုက်ကျွေးကာ အလှည့်ကျဆရာဝန်များ၊ သူနာပြုများနှင့် ပြုစုပေးနေသလို ဝိသာခါ သီလရှင်ပညာဒါနကျောင်းရဲ့ သင်ရိုးများအတိုင်း ပညာသင်ကြားပေးရာ နေရာ။



၁၉။ ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၊ မှော်ဘီမြို့၊ မင်္ဂလာကျောင်းတိုက် - ၂၀၀၇ နောက်ပိုင်း တရားပွဲများတွင် ယနေ့မြန်မာလူမှုအဖွဲ့အစည်းကို ဝေဖန်ထောက်ပြမှုများဖြင့် ထင်ရှားသူ ဗုဒ္ဓဘာသာတရားပြ ဆရာတော်ဖြစ်သည်။ သုမင်္ဂလာအကျိုးတော်ဆောင်လုပ်ငန်းကို ထူထောင်ပြီး နာဂစ်ကူညီမှုလုပ်ငန်းများ၊ ပညာဒါနလုပ်ငန်းများ၊ ကျန်းမာရေးနှင့် အထွေထွေလူမှုရေးလုပ်ငန်းများအတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်သူ ဖြစ်သည်။


၂၀။ သန်းမြင့်အောင် (စာရေးဆရာမ)၊ နာရေးကူညီမှုအသင်း - စာရေးသားခြင်းအလုပ်ကို အချိန်ပြည့် မလုပ်ကိုင်နိုင်တော့ဘဲ နာရေးကူညီမှုလုပ်ငန်းနှင့်တကွ အခြား အားနည်းသူ ကလေးသူငယ်များ (HIV သင့်ကလေးသူငယ်များ) စောင့်ရှောက်ရေး၊ ရန်ပုံငွေ ရှာဖွေရေး၊ စာပေလောက၊ အနုပညာလောက အသိုင်းအ၀ိုင်းများ၏ ၀ိုင်းဝန်းပါဝင်ဆောင်ရွက်လာရေး စသည့်လုပ်ငန်းများကို စုစည်းဆောင်ရွက်နိုင်သူ။ ၎င်း၏ စာပေရေးသားမှုများတွင်လည်း မြန်မာပြည်၏ အထူးလိုအပ်မှုများ ကြီးမားကျယ်ပြန့်လှသည့် လူမှုရေးဒုက္ခဘေးကို စာဖတ်သူများ စာနာစိတ်၊ သဒ္ဓါစိတ်၊ စေတနာ့ဝန်ထမ်းစိတ်များ ပေါ်ပေါက်လာစေဖို့ အားထုတ်ရေးသားနိုင်သည့် စာရေးဆရာ



၂၁။ ဦးအာစိဏ္ဏ - တေဇာရာမ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း၊ ရွှေပြည်သာမြို့ နယ်၊ ရန်ကုန်တိုင်း - ယခင်က လှိုင်မြို့နယ်(၁၅)ရပ်ကွက် အနောက်အုတ်ကျင်းတွင် တည်ရှိခဲ့သော ဘုန်းကြီးကျောင်းပတ်ဝန်းကျင် သည်စက်ရုံပေါင်းများစွာတည်ရှိသော နေရာဒေသဖြစ်ပြီး ၄င်းစက်ရုံများတွင် အလုပ်လုပ်ကြသော အခြေခံအလုပ်သမားလူတန်းစား မိသားစုများမှာ စက်ရုံနှင့်နီးသောရပ်ကွက်များတွင် အလွန်ဆင်းရဲစွာ နေထိုင်ကြပြီး သူတို့သားသမီးအများစုမှာ မူလတန်းပညာကိုပင် ပြီးဆုံးအောင် မသင်ကြားနိုင်ကြဘဲ အရွယ်ရောက်သည်နှင့်မိဘများနည်းတူ စက်ရုံများတွင်အလုပ်ဝင်ကြခြင်းသံသရာကို မနှစ်မြို့သော ဆရာတော်က နွမ်းပါးသူ ကလေးများအတွက် ဘုန်းတော်ကြီးသင် အခြေခံမူလတန်းကျောင်းကို ၁၉၆၄တွင်တည်ထောင်ပြီး ပိုမိုကောင်းမွန်သော ဘဝများသို့ရောက်ရှိစေရန်ကူညီပံ့ပိုးပေးခဲ့သူ။



၂၂။ ဦးအေးမြင့်၊ (ဦးအေးမြင့်မောင်) လမ်းပြကြယ်ဥပဒေအကျိုးဆောင်အဖွဲ့ - ၂၀၀၃ ခုနှစ်ကတည်းက အဓမ္မလုပ်အားပေးခိုင်းစေခြင်းခံရသူ လယ်သမားများ၊ အလုပ်သမားများနှင့် ရွာသားများအတွက် စစ်အာဏာပိုင်များနှင့် ရင်ဆိုင်ဖြေရှင်းခြင်း၊ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှုများ ပေးခြင်းတို့ကို ဆောင်ရွက်သူ ရှေ့နေတဦး။ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( အိုင်အယ်လ်အို) ထံ စာရင်းများ၊ အချက်အလက်များ ပြုစုတိုင်ကြားခဲ့သဖြင့် စစ်အစိုးရက ထောင်အကြိမ်ကြိမ်ချမှတ်ပြီး အရေးယူခြင်း ခံရသူ ဖြစ်သည်။ ၎င်းအပြင် အသက်မပြည့်ဘဲ စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခြင်း ခံရသူ ကလေးစစ်သားများကို ကာကွယ်စောင့်ရှောက်ခြင်းကိုလည်း ဆောင်ရွက်နေသူ ဖြစ်သည်။ ၎င်း၏ ရှေ့နေလိုက်ခွင့်လိုင်စင်ကို စစ်အစိုးရက ရုတ်သိမ်းခဲ့ပြီး ဖြစ်သည်။



၂၃။ လူမှုထူးချွန်ဆုရ ဦးအောင်မြင်စိုး - တသီးပုဂ္ဂလတဦးအဖြစ် သွေး နှင့်မျက်ကြည်လွှာလှူခြင်း၊ HIV,AIDS ဝေဒါနာရှင်များအား စောင့်ရှောက်ကူညီခြင်း၊ UNICEF နှင့်ပူးပေါင်းပြီး ကလေးသူငယ်များအား ကူညီပံပိုးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်သူ တဦးဖြစ်သည်။ လက်ရှိအစိုးရထံမှ လူမှုထူးချွန်ဂုဏ်ထူးဆောင်အဆင့် ၁ ၊ ၂ ၊ ၃ အဆင့်များ ပေးအပ်ချီးမြင့်ခြင်းခံရသည်။



၂၄။ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ ဦးညီညီထွေး၊ ဦးရန်နိုင်အောင်(ခ)ဦးဖိုးဖြူနှင့် ဦးစောကျော်ကျော်မင်း - မြန်မာနိုင်ငံမှ နိုင်ငံရေးအမှုလိုက်ရှေ့ နေများ - တရားမျှတမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် မိမိတို့တတ်ကျွမ်းသည့်အတတ်ပညာဖြင့် အခမဲ့စေတနာ့ဝန်ထမ်းအဖြစ် ကူကွယ်ရာမဲ့အမှုသည်များအတွက် အမှုလိုက်ကာကွယ် အကျိုးဆောင်ပေးကြသော၊ တရားဥပဒေစိုးမိုးရေးအတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့ကြသော မြန်မာ့ရှေ့နေများ။ (၄င်းတို့အားလုံးမှာ ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားကြရသူများဖြစ်ပါသည်)



၎။ ဧပြီလ ၁၀ နှင့် ၁၁ ရက်တွင် မြို့နယ်များအလိုက် ဖြစ်မြောက်ရေးကိုယ်စားလှယ်အဖွဲ့အသီးသီးက ၎င်းတို့၏ ဆန္ဒအရှိဆုံး ၅ ဦးကို “နောက်ဆုံးဆန်ကာတင်အဖြစ်” ရွေးချယ်ကြမည် ဖြစ်သည်။ ဧပြီလ ၁၂ ရက်မှ ၂၁ ရက်အထိ နောက်ဆုံးဆန်ကာတင် ၅ ဦးကို ပရိသတ်အားလုံးထံသို့ အသိပေးတင်ပြပြီး အင်တာနက်မဲပေးသည့် စနစ်ဖြင့် မဲဆန္ဒရယူပြီး ပြည်သူ့ဂုဏ်ရည် အဖြစ်ဂုဏ်ပြုနိုင်ရန် ရွေးချယ်မည် ဖြစ်သည်။ ဧပြီလ ၂၄ တွင် ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်သည့် အခမ်းအနားကို အိမ်ရှင်အဖြစ် အယ်လ်အေမိသားစုများက ကျင်းပကြမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် မဲအများဆုံး ဆန္ဒပြုခံရသူကို ကြေငြာမည်။



အားလုံးရဲ့ကိုယ်စား

ဦးကိုလေး(အယ်လ်အေ) 626-383-6901 ကိုဝေလ(နယူးယောက်) 718-505-0080 ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717 ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485





ပေးပို့ ပေးသော ကိုဘိုဘို (Los Angeles) အားကျေးဇူးတင်ပါသည်.


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဆေးကုသမှုခံယူရခြင်း။




မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ ညတုန်းက ရန်ကုန်ဆေးရုံကြီးမှာ နှလုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး စစ်ဆေးမှု သွားရောက် ခံယူခဲ့ပါတယ်။



တနင်္ဂနွေနေ့ ညပိုင်း ၉ နာရီ ကျော်လောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံကြီးကို သွားပြီးတော့ ၄၅ မိနစ်လောက်ကြာအောင် ဆေးစစ်မှု ခံယူခဲ့တယ်ဆိုတဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တယောက်ရဲ့ အပြောကို ရန်ကုန်ကလာတဲ့ AFP သတင်းထဲမှာ ကိုးကား ဖော်ပြထားပါတယ်။



ဆေးရုံကြီးမှာ ဆေးစစ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ နေအိမ်ဆီကို သက်ဆိုင်ရာက ပြန်ပို့ပေးခဲ့ပါတယ်။



ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ သူ့ရဲ့ အကျိုးဆောင် ရှေ့နေတွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က သွေးပေါင်ချိန် ကျပြီးတော့ ခေါင်းမူးဝေဒနာ ခံစားနေရတယ်လို့ ပြောပါတယ်။



အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် သူ အကျယ်ချုပ် ချခံထားရတဲ့ နေအိမ်မှာပဲ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက လစဉ် သွားရောက် စစ်ဆေး ကုသပေးနေပါတယ်။




သတင်းရင်းမြစ် VOA

ဖေဖေကိုကျော်မင်းယု(ခ)ဂျင်မီမေမေမနီလာသိန်းတို့ရဲ့ တဦးတည်းသောချစ်သမီးလေးဖြူနေခြည်မင်းယု ရဲ့ (၃)နှစ်မြောက်ကျရောက်တဲ့မွေးနေ့ရက်မြတ်မင်္ဂလာ..




သမီးလေးဖြူနေခြည်မင်းယု၏(၃)နှစ်မြောက်မွေးနေ့


၁၂.၄.၂၀၁၀


ချစ်သမီး အတွက် မေမေ ရဲ့ လွမ်းချင်း...။


သမီးလေး ...သမီးလေး...

နွေးထွေးစွာနဲ့ ချော့သိပ်ချင်ပါတယ်.

ဒါပေမယ်.. မေမေက ဟိုးအဝေးတနေရာမှာလေ...။

သမီးလေး သမီးလေး...

ပျော်ရွှင်စွာနဲ့ ဆော့ကစားချင်ပါတယ်...
ဒါပေမယ့် ..မေမေ ရဲ့ အတွေးတွေပါလေ..။


သမီးလေး ..သမီးလေး..

တယုတယနဲ့သမီးလက်လေးကိုအတူတွဲပြီး ကျောင်းကိုလိုက်ပို့ချင်ပါတယ်..

ဒါပေမယ့် ...မေမေ က(၁၀)ပေပါတ်လည် အခန်းကျဉ်း လေးထဲမှာလေ..။


သမီးလေး..သမီးလေး..

ရယ်သံ လေးတွေ ငိုသံ လေးတွေ နဲ့အတူ သမီးကို မြင်ချင်မိပါတယ်...
ဒါပေမယ့်... မေမေ ဘေးမှာ ဘာမှမရှိဘဲ မေမေ တယောက်တည်းပါလေ..။

သမီးလေး ..သမီးလေး..

သိပ်နှစ်သက်မဲ့ အရုပ်လှလှ လေးတွေ ကို သမီးအတွက် မေမေ ဝယ်ပေးချင်ပါတယ်...

ဒါပေမယ့် ... မေမေ ကိုသိပ်ရက်စက်တဲ့ စစ်ဘီးလူး တွေက ချုပ်နှောင်ထားခဲ့တယ်လေ..။

သမီးလေး..သမီးလေး...

မေမေ ကိုယ်တိုင် နွေးထွေးယုယ စွာနဲ့ ပြုစု ချင်မိတယ်သမီးလေးရယ်...

ဒါပေမယ့် ... အခုတော့ မေမေ လုပ်ပေးချင်တာတွေကို အိပ်မက် လေးထဲကနေပြီးလုပ်ပေးနေလိုက်ပါတယ်..။

သမီးလေး သမီးလေး....
ဧပရယ် ရဲ့ နေ့လေးတနေ့ မှာ မေမေ တို့ မိသားစု လေးအပြုံးကိုယ်စီ နဲ့ ပြန်တွေ့ကြမယ်နော်...

ဒါပေမယ့် ...အဲဒီနေ့လေးကတော့ သမီးလေး ရဲ့ မွေးနေ့ လေးပေါ့ သမီးလေးရယ်..။


မှတ်မှတ်ရရ

မွေးနေ့လက်ဆောင်
မြတ်လေးငုံ

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်မင်ယု (ခ) ကိုဂျင်မီနှင့် မနီလာသိန်း တို့၏ တဦးတည်း
သော သမီးလေး ဖြူနေခြည်မင်းယုရဲ့ (၃)နှစ်ပြည့် မွေးနေ့လေးမှ စပြီး မိသားစုတွေ
အမှန်ဆုံး ပြန်လည်
ဆုံတွေ့ နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်.။


သမီးလေး ဖေဖေ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ ကတော့ ယခုအချိန် တွင်အာဏာပိုင် များ၏ မတရား
ဖမ်းဆီး
ထိမ်းသိမ်းခြင်းကိုခံခဲ့ရပါသည်.။မြန်မာနိုင်ငံ တောင်ကြီးမြို့၏ အကျဉ်းထောင်ထဲတွင်
ထောင်ဒဏ်(၆၅)နှစ် ဆိုပြီ
အာဏာပိုင် များကလူမဆန်စွာဖြင့် ပြစ်ဒဏ်ကိုချမှတ် ခဲ့ပါသည်.။

သမီးလေး မေမေ နီလာသိန်းခေါ် နီမာ ကတော့ ယခုအချိန်တွင်အာဏာပိုင်များ၏မတရားဖမ်းဆီး
ထိမ်းသိမ်းခြင်း ကိုခံခဲ့ရပါသည်.။ မြန်မာနိုင်ငံ သရက်မြို့၏ အကျဉ်းထောင်ထဲ တွင် ထောင်ဒဏ်
(၆၅)နှစ်ဆိုပြီ အာဏာပိုင် များက
လူမဆန်စွာဖြင့် ပြစ်ဒဏ်ကိုချမှတ် ခဲ့ပါသည်.။

သမီးလေးသည်.သူ၏ဖေဖေနှင့်မေမေ အား မတရားသော နည်းမျိုးစုံကိုသုံးပြီး အာဏာအားကိုး
လက်နက် အာကိုးဖြင့် ဖမ်းဆီးချုပ်နှောင် ခဲ့စဉ်တွင် လေးလသား အရွယ်သာရှိခဲ့ပါသေးသည်.။
ယခုအချိန်တွင် သမီးလေး
မှာ အဘိုး၊ အဘွား၊ ဦးလေး ၊ အဒေါ်၊များနှင့်သာ နေနေခဲ့ရပါသည်.။

သူ့၏ အသက်အရွယ်နှင့်မမျှ အောင်ကို စိတ်ဒုက္ခ ခံစားနေရပေမည်ဆိုတာ အမှန်သာဖြစ်နေပေမည်.။
KJM
သမီးလေး အတွက် သမီးလေး မွေးနေ့တွင် ဖေဖေ ကိုကျော်မင်းယုကိုယ်တိုင် ရေးသားခဲ့ သော လုံးချင်းဝတ္တုတပုဒ်ကို ဂျပန် နိုင်ငံ တိုကျိုမြို့ အခြေစိုက် အလင်းအိမ် စာပေမှ လုံးချင်းဝတ္တု အဖြစ် ထုတ်လုပ်ဖြန့်ချိ သွားမည် ဟုသိရပါသည်.။

ထိုဝတ္တုကိုသမီးလေးဖေဖေ ကိုကျော်မင်းယုက ဗဟုလွင်ြပင် ဆိုတဲ့ ကလောင်နံမည်နဲ့ ရေးသားထားခဲ့ ပါသည်.။ ဝတ္တု၏အမည်မှာ(ဝဲသြဃ မှာ တေးသံပြိုင် )ဆိုတာကိုသိရှိခဲ့ရပါသည်.။ ထိုဝတ္တုလေးအား စာဖတ်ပရိသတ်များ အားပေးမည်ဆိုပါက ဂျပန်နိုင်ငံ အလင်းအိမ်စာပေ သို့ တိုက်ရိုက် မှာယူနိုင်ပါကြောင်း ပြောကြား လိုက်ပါသည်.။

Tokyo Shinjuku_ku ,
Takanadobaba 3_7_10
Higari Bld 303
Post Code 169_0075

Tel_(81)3_6313_4178
Fax _(81)3_3915_6443
E mail aalinneain@yahoo.com


မြတ်လေးငုံ

မန်းရွှေစက်တော်ဘုရားပွဲတော်တွင် “စစ်အာဏာရှင်၏ တရားမမျှတသော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်ကြ” စာရွက်စာတမ်းများ ပြန့် နှံ့ ။







မန်းရွှေစက်တော်ဘုရားပွဲတော်တွင် “စစ်အာဏာရှင်၏ တရားမမျှတသော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်ကြ” စာရွက်စာတမ်းများ ပြန့် နှံ့ ခဲ့ကြောင်း သိရှိရပါတယ်။အဆိုပါ “စစ်အာဏာရှင်၏ တရားမမျှတသော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်ကြ” စာရွက်စာတမ်းများအား စစ်အာဏာရူးများအား ဆန့် ကျင်တော်လှန်နေသည့် မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wavw) အဖွဲ့ ဝင်များမှ ပြန့် နှံ့ အောင် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

11 April 2010

ထိုင်းဆန္ဒပြပွဲ ရိုက်တာ သတင်းဌာန ၏ ဂျပန် သတင်းထောက် အပါအ၀င် ၁၅ ဦးသေ စစ်သားသုံးရာ နှင့် အရပ်သား သုံးရာ ကျော်ဒဏ်ရာရဓာတ်ပုံသတင်း

သေဆုံးသွားသည့် ရိုက်တာ ဗီဒီယို သတင်းထောက် ဟီရိုမူရာမိုတို




ထိုင်းကွမ် ဂြိုလ်တုရုပ်သံစခန်း ကို သိမ်းပိုက်ထားစဉ် အတွင်း မျက်ရည်ယိုဗုံးအသုံးပြုစဉ် ဓာတ်ပုံ -၀ီရာပေါင် ဘန်ကောက်ပို့ စ်





စစ်တပ်နှင့် ရဲတပ်ဖွဲ့ ဝင်များထံမှ လက်နက်များ ကို လုယူနေသည့် ဆန္ဒပြသူများ

(ဓာတ်ပုံAP)


ရဲတပ်ဖွဲ့ ဝင်များ ကို ပြန်လည် ခုခံနေသည့် အနီဝတ် တစ်ဦး


ယနေ့ ဘန်ကောက် တွင် ရိုက်တာ သတင်းဌာန ၏ ဂျပန် သတင်းထောက် အပါအ၀င် အနီဝတ် ကိုးဦးသေ ၄၀၀ ကျော် ဒဏ်ရာရ ၊စစ်သား ၆၄ ဦးဒဏ်ရာရရှိသည်




ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေမှာ စနေနေ့ကတော့ ရဲနဲ့ဆန္ဒပြသူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၁၅ ယောက် သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း ၂၀ အတွင်း သေကြေမှု အများဆုံး နိုင်ငံရေး အဓိကရုဏ်းဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ reuter သတင်းထောက် ဂျပန်လူမျိုးတဦးဖြစ်သူ Muramoto hiroi နဲ့ စစ်သားတွေလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူအယောက် ၆၈၀ ကျော်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ သေကြေ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် အထူး ကြေကွဲရပါတယ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိချာချီဝ က စနေနေ့ညက ရုပ်မြင်သံကြားကနေ ပြောသွားပါတယ်။ ဒါပေမဲ့ သူ နှုတ်ထွက်ပေးမည် မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ် ကပြောခဲ့ပါတယ်။



နောက်ဆုံးသတင်းအရ သေဆုံးသူ (၁၈)ဦးရှိသွားသည်ဟုသိရပါသည်.။

ဒီနေ့ည ထိုင်းဆန္ဒပြပွဲ ရဲ့ မြင်ကွင်းပုံရိပ်များ...(ရုပ်သံဗွီဒီယို)

မြန်မာနှစ်သစ်ကူးမှာ မြန်မာပြည်သူတွေ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေရှင်.။

ဟံသာဝတီ ဂျာနယ် .........(နှစ်သစ်ဆုမွန်လွှာ)

Hanthawaddy Journal Volume - 106

ကျပျောက်သွားသော သင်္ကြန်များ ..


ဧပြီလကတော့ ထုံးစံအတိုင်း ပြင်းပြင်းပြပြပူလောင် နေပါ တယ်။ နေပူပူထဲမှာပဲ ငုဝါတွေက ထိန်လင်းစွာ ပွင့်နေပါပြီ်။ မဆီမဆိုင် ရင်ထဲမှာ ရန်ကုန်တက္ကသိုလ်ကိုလည်း လွမ်းမိသေး ၏။ အခုအချိန်ဆိုရင် စိန်ပန်းပွင့်တွေ ရဲရဲတောက်နေလောက် ပြီ။

ဧပြီလကို ကျမ ချစ်ပါတယ်၊ ရာသီဥတု သိပ်ပူတာကလွဲရင် လေ၊ အဲဒီလမှာ ပန်းတွေပွင့်ကြတယ်၊ ပိုပြီးထူးခြားတာက တ နှစ်မှာ တခါပဲပွင့်တဲ့ ပိတောက်ပန်းတွေလည်း ပွင့်တယ်၊ တနှစ် ကနေ နောက်တနှစ်ကို ကူးပြောင်းတဲ့ ရာသီလည်း ဖြစ်တယ်။

နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့တွေကို ကျမတို့ ဗမာတွေက သင်္ကြန်လို့ ခေါ်ကြပါတယ်၊ သင်္ကြန်မှာ နှစ်ဟောင်းက အညစ် အကြေးတွေကို ဆေးကြောတဲ့ သဘောနဲ့ တဦးကိုတဦး ရေပက်ကစားကြတယ်။ ထူးထူးခြားခြား ဖြစ်အောင် အယုတ်အလတ် အမြတ် မရွေးတဲ့ စတုဒီသာကျွေးကြတယ်။ ကျမတို့ငယ်ငယ်က ခုနောက်ပိုင်း ကလေးတွေ မသိမီတော့တဲ့ သံချပ်ကားတွေ ပြိုင်ပွဲဝင်ကြတဲ့ အ လေ့အထရှိ ကြတယ်။

သံချပ်ကားတွေပြိုင်တဲ့ ဓလေ့ကို ကိုယ်လိုနီခေတ်နှောင်းပိုင်းက စခဲ့တယ်လို့ မှတ်သားခဲ့ဘူးပါတယ်။ ဗိုလ်တထောင်မြို့နယ်ထဲက ဗမာ သူဋ္ဌေး တဦးက စတင်ခဲ့ပါတယ်၊ အဲဒီ အချိန်က အင်္ဂလိပ်အစိုးရရဲ့ အမြီးအမောက် မတဲ့မှုတွေကို သရော်လှောင်ပြောင်ခဲ့ ကြပါတယ်။

ဖ.ဆ.ပ.လ အစိုးရခေတ်မှာ ဆရာကြီး နေသွေးနီ၊ ဆရာဒေါင်းနွယ်ဆွေတို့ဟာ ထင်ရှားတဲ့ သံချပ်သမားတွေ ဖြစ်ကြပါတယ်၊ အဲဒီ ခေတ်က ကျော်ကြားခဲ့တဲ့ အလှကားအမည်က ဘုရားပေးတဲ့ ပုဒ်မ (၅) ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက် အလှကားတွေ ပြိုင်ပွဲဝင်တဲ့ဓလေ့ကို ဆက်လက်ခွင့်ပြုပေမဲ့ မဟာသင်္ကြန် ကြီးကြပ် ရေးကော်မတီဖွဲ့ပြီး စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အရမ်းတော့ မတင်းကျပ်ပါဘူး၊ အစိုးရကို အထိုက်အလျောက်တော့ ဝေဖန် ခွင့်ရကြပါတယ်။ ၁၉၇၄ ခုနှစ် နောက်ပိုင်း ပါတီ၊ ကောင်စီက လူကြီးတွေနဲ့ မဟာသင်္ကြန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့လို့ အမည် ပြောင်းလဲခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဆုအဖြစ် ဂုဏ်ပြုတံဆိပ်တွေကိုပဲ ချီးမြှင့်လေ့ရှိပါတယ်၊ ၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်ရောက်မှ ငွေသားကိုဆုအဖြစ် ချီးမြှင့်ပါတယ်။ အလှကား တစီးထွက်မယ်ဆိုရင် ဖြတ်ကျော်ရတဲ့ အဆင့်တွေ ရှိပါတယ်၊ ပထမ ဦးဆုံး အသင်းကိုခေါင်းဆောင်သူဟာ အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ရပါတယ်၊ ပြီးတာနဲ့ မဟာသင်္ကြန် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ထံ ရေးထားတဲ့သံချပ်တွေကို တင်ပြရပါ တယ်။ အဲဒီ အဖွဲ့က ခွင့်ပြုမိန့်ကျလာမှ သံချပ် စတင်တိုက်ခွင့်ရပါတယ်။ သင်္ကြန်နားနီးလာပြီဆိုရင် ဝတ်စုံပြည့်နဲ့ ကြီးကြပ်ရေး ကော်မ တီမှာ အရင်ဆုံး ကပြရပါတယ်။

၁၉၇၀ ကျော် ခုနှစ်တွေတုန်းက နာမည်ကြီးတဲ့ သံချပ်ကားတွေက မောင်မောင်ဆိုလေ ထီးရိုးရှည်၊ ပဒီးပဒါး၊ သင်္ကြန် မြင်ကွင်းကျယ် တို့ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်က စပြီး အစိုးရကို အကြည်ညိုပျက်စေတဲ့ သံချပ်တွေကို ပြင်းပြင်းထန်ထန် တားမြစ်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ဘုန်းတော်ဘွဲ့များများပါတဲ့ သံချပ်ကားတွေ နာမည်ကြီးလာပါတယ်၊ အဲဒီ အချိန်က နာမည်ကြီးကားတွေက စမ်းချောင်း မြို့နယ်ကထွက်တဲ့ လောကနတ်၊ တခြားမြို့နယ်တွေက အနန္တစွမ်းအားရှင်၊ ပြည်သူ့တရားရှင်၊ ဆလိမ်ဆရာကြီး၊ ယဉ်ကျေးမောင်တို့ ဟာ စွယ်စုံဆုရှင်တွေ ဖြစ်လာကြပါတယ်။

အဲဒီ အချိန်တုန်းက တပ်မတော် (ရေ)၊ တပ်မတော် (လေ) ကနေ အလှကားထွက်ပါတယ်၊ တပ်မတော်က ထွက်တာမို့လို့ ဘုန်းတော် ဘွဲ့တွေ ရွတ်နေမယ် မထင်ပါနဲ့၊ မ.ဆ.လ ပါတီအတွင်းက လောက်ကိုက်နေတာကို ဖော်ထုတ်ပြပါတယ်၊ ဧရာဝတီရေတပ်စခန်းဌာန ချုပ်က မဏ္ဍပ်မှာတော့ ဗိုလ်မှူး ဝင်းမောင်သိန်းက နိုင်ငံတော်ကို ဝေဖန်ထောက်ပြတဲ့ သံချပ်တွေက လိုကိုလိုအပ်တယ်တဲ့၊ ဒါကြောင့် သူဦးစီးတဲ့ မဏ္ဍပ်မှာတော့ သံချပ်ကားကောင်းကောင်းတွေကိုပဲ ဆုပေးလေ့ ရှိပါတယ်။

၁၉၈၀ ခုနှစ် ဝန်းကျင်မှာတော့ ဆုကိုငွေသားနဲ့ ပေးလာကြပါတယ်၊ ရပ်ကွက်တွေထဲမှာ အလှူငွေကောက်ခံပြီး ဆုပေး ကြပါတယ်၊ အ လှူငွေ များများရတဲ့ မဏ္ဍပ်တွေက ဆုအဖြစ်ပေးတဲ့ ငွေသားပမာဏ များကြပါတယ်။

ကျမ ကောင်းကောင်း မှတ်မိတဲ့ အချိန်က ၁၉၈၀ ခုနှစ် နောက်ပိုင်းတွေပါ၊ အဲဒီ အချိန်က ကျမတို့ နေထိုင်တဲ့ သင်္ဃန်းကျွန်းမြို့နယ်က ကနေ အလှကားတွေ တော်တော်များများ ထွက်ကြပါတယ်၊ အကြောင်းရင်းကတော့ သင်္ဃန်းကျွန်းမြို့နယ် မဟာသင်္ကြန် ကြီးကြပ်ရေး ကော်မတီက သံချပ်တွေ စီစစ်ရာမှာ သဘောထား ပျော့ပြောင်းလို့ပါ။

၁၉၈၂ - ၈၃ လောက်မှာ မြန်မာပြည်ဟာ ဆိုရှယ်လစ် စနစ်အောက်မှ ပို၍ ပို၍ ဆုတ်ယုတ်လာပါတယ်၊ စိစစ်ရေးတွေ ကြားထဲက တ ချို့သံချပ်တွေဟာ ဖြတ်ကျော်လာပါတယ်။ မအောင်မြင်တဲ့ ဆိုရှယ်လစ်စနစ်ကို မသိမသာဝေဖန်လာကြပါတယ်၊ အဲဒီလို ဝေဖန်မှုတွေ ကို ပြည်သူတွေက တခဲနက် အားပေးကြပါတယ်။

အဲဒီတုန်းက အနုပညာအရရော နိုင်ငံရေး အရပါ အဆင့်မြင့်တဲ့ အလှကားတွေက မင်းကိုနိုင် (သို့) ပေါ်ဦးထွန်း ပါဝင်တဲ့ ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ၊ ကဗျာဆရာ မောင်စိမ်းနီ ဦးစီးတဲ့ အပြာရဲ့အနီ၊ ဆူးကြားက ဘူးခါး၊ ဂနိုင်မှ နှင်းဆီ တို့ကို ပြည်သူတွေ နှစ်ခြိုက်အားပေးပါ တယ်၊ ဒိုင်တွေ ဆုရွေးချယ်ဖို့ အတွက်တော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။

မဏ္ဍပ်တွေမှာ ဒိုင်တွေက အများအားဖြင့် ပါတီနဲ့ ကောင်စီက လူတွေများတော့ သံချပ်တွေ ကောင်းနေရင်တောင် ပေါ်လစီအရ ဆုပေး ဖို့ ခက်ခဲနေတာပါ၊ အချို့လူကြီးတွေကတော့ ဝေဖန်တာလိုအပ်တယ်ဆိုပြီး ဆုပေးပေမယ့် စွယ်စုံဆုလို့ခေါ်တဲ့ ဆုကြေးအများဆုံးကို တော့ ပေးလို့မရပါဘူး။ တချို့ကလဲ ဆုမရရင်နေပါ အစိုးရကို ဝေဖန်ချင်လို့ အလှကား ထွက်ကြပါတယ်။

၁၉၈၈ခုနှစ် မတ်လ အရေးတော်ပုံအပြီး သင်္ကြန်မှာ ပြည်သူလူထုက ကျောင်းသားတွေရဲ့ အခြေအနေကိုဖော်ထုတ်မယ့် သံချပ်ကား တွေကို စောင့်မျော် နေခဲ့ပါတယ်၊ ကဗျာဆရာ မောင်စိမ်းနီ ဦးစီးတဲ့ သံချပ်ကားက …

“ရာဇဝင်ထဲမှာ ချစ်တတ်ဖို့ရာ
သစ္စာဖွဲ့ ချီလာခဲ့ပြီ
အပြာရဲ့ အနီ”


ဆိုတဲ့ အသံနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။ သံချပ်တွေက တက္ကသိုလ်ထဲမှာ ကျောင်းသားတွေခံစားခဲ့ရတဲ့ အခြေအနေကို ထင်ဟပ်ပြသခဲ့ပါ တယ်၊ သူတို့က သံချပ်ကို စီစစ်ရေးတင်တော့ သူတို့ထွက်တဲ့ သာကေတမြို့နယ်က မတင်ဘဲ ဒေါပုံမြို့နယ်ကနေ တင်ခဲ့ပါတယ်၊ ဒေါပုံမြို့နယ်က ကြီးကြပ်ရေးက ဆင်ဆာမဖြတ်ပါဘူး၊ အဲဒီကားမှာ တက္ကသိုလ်ကျောင်းသား ထွန်းမြတ်သူက ဦးဆောင်ပြီး သံချပ် တိုင်ပါတယ်။

သင်္ကြန်ရက်တွေမှာ အပြာရဲ့အနီက မဏ္ဍပ်တိုင်းလိုလိုမှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ပြည်သူတွေက တခဲနက် အားပေးကြပါတယ်။ ရဲထောက်လှမ်းရေးတွေက နောက်ကလိုက်တဲ့အခါမှာ ပြည်သူတွေက အကာအကွယ်ပေးခဲ့ကြလို့ မဏ္ဍပ်မှာ ဝင်ဖမ်းလို့မရခဲ့ပါဘူး။ သင်္ကြန်ပြီးတော့ သူတို့ကိုဖမ်းပြီး အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲပေမဲ့ သံချပ်မှာ သူတို့ သုံးခဲ့တဲ့ကဗျာတွေက တရားဝင် ခွင့်ပြုခဲ့တဲ့ မြန်မာဖတ်စာထဲက ကဗျာတွေ ဖြစ်နေလို့ အမှုမမြောက်ပါဘူး။

အဲဒီခေတ်က သံချပ်ကားတွေကနေ ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေ ထွက်ပေါ်ခဲ့ပါတယ်၊ ဗေလုဝ ဆိုရင် သံချပ်ကားတွေမှာ သရုပ်ပြလုပ်ရင်း အနုပညာလောကမှာထဲမှာ ရပ်တည်နိုင်သွားခဲ့ပါတယ်၊

အဲဒီ အလေ့အထက ချစ်စရာကောင်းပါတယ်၊ အနုပညာ သမားကြီးတွေက အနုပညာသမားအငယ်တွေကို မွေးထုတ်ပေးကြရာမှာ စင်မြင့်တခု ဖြစ်ခဲ့ပါတယ်။ အပြင်းပြေရုံတွင်မကဘဲ ပြည်သူကို အတွေးတွေပေးနိုင်ခဲ့ပါတယ်။ ပြည်သူနဲ့ ဝေဖန်ထောက်ပြချင်သူတို့ တိုက်ရိုက်တွေ့ဆုံနိုင်တဲ့ နေရာတခုပါ။

၁၉၈၉ ခုနှစ်မှာတော့ စစ်တပ်အုပ်စိုးသူတွေက ဆုပေးမဏ္ဍပ် ဆောက်လုပ်ခွင့် မပေးတော့ပါဘူး၊ နိုးကြားနေတဲ့ ပြည်သူနဲ့ နိုးကြားနေတဲ့ ဝေဖန်ရေးသမားတွေကို တိုက်ရိုက်ဆက်ဆံခွင့် မပြုတော့ပါဘူး။

ဒါပေမဲ့ ဒီအလေ့အထကို ချစ်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီဌာနချုပ်မှာ ဆုပေးမဏ္ဍပ် ဆောက်လုပ်ခဲ့ပါတယ်၊ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့နဲ့ ဗေလုဝ ဦးဆောင်တဲ့ ဌာနချုပ်ရုံးအဖွဲ့က ဧည့်ခံဖျော်ဖြေ ခဲ့ပါတယ်။ အဲဒီ အချိန်က ဌာနချုပ်ဟာ အန်တီစုရဲ့ဘေးခြံမှာမို့လို့ တက္ကသိုလ်ရိပ်သာလမ်းမှာ ပြည်သူတွေနဲ့ ကြက်ပျံမကြ စည်ကားခဲ့ပါတယ်။

မြို့နယ်တွေက ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။ ပထမဆုကို ပုဇွန်တောင်မြို့နယ်က ရရှိခဲ့ပါတယ်။ ဒုတိယဆုကိုတော့ ကျမတို့ သင်္ဃန်း ကျွန်းမြို့နယ်က ရရှိခဲ့ပါတယ်၊ ဒေါ်အောင်ဆန်းဆုကြည်ကိုယ်တိုင် ဆုပေးခဲ့ပါတယ်။

၁၉၉၀ ခုနှစ်ကစပြီး ဆုပေးမဏ္ဍပ်တွေကို ပြည်သူအများ မြင်ခွင့် မရတော့ပါဘူး။ ၁၉၉၃ ခုနှစ်လောက်မှာတော့ မြို့တော်ဝန် မဏ္ဍပ် ဆိုပြီး ပြန်လုပ်ခဲ့ပေမဲ့ အများပြည်သူ စိတ်မဝင်စားပါဘူး၊ ဘုန်တော်ဘွဲ့ ရွတ်ဆိုပွဲ တခုပါပဲ၊ အစိုးရကို အကြည်ညိုပျက်စေသော စကား လုံးများကို မသုံးနှုံးပါဘူးဆိုတဲ့ ကတိဝန်ခံချက် ပေးရပါတယ်။ ဘုန်းတော်ဘွဲ့မရွတ်ချင်တဲ့ ပညာရှင်တွေကတော့ ဝါသနာကို အပြီးအပိုင် စွန့်လွှတ် လိုက်ကြပါတယ်၊ ပြည်သူတွေလဲ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး ဘယ်သူမှ မကြည့်ကြတော့ပါဘူး၊ စီပွားရေး လုပ်လိုသူတွေက ဘုန်းတော်ဘွဲ့ကို နာနာရွတ်ပြီး လုပ်ပိုင်ခွင့် သေးသေးမွှားမွှားရဘို့ အသည်းအသန် ကြိုးစားကြပါတယ်။

ဘာပဲဖြစ်ဖြစ် ချစ်စရာကောင်းတဲ့ ဓလေ့တခုကတော့ ...
စစ်အာဏာရှင်တွေ လက်အောက် ကျပျောက်ခဲ့ပါတယ်။

ခင်ငြိမ်းသစ်