03 February 2013

“၈၈ ကျောင်းသူ မ၀င်းမော်ဦးအကြောင်း ဒါရိုက်တာအဏ်ထော်ဏီ ရုပ်ရှင်ရိုက်ကူးမည်”

 
 

၈၈ အရေးအခင်းမှာ အသက်ပေးဆပ် ပြီး လှုပ်ရှားခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ မ၀င်းမော်ဦး
အကြောင်းကို ရုပ်ရှင်ဇာတ် ကားအဖြစ် အသက်သွင်းဖို့ စီစဉ်နေ တယ်လို့ ဒါရိုက်တာ
အဏ်ထော်ဏီက ဆိုပါတယ်။

စစ်တပ်မှ အာဏာသိမ်းယူလိုက်တဲ့ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့ ကုန်အပြီး နောက်
တစ်နေ့ဖြစ်တဲ့ ၁၉ ရက်နေ့မှာ အလက(၄) ကြည့်မြင်တိုင်မှ ကျောင်းသူများဟာ ဗိုလ်ချုပ်ဓာတ်ပုံ
ကိုင်ဆောင်ပြီး ထိပ်ဆုံးကနေ ချီတက် လာခဲ့စဉ် ပစ်ခတ်ခံရတာကြောင့် ရှစ်တန်းကျောင်းသူ
မ၀င်းမော်ဦးဟာ ကျဆုံး သွားခဲ့ရတာ ဖြစ်ပါတယ်။ မောင်နှမ ခြောက်ဦးမှာ အကြီးဆုံးသမီးဖြစ်
ပြီး ကွယ်လွန်ချိန်မှာ အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။

အရင်က ဒီဗီဘီရုပ်သံကနေ ထုတ်လွှင့် တဲ့သတင်းနဲ့ မ၀င်းမော်ဦး နှစ်ပတ်လည် မတိုင်ခင်
ဂျာနယ်တွေမှာ ဖော်ပြတဲ့ သတင်းတွေကြောင့် သူ့အကြောင်းကို ပိုသိလာပြီး ရုပ်ရှင်ကား
ဖန်တီးဖို့ စိတ်ကူးရခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာ အဏ်ထော်ဏီက ဆိုပါတယ်။

"ရုပ်ရှင်အတွက် ကျွန်တော် မ၀င်းမော်ဦးရဲ့မိသားစုနဲ့ လေးကြိမ်တွေ့ဆုံခဲ့ပါတယ်။ သူ့ဖခင်ဆီ
ကနေ မ၀င်းမော်ဦးနဲ့ မိသားစုမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် အစစ်တွေကို ကျွန်တော် ကြားချင်
တယ် လို့ ပြောခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဇာတ် အစစ်လေးကိုပဲ ကျွန်တော့်ကို ပြောပြဖို့ တောင်း
ဆိုခဲ့ပါတယ်။ အဲဒီအပေါ်မှာပဲ ဇာတ်အိမ်ဖွဲ့ပြီး ကျွန်တော်ဇာတ်လမ်း ရေးခဲ့ပါတယ်"လို့ မြန်မာ
တိုင်း(မ်)ကို ပြောပါတယ်။

ဇာတ်ကားအတွက် ၀တ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် သူကိုယ်တိုင်ပဲ တာဝန်ယူဖန်တီး
သွားမှာဖြစ်တယ်လို့ လည်း ဆိုပါတယ်။ မတ်လမှာ သရုပ် ဆောင်တွေကို ရွေးချယ်သွားမှာ
ဖြစ်ပြီး ဧပြီလမှာ ကျရောက်မယ့် မြန်မာ့နှစ်ဆန်း တစ်ရက်နေ့မှာ ရုပ်ရှင်စတင်ရိုက်ကူး
သွားမယ်လို့ ဆိုပါတယ်။

သုံးလခန့် အချိန်ယူ ရိုက်ကူးမှာဖြစ်ပြီး လာမယ့်စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်မယ့်
မ၀င်းမော်ဦး ကျဆုံးခြင်း (၂၅)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားအမီ ရုံရက်ချိတ်နိုင်အောင်
ကြိုးစားသွားမှာဖြစ်သလို ပြည်တွင်း ရုပ်သံလွှင့်ဌာနတစ်ခုခုနဲ့ ချိတ်ဆက်ပြီး လည်း ပရိသတ်
အားလုံးကြည့်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း သူက ပြော ပါတယ်။

"၁၆ နှစ် ရှစ်တန်းကျောင်းသူအရွယ်၊ သူ့လိုမျိုး စိတ်ဓာတ်ပြင်းပြတဲ့သူ၊ နောက်က ပံ့ပိုးပေးနိုင်
မယ့် ကျောင်းသား၊ ကျောင်းသူနဲ့ သူ့ရဲ့မိသားစုနေရာမှာ လိုက်ဖက်မယ့်သူတွေကို ရွေးချယ်သွား
မှာပါ။ မ၀င်းမော်ဦးနဲ့အတူ သူငယ်ချင်း ယောက်ျားလေးနှစ်ဦးလည်း ကျဆုံးခဲ့ ပါတယ်။ သူတို့
တစ်တွေကို ကူခဲ့တဲ့ ဒေါက်တာဝင်းဇော်နဲ့ ဒေါက်တာစောလွင်တို့ နှစ်ဦးနဲ့ တတ်နိုင်သလောက်
တူ တဲ့ သရုပ်ဆောင်တွေကိုလည်း ရှာဖွေ ရွေးထည့်သွားပါမယ်"လို့ ဒါရိုက်တာ အဏ်ထော်ဏီ
က ပြောပါတယ်။

"သူ့ဖခင်ပြောပြချက်အရ ဒေါက်တာ ၀င်းဇော်ကတော့ ရှိသေးတယ်လို့ သိရ ပါတယ်။ ဆရာဝန်
အသင်းတိုက်ကနေ တစ်ဆင့် ကျွန်တော်သူ့ကို ကြိုးစားရှာ ဖွေနေပါတယ်။ သူတို့ဆီကနေ
မ၀င်းမော်ဦး နောက်ဆုံးပြောခဲ့တဲ့ စကားတွေ ကို နည်းနည်းပါးပါး ရချင်ရမှာပါ။ အဲဒီ အခိုက်
အတန့်က လျှပ်တစ်ပြက်မြင်ကွင်း တွေကိုလည်း ကြားရနိုင်ပါတယ်" လို့ သူက ပြောပါတယ်။

မကွယ်လွန်ခင် ဆေးရုံမှာ ဖခင်ဖြစ်သူကို ဒီမိုကရေစီအစစ်ရမှ သူ့အတွက် အမျှဝေဖို့ ကတိ
တောင်းခံခဲ့ပြီး လာမယ့် ၂၅ နှစ်ပြည့်နှစ်ပတ်လည်မှာ ဖခင်ဖြစ်သူက အမျှပေးဝေမှာဖြစ်ပြီး
ဇာတ်သိမ်းကို လည်း အမျှဝေတဲ့မြင်ကွင်းနဲ့ပဲ အဆုံး သတ်မှာဖြစ်တယ်လို့ ဒါရိုက်တာက
ပြောပါတယ်။