05 February 2013

အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေမှ ပြစ်မှုနှင့် ပြစ်ဒဏ်များကို" ပြင်ဆင်ရုပ်သိမ်းမည်

 ယခင် စစ်အစိုးရလက်ထက်မှ ပြဋ္ဌာန်းထားခဲ့သော အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေမှ ပြစ်မှုနှင့် ပြစ်ဒဏ် အချက်များကို ပြင်ဆင် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြောကြားခြင်းမှာ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေ ရုပ်သိမ်းသည့် ဥပဒေကျမ်းကို တင်သွင်းခဲ့စဉ် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင် ပြောကြားရာတွင် ယခင်စစ်အစိုးရ လက်ထက်က ထုတ်ပြန်ထားသော အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေတွင် အခန်း ၁၃ ခန်း၊ ပုဒ်မ ၅၂ တို့ ပါဝင်ပြီး အဓိကရည်ရွယ်ချက်များ အနေဖြင့် အီလက်ထရွန်နစ် ဆက်သွယ်ရေးနည်းဖြင့် အင်တာနက်ကို အသုံးပြု၍ ကုန်သွယ်မှုပြုခြင်း၊ e-commerce, e-government, Online Banking စနစ်များ ဆောင်ရွက်ရာတွင် တစ်ဦးနှင့် တစ်ဦး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လူချင်းမြင်တွေ့ ဆက်ဆံခြင်း မဟုတ်ဘဲ ယုံကြည်စိတ်ချရမှုအတွက် ဖြည့်ဆည်းပေးရန် ဖြစ်ကြောင်း၊ နည်းပညာ ပြဋ္ဌာန်းချက်များ ဖြစ်သည့် အီလက်ထရွန်နစ် နည်းပညာဖြင့် ဆက်သွယ် ဆောင်ရွက်ရာတွင် သက်သေခံလက်မှတ် ထုတ်ပေး သည့် ပြဋ္ဌာန်းချက်နှင့် အီလက်ထရွန်နစ် နည်းပညာ အသုံးပြု ကျူးလွန် သည့် ပြစ်မှုများအတွက် ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း ဦးသောင်းတင်က ပြောသည်။ “အီလက်ထရွန်နစ် ဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး ကျူးလွန်တဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ် ပြဋ္ဌာန်းချက်များမှာ ၂ ပိုင်းပါဝင် ရေးဆွဲထားပါတယ်။ 

ဥပဒေရဲ့ ဒုတိယပိုင်းမှာပါရှိတဲ့ ဖော်ပြပါ ပြစ်မှုပြစ်ဒဏ်များ အခန်း ၁၂ တွင် ပါဝင်တဲ့ ပြဋ္ဌာန်းချက်တွေမှာ နိုင်ငံတော် လုံခြုံရေး သတင်းအချက်အလက် နည်းပညာကို အသုံးပြုပြီး ကျူးလွန်တဲ့ ပြစ်မှုတွေက ကာကွယ်တားဆီးနိုင်ရေးအတွက် အဓိကရေးဆွဲထားတာ ဖြစ်တာကြောင့် ယနေ့ သတင်းအချက်အလက်ကို ပိုမိုပွင့်လင်းစွာ စီးဆင်းစေခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့ရဲ့ ရှုထောင့်တွေက ကြည့်မယ်ဆိုရင် ပြင်ဆင်ပယ်ဖျက်ရန် လိုအပ်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နေပါတယ်” ဟု ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။ စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းထားသော အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေကို ၂၀၀၄ ခုနှစ် ဧပြီ ၃၀ ရက်တွင် ကြေညာချက်အမှတ် ၅/၂၀၀၄ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းဥပဒေကို ယခုအခါ ခေတ်နှင့် လျော်ညီသော အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေတစ်ရပ်အဖြစ် ပြန်လည် ရေးဆွဲသွားမည်ဖြစ်ပြီး ဥပဒေသစ် ထွက်ရှိလာပါက ဥပဒေဟောင်းကို ပယ်ဖျက်သွားမည် ဖြစ်သည်။

 “အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေရုပ်သိမ်းပေးရန် အချက်နှင့် စပ်လျဉ်းပြီး ခေတ်စနစ် နဲ့ လျော်ညီပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်း ဆောင်ရွက်နိုင်တဲ့ e-commerce ဖွံ့ဖြိုးတိုးတက်မှုကို ထူးချွန်ထက်မြက်သော မြန်မာအိုင်တီလူငယ်များ၏ တီထွင်မှုစွမ်းအား ကို ဖော်ထုတ်နိုင်ရန် အားပေးသည့် ဥပဒေတစ်ရပ်ကို လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များ၊ အိုင်တီပညာရှင်များ၊ ဆွေးနွေးတိုင်ပင်၍ နိုင်ငံတကာမှ ဥပဒေနှင့်ပညာရှင်များ၏ အကူအညီဖြင့် အသစ်ရေးဆွဲ သင့်ပါတယ်။ ဥပဒေရုပ်သိမ်းတဲ့ အခါမှာလည်း ဥပဒေသစ် အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ယခုဥပဒေ တစ်ခုလုံးကို ရုပ်သိမ်းခြင်း ပြုသင့်ပါတယ်” ဟု ဦးသောင်းတင်က အကြံပြု ပြောကြားခဲ့ကြောင်း   ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "