06 February 2013

ထူးကုမ္ပဏီလက်အောက်ရှိ လုပ်ငန်းအားလုံး ယခုနှစ်အတွင်း အများပိုင်ပြောင်းမည်

 ထူးကုမ္ပဏီလက်အောက်ရှိ အမြတ်အစွန်း ရရှိနေသော လုပ်ငန်းများ အားလုံးကို ၂၀၁၃ ခုနှစ်အတွင်း အများပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ထူးထရေးဒင်းကုမ္ပဏီမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးရဲမင်းဦးက ပြောသည်။ မကြာသေးမီ ရက်ပိုင်းအတွင်းက ထူးကုမ္ပဏီအုပ်စုပိုင် အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် (AGD Bank) ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲမည်ဟု ကြေညာပြီးနောက် အခြား အမြတ်အစွန်း ရရှိနေသည့် လုပ်ငန်းများကိုပါ အများပိုင်အဖြစ် ပြုလုပ်မည်ဟု ဦးရဲမင်းဦးက ပြောကြားခြင်း ဖြစ်သည်။ “AGD ဘဏ်အပြင် ထူးကုမ္ပဏီ အုပ်စုအောက်မှာရှိတဲ့ အကျိုးအမြတ် ရရှိနေတဲ့ လုပ်ငန်းတွေ အားလုံးကို အများပိုင်အဖြစ် ဒီနှစ်ထဲမှာ တော်တော်များများ ပြောင်းဖို့ ရှိပါတယ်။ ဘယ်လုပ်ငန်းတွေဆိုတာကိုတော့ လုပ်ငန်းပိုင်း သဘောသဘာဝအရ မပြောနိုင်သေးပါဘူး” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင် ဦးတေဇပိုင်ဆိုင်သော ထူးကုမ္ပဏီ အုပ်စုအောက်၌ ကျောက်စိမ်း ကျောက်မျက်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ ကျွန်းသစ်လုပ်ငန်း၊ လောင်စာဆီလုပ်ငန်းတို့ကို လုပ်ကိုင်လျက် ရှိသည်။ ယင်းသို့ နာမည်ကျော် ကုမ္ပဏီ အုပ်စုကြီးတစ်ခုမှ ၎င်းပိုင် လုပ်ငန်းများကို တစ်ဦးတည်းပိုင်မှ အများပိုင်အဖြစ်သို့ ပြောင်းလဲပေးခြင်းအပေါ် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။ “ပွင့်လင်းလာတဲ့ ဈေးကွက်စီးပွားရေးမှာ တိုးချဲ့တယ်လို့ပဲ ပြောရမှာပေါ့။ ငွေစာရင်း သဘောအရဆိုလျှင် ငွေခေါ်တဲ့ သဘောပါပဲ။ ဒါပေမယ့် အများပိုင် ကုမ္ပဏီကို ဘယ်လို အချိုးအစားနဲ့ လုပ်မလဲဆိုတာ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးတယ်။ Public Offering လို့ခေါ်တဲ့ ရှယ်ယာဝင်မယ့် သူတွေအပေါ် ထင်သာမြင်သာမှုရှိအောင် လုပ်ဖို့ လိုတယ်။ မစ်ဆူဘီရှီတို့လို ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးတွေ ဖြစ်ဖို့ဆိုရင်တော့ ဒီလိုပဲ ရှယ်ယာတွေ ခေါ်ပြီး အများပိုင် လုပ်ရမှာပဲ” ဟု ၎င်းက ပြောကြားကြောင်း  7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။