05 February 2013

တစ်နိုင်ငံလုံး အခမဲ့ ကြည့်ရှုနိုင်သည့် ရုပ်သံလိုင်း ထုတ်လွှင့်မည်

 မြန်မာတစ်နိုင်ငံလုံး အများပြည်သူများ အခမဲ့ကြည့်ရှုနိုင်သည့် ရုပ်သံလိုင်းသစ် Latest Channel ထုတ်လွှင့် ပြသနိုင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း လေဆာဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူ ဒါရိုက်တာ အောင်ကျော်သူရက ၁-၂-၂၀၁၃ ရက်တွင် ပြောကြားသည်။ “ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ဖြစ်နေပါပြီ။ ရုပ်သံထုတ်လွှင့် ပြသသွားမှာပါ။ 

အစီအစဉ်တွေ အားလုံး ရေးဆွဲပြီးပါပြီ။ ဇာတ်လမ်းတွဲတွေ ထုတ်လွှင့်ပေးနိုင်ဖို့ ကုမ္ပဏီက ကိုယ်ပိုင်ရိုက်ကူးထားတဲ့ ဇာတ်ကား ၂၀ ကျော်လောက် ရှိပါပြီ။ ခုနစ်ကားတော့ ဆင်ဆာကျပြီးသား ပါ။ ဇာတ်ကားတွေကို အဆင့်မီအောင် ကြိုးစားရိုက်ကူးထားပြီး ဇာတ်ကားရဲ့ အသံစနစ်တွေ ကောင်းမွန်အောင် ဆောင်ရွက်ထားပါတယ်” ဟု ကိုအောင်ကျော်သူရက ပြောကြားသည်။ 

ထို့ပြင် “ကုမ္ပဏီအနေနဲ့ ရုပ်သံထုတ်လွှင့်မှု တချို့ကို ကိုရီးယားနည်းပညာ အသုံးပြုသွားမှာ ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံက ရုပ်သံလိုင်းတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်မှု ထားပြီးပါပြီ။ ကျွန်တော်တို့ Latest Channel အနေနဲ့ နောင်မှာ ကမ္ဘာကို မထုတ်လွှင့်နိုင်ဘူးလို့ မပြောနိုင်သလို အခုစတင်ကတည်းက အဆင့်အတန်းမီအောင် ကြိုးစားလုပ်ဆောင်နေပါတယ်။

 ပြည်ပမှ ထုတ်လွှင့်တဲ့ Channel V, MTV လို ကျွန်တော်တို့အနေနဲ့ အဆိုတော်တွေကို ငှားရမ်းပြီး အသစ်သစ်တွေ ဖန်တီးရိုက်ကူးကာ ပရိသတ်ကို ထုတ်လွှင့် ပြသသွားမှာပါ။ ကျွန်တော်တို့ Latest Channel အနေနဲ့ ပြည်ပက ထုတ်လွှင့်ပြသတဲ့ ရုပ်သံလိုင်းတွေကို ဝယ်ယူထုတ်လွှင့် ပြသသွားမှာ မဟုတ်ဘဲ မိမိကိုယ်ပိုင်စိတ်ကူး၊ တီထွင်ဆန်းသစ်မှုတွေ ကိုသာ အဓိကပြုလုပ် ထုတ်လွှင့်သွားမယ်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။ Latest Channel ရုပ်သံလိုင်းအား အင်တာနက်တွင် ကြည့်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပြီး ရုပ်သံထုတ်လွှင့်မှုကို ဒီဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့်သွားမည်ဟု သိရကြောင်း   ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""