03 February 2013

အကောက်ခွန်ဦးစီးဌာနကို အာဆီယံနိုင်ငံပုံစံ ဖွဲ့စည်းပုံအဖြစ်" ပြောင်းလဲဆောင်ရွက်မည်

 ၂၀၁၅ ခုနှစ်တွင် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဇုန် (AFTA) အဖြစ် ပြုလုပ်ပါက ပိုမိုလွယ်ကူစွာ လုပ်ငန်း လုပ်ဆောင်နိုင်ရန်အတွက် အကောက်ခွန်ဦးစီးဌာနကို အာဆီယံနိုင်ငံ ပုံစံ ဖွဲ့စည်းပုံအဖြစ် ပြုလုပ်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ စီမံရေးရာဌာန ဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြောသည်။ ၂၆.၁.၂၀၁၃ ရက် ညနေပိုင်းက အဆိုပါရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၄င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ “အာဆီယံပုံစံအတိုင်း ပြုလုပ်မယ့် ဖွဲ့စည်းပုံအသစ်အတွက် ဝန်ကြီးဌာနကို တင်ပြထားပြီး ဖြစ်ပါတယ်။ ခွင့်ပြုချက်ရရင် ဖွဲ့စည်းပုံကို လွှတ်တော်ကို တင်ပြပြီး အတည်ပြုသွားမှာပါ။ ဖွဲ့စည်းပုံအသစ်အတွက် ဘတ်ဂျက်၊ ဝန်ထမ်းတွေကို ဘယ်လိုနေရာတွေမှာ တာဝန်ထားရမယ် ဆိုတာတွေကို လုပ်ရဦးမှာပါ။ အဲ့ဒါပြီးရင်တော့ အာဆီယံနိုင်ငံတွေနည်းတူ ဝန်ဆောင်မှုကို ၂၄ နာရီ ပေးနိုင်မှာပါ” ဟု ယင်းကဆိုသည်။ အာဆီယံနိုင်ငံများ နည်းတူ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ ပြောင်းလဲရေးတွင် ဆောင်ရွက်နိုင်ရန် ဆိပ်ကမ်းများ၌ ကုန်ပစ္စည်းစစ်ဆေးသော X-Ray များ တိုးချဲ့ရန် လိုအပ်သည့်အတွက် တပ်ဆင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။ အကောက်ခွန်ဦးစီးဌာနသည် ၁၉၉၄ ခုနှစ် မတ် ၂၅ ရက်တွင် World Customs Organization (WCO) ကို ဝင်ရောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အာဆီယံစီးပွားရေး အသိုက်အဝန်း (Asean Economic Community) ကို သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။ အကောက်ခွန်ဦးစီးဌာနသည် လက်ရှိ ဖွဲ့စည်းထားသည့်ပုံစံမှာ ညွှန်ကြားရေးမှူးချုပ် တစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦး၊ ညွှန်ကြားရေးမှူး ခုနှစ်ဦးနှင့် ဝန်ထမ်း ၁၆၅၀ ဦးဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်ဟု   News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "