29 August 2012

မရိုးမဖြောင့်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အရာရှိနှင့် အောက်ခြေဝန်ထမ်း ၈၂ ဦးတို့အား အရေးယူခဲ့ဟု ထုတ်ပြန်


မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှအရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူး အဆင့်အတွင်း)နှ င့် အောက်ခြေ၀န်ထမ်း စုစုပေါင်း ၈၂ ဦးတို့အား အရေးယူမှု ပြုလုပ်ခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယခု အရေးယူခဲ့သည့် စာရင်းမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။ 

အရေးယူရာတွင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ အချိန်မစေ့မီ အငြိမ်းစားယူစေခြင်း၊ ရာထူးတိုးရပ်ဆိုင်းခြင်း၊ ရာထူးလျှော့ချခြင်း၊ ဌာနပြောင်း ပြစ်ဒဏ်ပေးခြင်း၊ နုတ်ထွက်စာ တင်စေခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။ အရေးယူခြင်း ခံရသည့် ၇၂ ဦးထဲမှ အမှုဖြစ်၊ ပြစ်ဒဏ်ဖြစ်ကာ အရေးယူခြင်းခံရသော အရေအတွက်မှာ ၃၉ ဦးဖြစ်ပြီး ယင်းအထဲတွင် အရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူးအထိ) ၁၃ ဦးနှင့် အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၂၆ ဦးတို့ ပါဝင်ကြောင်း၊ အရာရှိ ၁၃ ဦးအနက် ငါးဦးကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ပြီး တစ်ဦးကို အချိန်မစေ့မီ ရာထူးမှ အငြိမ်းစား ယူစေခဲ့ကြောင်း၊ နှစ်ဦးအား ရာထူးတိုး ရပ်ဆိုင်းခဲ့ပြီး သုံးဦးကို ရာထူးမှလျှော့ချခဲ့ကာ နှစ်ဦးကို ဌာနပြောင်း ပြစ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။ အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၂၆ ဦးအနက် ခြောက်ဦးကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ပြီး ၁၂ ဦးကို ရာထူးလျှော့ချခဲ့ကြောင်း၊ တစ်ဦးကို နုတ်ထွက်စာ တင်စေခဲ့ပြီး သုံးဦးကို ရာထူးတိုး ရပ်ဆိုင်းခဲ့ကြောင်း၊ တစ်ဦးကိုမူ လစာနှစ်တိုး ရပ်ဆိုင်းခဲ့ကာ သုံးဦးကိုမူ ဌာနပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။ ဌာနပြောင်းရွှေ့ခြင်း ခံရသောသူ အရေအတွက်မှာ ၃၃ ဦးရှိပြီး ယင်းအထဲတွင် အရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူးအထိ) ၁၆ ဦးနှင့် အောက်ခြေ၀န်ထမ်း ၂၇ ဦးတို့ ပါဝင်ကြောင်း သိရသည်။ 

ထို့ပြင် စည်းကမ်းဖောက်ဖျက် ကျူးလွန်သဖြင့် သတိပေးဆုံးမမှုကို ခံရသော အရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူးအထိ) ၄၇ ဦးနှင့် အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၁၄၄၄ ဦးရှိကြောင်း သိရသည်။ “မြို့တော်စည်ပင်က ဌာနမှူး အဆင့်တွေလို အရာရှိတွေ၊ တခြား အောက်ခြေ၀န်ထမ်းတွေ ငွေရေးကြေးရေး ကိစ္စတွေနဲ့ ပတ်သက်လို့  အလုပ်ဖြုတ်တာတို့၊ ရာထူးလျှော့ချတာတွေ၊ ဌာနပြောင်းတာတွေ ရှိတယ်လို့ သိရတယ်။ အဲဒီထဲမှာ အရာရှိတွေထက် အောက်ခြေ ၀န်ထမ်းတွေက ပိုများတယ်လို့ သိရတယ်” ဟု ရန်ကုန်မြို့ရှိ အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။ 

“ စည်ပင်သာယာနဲ့ ပတ်သက်တဲ့ ဘယ်လုပ်ငန်းမှာပဲ ဖြစ်ဖြစ် ပြည်သူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ၀န်ထမ်းတွေ မရိုးမဖြောင့်လုပ်တာရှိရင် အရာရှိတွေကို လာရောက် အသိပေး တိုင်ကြားလို့ရပါတယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အစိုးရအသစ်က ချမှတ်ထားတဲ့ မူဝါဒအတိုင်း ၀န်ထမ်းအဖွဲ့အစည်းကို ကောင်းအောင် စစ်ဆေးအရေးယူတာတွေ လုပ်နေချိန်မှာ ၀န်ထမ်းတွေနဲ့ ဆက်နွယ် ဆောင်ရွက်နေရတဲ့ တစ်ဖက်က ပြည်သူတွေ အနေနဲ့ ၀န်ထမ်းတွေကို မရိုးမဖြောင့်တဲ့ ကိစ္စရပ်တွေ မဖြစ်ပေါ်အောင် ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၌ ဌာနပေါင်း  ၂၀ တွင် ၀န်ထမ်းအရေအတွက် ၁၆၀၀၀ ကျော်ရှိကြောင်း  Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။