27 April 2012

တောင်သူလယ်သမား သမဂ္ဂ ပေါ်ပေါက်ရေး

တောင်သူလယ်သမားများဘ၀ ဖွံ့ဖြိုးတိုး တက်ရေး အင်အားစု အဖွဲ့ဝင်တွေ က သမဂ္ဂပေါ်ပေါက်ရေးကော်မတီအဖွဲ့တွေ မကွေးတိုင်း အောင်လံမြို့နယ် အတွင်း ဧပြီ ၂၄ ရက်နေ့က စလို့ လိုက်လံဖွဲ့စည်းနေတယ်လို့ သိရပါတယ်။

တောင်သူလယ်သမားများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအင်းအားစုရဲ့ စည်းရုံးရေး တာဝန်ယူထားတဲ့ ကိုမျိုးသန့်က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"တောင်သူလယ်သမားတွေဟာ ကျနော်တို့ တိုင်းပြည်မှာ ၇၀ ရာခိုင်နှုန်း လောက်ရှိတဲ့ အင်အားစုဖြစ်ပါတယ်၊ အဲ့ဒီ အများစုဟာ ခေတ်အဆက် ဆက် မှာ အနိမ့်ကျဆုံး လူမှုဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရတာပါ၊ အထူးသဖြင့် ဒီဒေသတွေမှာ ဆိုရင် လယ်သိမ်းယာသိမ်း ကိစ္စတွေ အများကြီး ရှိပါတယ်၊ အခုလက်ရှိလည်း ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ဒါမျိုးတွေက မသိနားမလည်မှုနဲ့လည်း ပတ်သက်သလိ ပြဌာန်းထား တဲ့ ဥပဒေတွေရဲ့ အားနည်းချက်တွေကြောင့်လည်း ဖြစ်ပါတယ်။ 

 ဒါကြောင့်မိုလို့ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို အဓိက ကာကွယ်ပေးနိုင်မည့် စောင့်ရှောက်ပေးနိုင်မည့် အဖွဲ့အစည်းဟာ တောင်သူလယ်သမား သမဂ္ဂတွေ တောင်သူလယ်သမား အဖွဲ့အစည်းတွေပဲ ဖြစ်တဲ့အတွက် ဒီအဖွဲ့အစည်းတွေကိုဖော်ဆောင်ဖို့ ကျနော်တို့ ကြိုးစားတာဖြစ်ပါတယ်။"

လက်ရှိ သပြေပင်းကျေးရွာ၊ အောင်မြေကုန်းကျေးရွာ၊ ဂွမြှောင်ကျေးရွာ၊ရေပေါ်ကျေးရွာ။ ပေါင်းတော်ကျေးရွာ စတဲ့ ကျေးရွာအုပ်စု ၅ စုကဒေသခံ တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံခဲ့ပြီး လွတ်တော်မှ ပြဌာန်း လိုက်တဲ့ လယ်ယာမြေ ဥပဒေကို ဒေသခံတောင်သူတွေ သိရှိနားလည်အောင် ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဥပဒေပါ အားနည်းချက် အားသာချက်တွေကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြ သလို နောင်ဖြစ်ပေါ်လာမည့် ပြသနာတွေအတွက် တောင်သူလယ်သမား သမဂ္ဂတွေရှိဖို့ အရေးတကြီး လိုအပ်နေကြောင်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆက်ပြောပါတယ်။

အောင်လံမြို့နယ်အတွင်း တောင်သူလယ်သမား သမဂ္ဂပေါ်ပေါက်လာရေး လုပ်ဆောင်နေတာတွေနဲ့ပတ်သက်လို့ ဧပြီ ၂၅ ရက်နေ့ကအောင်လံမြို့နယ် အုပ်ချူပ်ရေးမှူးပါ အဖွဲ့ဝင် ၆ ဦး ရောက်ရှိလာပြီး မြို့နယ်ကို အသိပေးအကြောင်းကြားဖို့ သတိပေးပြောဆိုလာတာရှိခဲ့တယ်လို့ ကိုမျိုးသန့်က ပြောပါတယ်။

"မနေ့က အောင်မြေကုန်း ကျေးရွာနဲ့ ပေါင်းတော်ကျေးရွာမှာ ကျနော်တို့ တောင်သူ လယ်သမားတွေနဲ့ ဆွေးနွေးပွဲ လုပ်ပါတယ်၊ အဲ့ဒီမှာမှ အောင်လံမြို့နယ် အုပ်ချုပ်ရေးမှူး ကျနော်တို့နဲ့ တွေ့ချင်တယ်ဆိုပြီးတော့ ရောက်လာပါတယ်၊ နောက် သူနဲ့အတူတူ အောင်လံမြို့နယ်
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အပါအ၀င် အဖွဲ့ ပါလာပါတယ်၊ သူတို့က ကျနော်တို့ စည်းရုံးရေးဆင်းတာလား ဘာလား ဆိုပြီးတော့ လာပြီးတော့မေးမြန်းတော့ ကျနော်တို့က ပါတီက မဟုတ်ဘူးဆိုတဲ့အကြောင် ပြန်လည်ဖြေကြားတယ်၊ အဲ့အတွက် သူတို့ကတော့ ဒါဆိုရင်တော့ ကိစ္စမရှိပါဘူး သို့သော် နောက်ပိုင်းမှာတော့ ကျနော်တို့ကို အကြောင်းကြားပေးပါဗျား၊ ဆိုပြီးတော့ ပြောပါတယ်။"

တောင်သူလယ်သမား သမဂ္ဂ ပေါ်ပေါက်လာရေးအတွက် မကွေးတိုင်းအပြင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နဲ့ ကချင်ပြည်နယ် တွေမှာလည်းတောင်သူလယ်သမားများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအင်းအားစု အဖွဲ့ဝင်တွေ တစ်ပြိုင်နက်တည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။


သတင်း... RFA