25 April 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော် တက်ရောက်နိုင်မယ့် အခြေအနေ ရောက်အောင် သက်ဆိုင်ရာအားလုံးက ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော် တက်ရောက်နိုင်မယ့် အခြေအနေ ရောက်အောင် သက်ဆိုင်ရာအားလုံးက ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ စစ်အစိုးရ လက်ထက်က ရေးဆွဲခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ကာကွယ် စောင့်ရှောက်ပါမည်” ဆိုတဲ့အချက်ကို ပြင်ဆင်ပေးဖို့ NLD အနေနဲ့ တောင်းဆိုထားပြီး လွှတ်တော် တက်ရောက်ခြင်း မရှိသေးတာလို့ နားလည်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ms. Victoria Nuland က မနေ့က သတင်းထောက်တွေကို ပြောပါတယ်။

 မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် မူတည်ပြီး အဆင့်လိုက် တုန့်ပြန်သွားမယ်လို့ အမေရိကန် အစိုးရက ပြောထားတဲ့အတွက် လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အပြောင်းအလဲများ ရှိပါသလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။ Ms. Nuland က… အမေရိကန် မူဝါဒပိုင်း ဆိုင်ရာမှာ ဆုံးဖြတ်တဲ့အတိုင်း ဆက်လက်သွားနေကြောင်းနဲ့ အခု ဖြစ်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ အတိုက်အခံ အကြား နှစ်ဖက် နားလည်မှုရှိရှိ ဖြေရှင်းနိုင်ပါ လိမ့်မယ်လို့ ပြောပါတယ်။ ဒါ့ပြင် NLD ကလည်း သက်ဆိုင်ရာနဲ့ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာလိုတယ်လို့ မိမိတို့ ယုံကြည်ထားပါတယ်လို့ Ms. Victoria Nuland က ပြောခဲ့ပါတယ်။ 

သတင်း... RFA