06 January 2012

မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့သောကူးတို့ဆိပ်ရပ်ကွက်"အတွင်းရှိ နေအိမ်များအတွက် ယင်းနေရာ၌ပင်ပြန်လည်ဆောက်လုပ်ပေးနေ

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ မီးလောင်ပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးခဲ့ရသော နေအိမ်များအတွက် ဇန်န၀ါရီလ ၃ ရက်နေ့မှ စတင်ကာ ယင်းနေရာ၌ပင် အိမ်များပြန်လည် ဆောက်လုပ်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုမှ မြို့နယ်များခွဲကာ အဆိုပါ မီးဘေးသင့် ပြည်သူများအတွက် နေအိမ်များကို တစ်မြို့နယ်လျှင် နှစ်အိမ်မှ သုံးအိမ်အထိ တာဝန်ယူကာ တည်ဆောက်ပေးနေကြောင်း သိရှိရသည်။ “ကျွန်မတို့ သိရသလောက် ဒီကူးတို့ဆိပ်ရပ်ကွက်မှာ ပျက်စီးသွားတဲ့ အိမ်ခြေပေါင်း တစ်ရာကျော် ရှိပါတယ်။ အဲဒီအိမ်တွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် အိမ်အကြီးအသေးအပေါ် မူတည်ပြီး နှစ်အိမ်၊ သုံးအိမ်လောက်အထိ တာဝန်ယူပြီး ပြန်ဆောက်ပေးနေပါတယ်။ ကုန်ကျစရိတ် အားလုံးကို တာဝန်ယူဆောက်နေတဲ့ မြို့နယ်က လက်သမားတွေက တွက်ချက်ပြီး ကွပ်ကဲရေးရုံးကို တင်ပြရပါတယ်။ အိမ်ကိုတော့ အရင်ပုံစံအတိုင်း အရင်နေရာမှာပဲ ပြန်ဆောက်ပေးတာပါ” ဟု တာဝန်ယူ တည်ဆောက်ပေးနေသည့် မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

“ကျွန်မတို့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက နေရထိုင်ရတာ အဆင်မပြေပါဘူး၊၊ အိမ်မှာက အမိုးလည်း မရှိတော့ မလုံခြုံပါဘူး။ ဒီလို သက်ဆိုင်ရာ ကနေပြီးတော့ ကျွန်မတို့အိမ်တွေကို ပြန်ဆောက်ပေးမယ်ဆိုတော့ ၀မ်းသာပါတယ်။ ကျွန်မတို့က ကယ်ဆယ်ရေး စခန်းကို မသွားဘဲ ရပ်ကွက်ထဲမှာ နေခဲ့တာပါ။ ကယ်ဆယ်ရေး စခန်းကိုတော့ အလှူပစ္စည်းတွေ ရောက်ပေမယ့် ကျွန်မတို့ဆီကိုတော့ သိပ်မရောက်ဘူး” ဟု ကူးတို့ဆိပ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။