06 January 2012

နအဖအစိုးရလက်ထက် အမှုဟောင်းများတိုင်ကြားနိုင်

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က မည်သည့် အမှုဟောင်းများကိုမဆို အထောက်အထားခိုင်လုံစွာ တင်ပြ၍ တိုင်ကြားနိုင်ကြောင်း သိရသည်။

အမှုကိစ္စများနှင့်ပတ်သက်၍ “ အခုဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ပြန်လွှတ်လာတော့မှာပါ၊ မှန်ကန်ပါလျက်နဲ့ နစ်နာမှုတွေရှိခဲ့တဲ့ အမှုဟောင်းတွေကို ကျွန်တော်တို့ဆီ ပြန်တင်ပေးပါ။ အဲဒီအမှုဟောင်းတွေက ငါးနှစ်ပဲကြာကြာ၊ ဆယ်နှစ်ပဲကြာကြာ ပြန်တင်ပေးပါ။ တစ်ခုတော့ရှိပါတယ်၊ ကာလစည်းကမ်းသတ်မှတ်ချက်ရှိတဲ့ တရားမမှုမျိုး၊ စည်ပင်သာယာ အက်ဥပဒေနဲ့ဆိုင်တဲ့ ဥပမာ- လမ်းပိတ်ဆို့မှုမျိုး စတာတွေကလွှဲရင် ဘယ်အမှုဟောင်းတွေပဲဖြစ်ဖြစ် တင်ပေးလာရင်ဆောင်ရွက်ပေးပါမယ်” ဟု သက်ဆိုင်ရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအပါအဝင် မည်သည့်အမှုဟောင်းများဖြစ်စေ မှန်ကန်မှုမရှိခြင်း၊ တရားမျှတမှုမရှိခြင်းနှင့် အဂတိတရားများ ရှိသည်ဟု အထောက်အထားများ ခိုင်လုံစွာတင်ပြနိုင်ပါက တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်ဟု လိပ်မူပြီးလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်ဟု လိပ်မူပြီး လည်းကောင်း တိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်း.... မြန်မာတိုင်း(မ်)