07 January 2012

နောက်များ နောက်နေသလားဗျာ . . . .

လွတ်လပ်သော ရုပ်ရှင်ပြိုင်ပွဲမှာ ပရိသတ်အားပေးဆုံး ဆု ရရှိသွားတဲ့ ဒါရိုက်တာ ၀ိုင်းရဲ့ "အဲဒီ့အခန်းဖြတ်" ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင်တာ အချက် (၃) ချက်ရှိတယ်။

ပထမအချက်က - ဇာတ်ကားရွေးချယ်ရေးမှာ အဓိကပါဝင်တဲ့ ကိုဇာဂနာက အရင်တုန်းက ဆင်ဆာ လုံးဝ မတင်ဘူးလို့ပြောထားတယ်။ ဒါကြောင့် ပါဝင်သူတွေအားလုံး တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့တယ်။ နောက် ဆင်ဆာအဖွဲ့ကို တင်လိုက်တယ်ဆိုတာကို ကြားရလို့ ကျွန်တော်ရဲ့ ပြိုင်ပွဲဝင်ဇာတ်ကားကိုပါ ပြန်လည်နှုတ်ထွက်ခဲ့တယ်။
(ဒါကြောင့် ..... ကိုဇာဂနာ နောက်များ နောက်နေသလားဗျာ)

ဒုတိယအချက်က - အင်တာနက်မှာ ကြိုတင်ပြီးတော့ ပြသွားတဲ့ ဇာတ်ကားတွေကို ပယ်ဖျက်တယ်၊ ရွေးတဲ့အထဲ မပါတော့ဘူးလို့ ပြောတယ်။ နောက် ပယ်ဖျက်ထားတဲ့ ဇာတ်ကားတွေကိုပဲ ဆု ပေးတဲ့အထဲ ပါလာတယ်။
(ဒါကြောင့် ..... ကိုဇာဂနာ နောက်များ နောက်နေသလားဗျာ)

တတိယအချက်က - ဒေါ်အောင်ဆန်းစုကြည်က ဆုပေးပွဲအခမ်းအနားမှာ တွေးခေါ်ရတဲ့ဇာတ်ကားမျိုး၊ စကားလုံးဝမပြောတဲ့ ဇာတ်ကားမျိုးကို ကြိုက်တယ်လို့ ပြောသွားတယ်။ အခု ပရိသတ်အကြိုက်ဆုံး ဇာတ်ကားဆုကို ရသွားတဲ့ ဇာတ်ကားက စကားတွေအများကြီးပြော၊ မတွေးမခေါ်ရဘဲ ဒဲ့ဖော်ပြတဲ့ ဇာတ်ကားဖြစ်တဲ့ ဒါရိုက်တာ ၀ိုင်းရဲ့ "အဲဒီ့အခန်းဖြတ်" ဇာတ်ကားဖြစ်နေတယ်။


အချုပ်ဆိုရရင် ..... ဒေါ်အောင်ဆန်းစုကြည်ကို ပိုပြီးတော့ ကျွန်တော် လေးစားသွားတယ်။ မြန်မာပရိသတ်က စဉ်းစားတွေးခေါ်မှုကို မလိုချင်ကြ၊ ဒဲ့ဖော်ပြတဲ့ ဒဲ့ရိုက်ချက်တွေကို သာ နှစ်သက်အားပေးကြတာ ကို တွေ့မြင်ရတယ်။ ဒါကြောင့် ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အများရဲ့ဆန္ဒကို အတည်ပြုပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပိုပြီးလေးစား၊ ပိုပြီးချစ်ခင်မိတယ်။

(ကျော်သူ)။

.....................................................................................။