06 January 2012

နိုင်ငံရေး အကျဉ်းသားမိသားစုဝင် အချို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

ဇန်န၀ါရီလ ၂ ရက်နေ့တွင်ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက်လာသည့်အထဲတွင် နိုင်ငံရေး အကျဉ်းသားအနည်းငယ်သာ ပါဝင်ခဲ့ပြီးနောက် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်အချို့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နေ့လည်တွင် သွားရောက်တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံရာတွင် မသက်သက်အောင် ၏ မိခင်၊ မင်းဇေယျာ၏ ဇနီး၊ ကိုဋ္ဌေးကြွယ်၏ညီမ၊ မားကီးခေါ် ကျော်ကျော်ထွန်း၏ မိခင်၊ ကိုကိုကြီး၏ ညီအစရှိသည့် နိုင်ငံရေး အကျဉ်းသား ၁၁ ဦး၏ မိသားစုဝင်များ ပါဝင်၍ ရွှေဂုံတိုင် အန်အယ်လ်ဒီရုံးချုပ်၌ တနာရီခန့်တွေ့ဆုံခဲ့ကြသည် ဟု မသက်သက်အောင်၏ မိခင် ဒေါ်စုစုကြည်က YPI သို့ပြောသည်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များအား ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့သည်ကို ဒေါ်စုစုကြည်က ပြန်လည်
ပြောပြရာတွင် “ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုတခေါက်မှာ နိုင်ငံရေး သမားတွေ ပါလာလိမ့်မယ်လို့ သူမတွက်ထားသေးဘူး၊ ဘာလို့ဆို အေအေပီပီ၊ ပြည်ထဲရေး နဲ့ အန်အယ်လ်ဒီရုံးနဲ့ စာရင်းက မကိုက်သေးဘူး။ ဦးသိန်းစိန်အနေနဲ့ အကုန်လုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတာကို ညှိနေရသေးတယ်။ သူတယောက်ထဲ အနေနဲ့ တယောက်ထဲ သဘောနဲ့ လုပ်လို့မရသေးဘူး။ တပ်မတော်ကနဲ့ညှိနေရလို့ မလွှတ်ပေးနိုင်သေးတာလို့ သူထင်တယ်လို့ ပြောတယ် ” ဟု ဒေါ်စုစုကြည်က ပြန်လည်ပြောပြသည်။

ကိုကိုကြီးညီ ဖြစ်သူ ကိုအောင်က ပြောဆိုရာတွင် ဒေါ်စုအနေနဲ့ ဥပဒေ စိုးမိုးရေးက အရေးကြီးတယ်လို့ပြောထားကြောင်း၊ နိုင်ငံရေး အကျဉ်းသားများအား ဒီနေ့လွှတ်ပြီးခဏနေ ပြန်ဖမ်းတယ်ဆိုတာမျိုးဖြစ်မှာစိုးသည်ဟု သူ့စိုးရိမ်မှုကို ထုတ်ဖေါ်ပြောဆိုသည်ဟု ၎င်းကပင် ပြောသည်။

ဒေါ်စုစုကြည်က ဒေါ်အောင်ဆန်းစုကြည်အား သူ့အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ မလွှတ်ခဲ့ပါက တစုံတခုခု ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ရှိမရှိ မေးမြန်းသည့်အခါ ”ဒါကတော့ ရှိတာပေါ့၊ ဒါပေမယ့် ဘာလဲဆိုတာတော့ သူမပြောပြနိုင်ကြောင်း” ပြောဆိုသည်ဟု လည်း မသက်သက်အောင် မိခင်က ပြောသည်။

သူ့အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ လာမည့် နှစ်ဆန်း ၁ ရက် (ဧပြီ ၁၇ ရက်နေ့) လောက်မှ လွတ်တော့မည်ဟု ထင်မြင်ယူဆကြောင်းလည်း YPI သို့ ပြောဆိုသည်။

ယခုလ ၂ ရက်နေ့ ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့် အရ နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်သာ ပါဝင်ခဲ့သည်။ ရန်ကုန်အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသားဟု ယူဆထားသူ ၃၀၀ ကျော်ရှိသည့်အနက် ယခု လွတ်ငြိမ်းချမ်းသာခွင့်ဟု ခေါ်ဆိုသည့် ပြစ်ဒဏ်လျှော့ပေါ့ခွင့်ဖြင့် အကျုံးဝင်သူ ၃ ဦးသာ လွတ်မြောက်ခဲ့သည်။

တနိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ထောင်တွင် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၉၀၀ ကျော်မှ အများဆုံး တထောင်ကျော်ဝန်းကျင် ကျန်ရှိနေဦးမည်ဟု နိုင်ငံရေး အကျဉ်းသား အကျိုးဆောင်ကွန်ရက်နှင့် မဲဆောက်အခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPPB တို့မှ ထုတ်ပြန်သည့် စာရင်းအရ သိရှိရသည်။

သတင်း....Yangon Press International