10 July 2011

စပီကာဦးမြင့် ဟောပြီးပြောပြီးမှ NLD ကို ချေမှုန်းတော့မှာလား။

ည.. ည ၉း၃၀ နာရီ လောက်ဆို မဟာအွန်လိုင်းလို့ ခေါ်ရမယ့် ဂျီမေးဂျီတော့နဲ့  ဖေ့ဘွတ် အွန်လိုင်းတွေ ပေါ်မှာ ပုံမှန် နီးပါးကျွန်တော်ရှိ တတ်ပါတယ်။ ရေဒီယိုသတင်းနဲ့ ဂျာနယ်သတင်းတွေ မရှိမဖြစ်လိုအပ်သလို အွန်လိုင်းသတင်း တွေဟာ လည်း ကျွန်တော့် အတွက် ဒုတိယလေ လို့  ခံယူထားပါတယ်။

ကျွန်တော်နေတဲ့ စမ်းချောင်းနဲ့ NLD ရုံးချုပ်ရှိရာ ရွှေဂုံတိုင်ဟာ သိပ်မဝေးလို့  ပြီးခဲ့တဲ့ညက သန်းခေါင် ယံ လောက် ကြီးအဖွဲ့ ချုပ်ရုံးရှေ့  ကို ရောက်သွားပါတယ်။ အဲဒီလို ရောက် သွားဖြစ်အောင် စေ့ဆော်ကြတဲ့ ပုဂ္ဂိုလ်များကတော့ အပြင်လောကမှာ တကယ်မတွေ့ ဖူးတဲ့ အွန်လိုင်းမိတ်ဆွေတွေပါဘဲ။ လိုင်းပေါ်မှာ ကျွန်တော် ရှိတုန်း တစ်ယောက်ပြီး တစ်ယောက်မေးကြတာက NLD ဌာနချုပ်ကို ၀င်စီးတဲ့ကိစ္စပါ။

ဒီအချိန်မှာ မဇ္ဇျိမသတင်းက လွှတ်လိုက်တဲ့ ရုံးချုပ်သတင်းကို အခြေခံပြီး သတင်း မုဆိုးတွေနဲ့ သတင်းချစ်ကြသူတွေ အလွန်သိချင်ကြလို့ ဖြစ်ပါတယ်။ ဒါဟာ မဖြစ်နိုင်ဘူး လို့  ကျွန်တော် ယူဆပေမယ့် အွန်လိုင်းမိတ်ဆွေများကိုတော့ ကွန်ဖန်းလုပ်ကြည့်ပါဦးမယ်ဆိုပြီး မယုတ်မလွန် တုန့် ပြန်ခဲ့ပါတယ်။ ပိုးကလည်း မနေနိုင်ဘူးလို့ ပြောချင်ပြော၊ အင်တာနက်ဆိုင်ထဲက ထွက်ပြီး လမ်းမှာ သူငယ်ချင်းတစ်ယောက်ကားနဲ့ တွေ့ တာနဲ့ ရွှေဂုံတိုင် NLD ရုံးရှေ့ ကို ရောက်သွားတယ်။ အားလုံး ပုံမှန်အခြေအနေပါဘဲ။ ကျွန်တော်တွေ့ ခဲ့တဲ့မြင်ကွင်းလေး ကို ဖေ့ဘွတ် မှာ ရေးတင်ချင်ပေမယ့် အမြဲသုံးနေကြ ဆိုင်လေးက ပိတ်သွားတာမို့ စိတ်မကောင်းစွာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။

ရန်ကုန်က NLD ရုံးချုပ်ကို ကြံ့ဖွံ့ အစိုးရရဲ့ စစ်ပုလိပ်တွေ ရုတ်တရက် ၀င်ဝိုင်းပြီး လွန်ခဲ့တဲ့ (၄၉)နှစ်ကကျောင်းသား သမဂ္ဂအဆောက်အဦကြီးကို တစ်စစီ ဖြိုခွဲသုတ်သင်ခဲ့သလို မြင်ချင်ကြတာလား။ တကယ်ဘဲလုပ်လာနိုင်တဲ့ ရိပ်ဖမ်းသံဖမ်း လက္ခဏာတစ်စုံတစ်ရာကြားရလို့  ကြိုတင် “ပစ်” ထားကြတာလား။ အစိုးရဘက်က မကြာခင်မှာ အဖွဲ့ ချုပ်ရုံးကို ၀င်စီးတော့မှာမို့  သူတို့ ထုံးစံအတိုင်း တုန့် ပြန်မှုဘယ်လိုလာမလဲ သိရအောင်“ပွိုင့်” ထောက်လိုက်တာလား။ ဒေါ်စုရဲ့ အေးစက်စက်ပုဂံခရီးကို အားမလိုအားမရဖြစ်ကြသူတွေ လာမယ့်အာဇာနည်နေ့ အတွက် ရည်ရွယ်လို့ “ဖွ” လိုက်ကြတာလား။

သတင်းတွေမှာ အပြစ်မရှိပါဘူး။ သတင်းတွေဟာ ချစ်စရာပါ။ နေ့ စဉ်နဲ့ အမျှ သတင်းတွေ ဝေေ၀ဆာဆာရှိနေဖို့  လိုအပ်ပါတယ်။ သတင်းမရှိတဲ့ နာရီတွေဟာ သက်မဲ့ဝိညာဉ်ပါ။ အဓိကက သတင်းတွေကို ဖတ်ရှု နားထောင်ကြတဲ့ သူတွေရဲ့ “အတွေ့ အကြုံအနုအရင့် နဲ့ ဝေဖန်စောကြောနိုင်စွမ်းအသိ”သည်သာ အခရာ မဟုတ်လား။ ကျွန်တော်လည်း ဒီလိုနဲ့ အညှောင့်ပေါက်၊ အတက်ထွက်ခဲ့ရပါတယ်။ တည့်တစ်ခါ လွဲတစ်လှည့်နဲ့ ။

NLD ရှိတာ ကြိုက်လား... မရှိတာ ကြိုက်လား...။

ဒီမေးခွန်းကို အစိုးရကို ၀ိုင်းမေးကြပါ။ ခဏခဏမေးကြပါ။ ကြုံတိုင်းမေးပါ။လောလောဆယ်တော့ NLD ကို ၀င်ရောက်ဖြိုခွင်း စီးနင်းကြမှာကို စိုးရိမ်တကြီး ဖြစ်စရာ မလိုသေးပါ။သန်ဘက်ခါ (၁၁ရက်၊ ဇူလိုင်၊ နေ့ လည် ၁၂း၃၀နာရီ)မှာ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးကြီး ဦးမြင့်တစ်ယောက် နိုင်ငံ့စီးပွားရေးအကြောင်း တွေ ဟောဖို့ ပြောဖို့ ရှိသေးတယ်။ ဒီတစ်ချီတော့ ငါးလုပ်ငန်းမှာမဟုတ်၊ UMFCCI မှာ မဟုတ်။ ရွှေဂုံတိုင် ရုံးချုပ်မှာတဲ့...။ စပီကာဦးမြင့် ဟောပြီးပြောပြီးမှ NLD ကို ချေမှုန်းတော့မှာလား။


အောင်မျိုးထွန်း