12 July 2011

ရဲတံခွန် ကမ်းလွန်သဘာဝ ဓာတ်ငွေ့မြေတွင် လုပ်ငန်းသုံး ရဟတ်ယာဉ် ပျက်ကျရာ မြန်မာ(၃) ဦး သေဆုံး

တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင်ရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် မလေးရှားနိုင်ငံ ပက်ထရိုနာ့စ် ကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေသော ရဟတ်ယာဉ် တစ်စီး ဇူလိုင် ၁၁ ရက် နံနက်က ပျက်ကျရာ မြန်မာဝန်ထမ်း(၃) ဦး သေဆုံးသွားကြောင်း ထိုရဲတံခွန် စီမံကိန်း၏ ကန်ထရိုက်တစ်ဦးက အတည်ပြု ပြောကြားသည်။ အဆိုပါ ရဟတ်ယာဉ်သည် ဇူလိုင် ၁၁ ရက် နံနက်က ရဲတံခွန် သဘာဝဓာတ်ငွေ့ ကမ်းလွန်စခန်းရှိ FSO (Floating Storage Offshore) ရေယာဉ်ပေါ်မှ ရဟတ်ယာဉ်မှူး အပါအဝင် ၁၁ ဦးကို တင်ဆောင်ကာ ပျံတက်စဉ် မုတ္တမပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

ရဟတ်ယာဉ်သည် ရေထဲ စုန်းစုန်းမြုပ်သွားခဲ့သော်လည်း သေဆုံးသူ(၃) ဦး အပါအဝင် ခရီးသည်များ အားလုံးကို ပြန်လည် ဆယ်ယူ ရရှိခဲ့သည်။ သေဆုံးသူများမှာ တွဲဖက်ရဟတ်ယာဉ်မှူး ဦးအုန်းသိန်း၊ Uniteam ကုမ္ပဏီ မှ Assistant Operator ဦးဝင်းကြည်နှင့် Smart Technical Service မှ စားဖိုမှူး ဦးသန်းထွန်းတို့ဖြစ်ကြောင်း သိရသည်။ “Offshore အလုပ်ဟာ အန္တရာယ် အလွန်များပါတယ်။ နောက်ပိုင်းမှာ Offshore အလုပ်တွေ ပိုများလာလိမ့်မယ်။ အခုကတည်းက Safety နဲ့ သက်ဆိုင်တာတွေကို ပိုပြီး လုပ်သင့်ပါတယ်” ဟု ကမ်းလွန် ရေနံရှာဖွေရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ အရာထမ်းတစ်ဦးက ပြောကြားသည်။

ရဲတံခွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းကို မြန်မာအစိုးရ စွမ်းအင်ဝန်ကြီးဌာနနှင့်အတူ မလေးရှားနိုင်ငံမှ PETRONAS၊ ဂျပန်နိုင်ငံမှ နီပွန်ကုမ္ပဏီ၊ ထိုင်းနိုင်ငံမှ PTTEP တို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။