12 July 2011

သခင်တင်မြ ပြောပြတဲ့ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစု ရာတွင် အဆင့်ဆင့် ပြောင်းလဲ လာပုံ


၁။ (၂ဝဝ၄) ခုနှစ်၊ မေလ (၁) ရက် နေ့တွင် ဗိုလ်မှူး ရဲထွဋ် (ရဲဘော် သုံးကျိပ်) ၊ သခင် တင်မြ ၊ ဦးအေးမောင် (သမ ဝါယမ) ၊ ဒေါက်တာ ခင်မောင်ကလေး ( စိတ် အထူးကု ) တို့ကို ရဲဘော် ဘခက်က နံနက်စာ ဖိတ်ခေါ် ကျွေးမွေး ပါသည်။ ဗိုလ်မှူး ရဲထွဋ် က မောင်မြဦး မြန်မာ ပြန်သည့် ဗိုလ်ချုပ် အောင်ဆန်း ၏ 'စိန်ခေါ်သံ' စာအုပ်ပါ အချက်များ အကြောင်း ပြောကြရင်း ဗိုလ်မှူး ရဲထွဋ်က လွတ်လပ်ရေး၏ ထိပ်ဆုံး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ကို ပြည့်ပြည့် စုံစုံ ဖော်ပြ ထားသည့် စာအုပ် မရှိသေး ကြောင်း ပြောပါသည်။ မြန်မာ့ လွတ်လပ်ရေး အတွက် ဗိုလ်ချုပ် အောင်ဆန်း ၏ နိုင်ငံရေး ဆောင်ရွက်မှု၊ စီးပွားရေး နှင့် ပတ်သက်၍ လမ်းညွှန်မှု၊ စစ်ရေး နှင့် ပတ်သက်၍ စွမ်းဆောင် နိုင်မှု၊ လူမှုရေး နှင့် ပတ်သက်၍ လမ်းပြမှု၊ အကျင့် သိက္ခာ နှင့် စပ်လျှဉ်း၍ သန့်ရှင်း စင်ကြယ်မှု၊ တိုင်းရင်းသား များ၏ လေးစား ယုံကြည်မှု၊ နိုင်ငံသူ၊ နိုင်ငံသား အများစုကြီး ၏ ချစ်ခင် လေးစား တန်ဖိုးထား ဂုဏ်ပြုခြင်း ခံရမှု တို့ကြောင့် မြန်မာ့ လွတ်လပ်ရေး ရရှိအောင် စွမ်းဆောင် ရာတွင် ဗိုလ်ချုပ် အောင်ဆန်းသည် 'တုလွတ်ကင်း' သည့် ခေါင်းဆောင်ဟု ယုံကြည် ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစု ရာတွင် ပြည့်စုံနိုင် သမျှ ပြည့်စုံရန် မိမိတို့ ဆန္ဒ ရှိကြ ပါသည်။ ဗိုလ်ချုပ် အောင်ဆန်း ၏ ထူးချွန်သည့် ဆောင်ရွက် မှုများ၊ ဗိုလ်ချုပ် အောင်ဆန်း ၏ စရိုက် နှင့် ထူခြားသည့် အပြု အမူ ဖြစ်ရပ် များကို အများ ပြည်သူတို့ သိရှိ စေလိုရင်း ဖြစ်ပါသည်။

၂။ ထို့ကြောင့် ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း စာမူများ ရရှိရန် ယခု အချိန်တွင် သက်ရှိ ထင်ရှား ရှိနေ သေးသည့် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင် ဆင်နွှဲ ခဲ့ကြသည့် လုပ်ဖော် ကိုင်ဖက်များ ထံမှ ပြောပြ ချက်များ၊ အဖြစ် အပျက်များ၊ စာများ၊ အမှတ်တရ ဓာတ်ပုံများ၊ ရုပ်ပုံများ၊ စသည် တို့ကို စုဆောင်းရန် နှင့် အကြံပေးချက် များကို ရယူရန် ဖြစ်ပါသည်။

၃။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ ပြုစုရေး အဖွဲ့တွင် ပါဝင် သူတို့မှာ

ကမကထပြုသူများ

၁။ ဗိုလ်မှူးရဲထွဋ်
၂။ သခင်တင်မြ
၃။ ရဲဘော်ဘခက်
၎။ ကိုတင်ဝင်းမြင့်(ဗိသုကာ)
၅။ ကိုကျော်အောင်(ရွှေပြည်တန်စာပေ)



ကူညီပံ့ပိုးသူများနှင့် စာမူစိစစ်မည့်သူများ

၁။ သခင်အုန်းမြင့်
၂။ သခင်သိန်းမောင်(ဝါးခယ်မ)
၃။ ဒေါ်ခင်ကြည်ကြည်
၎။ သခင်လှကွန်း
၅။ ဦးချစ်လှိုင်(ယခု ကိုကိုမောင်ကြီး)
၆။ မြန်မာ့အလင်း ဦးသန်းညွန့်
၇။ ဗိုလ်ထိန်လင်း (ဗိုလ်တထောင် သတင်းစာ၊ အယ်ဒီတာချုပ်ဟောင်း)
၈။ တက္ကသိုလ်စိန်တင်
၉။ မောင်ဝံသ
၁ဝ။ ကိုသိန်းလွင်(ဦးစာပေ)
၁၁။ ကိုမော်လင်း(စာအုပ်ဈေး)



၎။ မေးမြန်းခြင်း၊ စုဆောင်းခြင်း တို့ကို (၂ဝဝ၄) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ မှ စတင်၍ ပြုကြရန် သဘောတူကြ ပါသည်။

၅။ ပြောပြချက်များ၊ စာမူများ၊ ဓာတ်ပုံများ၊ ရုပ်ပုံများကို စုစည်း ထုတ်ဝေရန် ပြုစုပြီး ပါက အကူ အညီ ပေးသူ ကာယကံရှင် များ၏ သဘောတူ ခွင့်ပြုချက် ရယူပြီး မှသာ ပုံနှိပ် ထုတ်ဝေရန် ဖြစ်ပါသည်။ ယင်း ပြုစု ပြီးသည့် 'ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း' စာမူကို သက်ဆိုင်ရာ အစိုးရ၏ ခွင့်ပြုချက် ရရှိပြီး ပါက ပုံနှိပ် ထုတ်ဝေ ဖြန့်ချိရန် ဖြစ်ကြောင်း အားလုံး သဘောတူခဲ့ ကြပါသည်။ နောက် (၉) ရက်အကြာ (၂ဝဝ၄) ခုနှစ်၊ မေလ (၉) ရက် နေ့တွင် ရဲဘော် ဘခက် နေအိမ် ၌ပင် ဗိုလ်မှူး ရဲထွဋ်၊ သခင် တင်မြ၊ သခင်လှကွန်း နှင့် ရဲဘော်ဘခက်တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။ 'ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း' နှင့် ပတ်သက်၍ လေ့လာ တွေ့ရှိချက် များကို သခင်တင်မြက ပြောပြ ဆွေးနွေး ခဲ့သည်။

(၁၉၅၁) ခုနှစ်၊ နိုဝင်ဘာလက ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည် ၏ တိုက်တွန်း မှုဖြင့် နတ်မောက် ဘုန်းကျော်၊ ဗိုလ်မှူး မောင်ဘို၊ အလင်းဝင် ဦးမေအောင် (ဗိုလ်ချုပ် နှင့် ဆွေမျိုးတော်တူ) သုံးဦး စုဆောင်း ပြုစု ထားသည့် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ကို ဗိုလ်သိန်းဆွေ (ကွယ်လွန်) ကမကထ လုပ်၍ ထုတ်ဝေခဲ့ ပါသည်။

(၁၉၈၈) ခုနှစ ခန့်တွင် ဗိုလ်ချုပ်ကြီး စန်းယု နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး လက်ထက်တွင် သမိုင်း ကော်မရှင် နှင့် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနမှ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိကို တာဝန်ခံ ပြုစုခဲ့ရာ စာမူ အဖြစ် ပြီးစီး နေပြီ ဖြစ်သော်လည်း ဘာကြောင့်မှန်း မသိ၊ စာအုပ် အဖြစ် ရိုက်နှိပ် ထုတ်ဝေခြင်း မပြုဘဲ၊ လက်နှိပ်စက် စာမူ အဖြစ်သာ ရှိနေသည်ကို တွေ့ရ ပါသည်။ ဤ စာအုပ်ကို ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနမှ ပညာရှင် (၆) ဦး စုပေါင်း၍ အပိုင်းလိုက် တာဝန်ယူ ပြုစု ခဲ့ခြင်း ဖြစ်ပါသည်။ ဤစာမူကို (၂ဝဝ၅) ခုနှစ်တွင် ဒေါက်တာ ခင်လှဟန်ထံ မှ သခင်တင်မြ တွေ့ခဲ့ သဖြင့် ခေတ္တငှားပြီး လက်နှိပ်စက် စာမူကို အဖွဲ့ အတွက် မိတ္တူကူးယူခဲ့ ပါသည်။

အထက်ပါ သမိုင်း ကော်မရှင် နှင့် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာန တို့က ပြုစု ခဲ့သော ''ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ'' သည် အဘယ်မျှ ပြီးပြည့်စုံ သည်ကို မိမိ အနေဖြင့် မဖတ်ရ သေးသဖြင့် မသိရှိ သေးကြောင်း သခင် တင်မြ က ရှင်းပြသည်။ မည်သူ့ပင် ဖြစ်စေ လက်နှိပ်စက် စာမူ အဖြစ်သို့ ရောက်နေပြီး ဖြစ်သဖြင့် အခွင့်သာ ပါက ယင်း စာမူကို ကျွမ်းကျင်သည့် သမိုင်း ပညာရှင်များ၊ လေ့လာ ဖတ်ရှု ပြီးပြည့်စုံသည် ထက် ပြည့်စုံသည့် အထိ ထပ်မံ ကြိုးပမ်း ကြမည် ဆိုပါက ခိုင်လုံ ပြည့်စုံသည့် '' ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ'' ပုံနှိပ်ပြီး စာအုပ် အဖြစ် ထွက်ပေါ် လာမည်ဟု မျှော်လင့်ရ ပါသည်။


(၂ဝဝ၄) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် ကမကထ လုပ်သူများ တွေ့ဆုံ ပွဲတွင် ဗိုလ်မှူး ရဲထွဋ်၏ ပြောကြား ချက်

(၁) ''ဒီနေ့ ဗိုလ်ချုပ် အောင်ဆန်း နှင့် ပတ်သက်လို့ ကျွန်တော့် ယုံကြည်မှုကို ပြောလို ပါတယ်။ (၁၈၈၅) ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့က သီပေါ ဘုရင်ကို နန်းချပြီး မြန်မာနိုင်ငံ ကို နယ်ချဲ့အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့တယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ နယ်ချဲ့အင်္ဂလိပ် တို့ရဲ့ ကျွန်နိုင်ငံ ဖြစ်သွား ပါတယ်။ (၁၉၄၈) ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ကျမှ လွတ်လပ် တဲ့ မြန်မာ နိုင်ငံ လွတ်လပ်တဲ့ မြန်မာ လူမျိုး ဘဝ ပြန်ရောက် ခဲ့ရတယ်။

(၂) လွတ်လပ်တဲ့ မြန်မာ နိုင်ငံ ပေါ်ထွန်း လာအောင် ရဲရဲ ဝံ့ဝံ့ တိုက်ပွဲဝင် ခဲ့ကြတဲ့ သူရဲကောင်းတွေ၊ အသက် စွန့်လွှတ်ဖို့ ဝန်မလေးတဲ့ အာဇာနည် တွေ အဲဒီ သူရဲကောင်း အာဇာနည် တွေဟာ မြန်မာ့ သမိုင်းမှာ အမြောက် အမြား ရှိခဲ့ ပါတယ်။

(၃) လွတ်လပ်ရေး တိုက်ပွဲ အတွင်း မှာ ကျွန်တော် လေးလေး စားစား ရှိခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင် (၁၄) ဦးခန့် ရှိခဲ့ ပါတယ်။ ကျွန်တော် နှင့် တွေ့ဆုံ ဆံဆက်ခြင်း မရှိဘူးတဲ့ ခေါင်းဆောင် တွေလည်း ရှိပါတယ်။



အဲဒီ ခေါင်းဆောင်တွေ ထဲမှ ဗိုလ်ချုပ် အောင်ဆန်း ကတော့

(က) လွတ်လပ်ရေး ရရှိအောင် မှန်ကန်တဲ့ နိုင်ငံရေး လမ်းစဉ် နှင့် စည်းရုံး နိုင်မှု။

(ခ) လွတ်လပ်ရေး အတွက် စစ်ရေး နှင့် ပတ်သက်လို့ တပ်မတော်ကို ခေါင်းဆောင် ဖွဲ့စည်းနိုင်ရုံသာ မက ကမ္ဘာ့ပတ် ဝန်းကျင် အခြေ အနေနှင့် ဆက်စပ်ကာ မှန်ကန်တဲ့ တိုက်ပွဲ ပုံစံ နည်းဗျူဟာ ချမှတ်ပြီး စစ်ပွဲ ဆင်နွှဲနိုင်မှု။

(ဂ) လွတ်လပ်ရေး ရရှိအောင် တိုင်းရင်းသား လူမျိုးများ ကို စည်းလုံး ညီညွတ်မှု ရရှိအောင် စည်းရုံး နိုင်မှု နှင့် တိုင်းရင်းသား လူမျိုး များ၏ လေးစား ချစ်ကြည် ခံရမှု။

(ဃ) ခေါင်းဆောင်တွေ အတွက် အထူး လိုအပ်တဲ့ ကိုယ်ကျင့် သိက္ခာ အပြည့် အဝရှိမှု၊ အထူး သဖြင့် ပြည်သူ လူထုကြီး ၏ ချစ်ကြည် လေးစားမှု ရရှိရုံသာ မက ရန်သူများ ကပင် လေးစား ခံရမှု စသည့် စွမ်းဆောင်မှု အရည် အချင်းတွေ ရှိသည်ဟု ကျွန်တော် ယုံကြည် ပါတယ်။



ကျွန်တော့် အမြင် သဘောထား ကတော့ မြန်မာ နိုင်ငံကို ကျွန်နိုင်ငံ၊ ကျွန် ဘဝကနေ လွတ်လပ်တဲ့ လူမျိုး ဘဝ ရောက်လာအောင် ဗိုလ်ချုပ် အောင်ဆန်း ကြိုးပမ်း ဆောင်ရွက် နိုင်ခဲ့တယ်။ ကုန်ကုန် ပြောရမယ် ဆိုရင် ဗိုလ်ချုပ် အောင်ဆန်း ဟာ သူ့ အသက် သွေးနဲ့ လဲပြီး မြန်မာ တစ်မျိုးသားလုံး လွတ်လပ်တဲ့ လူမျိုး ဘဝ ရောက်အောင် သွေးလမ်း ခင်းပေး ခဲ့တယ်။ ဒါ ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဟာ '' တုလွတ် ကင်းတဲ့ ခေါင်းဆောင်'' ဖြစ်တယ်လို့ ကျွန်တော် စွဲစွဲ မြဲမြဲ ခံယူထား ပါတယ်။ ယနေ့ထက် ထိလဲ အဲဒီ ယုံကြည်ချက် အတိုင်းပါဘဲ။ ဒါကြောင့် ''ကျွန်တော်တို့ သိသော ဗိုလ်ချုပ်အောင်ဆန်း'' အတ္ထုပ္ပတ္တိ စာမူများကို စုဆောင်း ဖြန့်ဝေဖို့ ဆန္ဒ ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်တော် သိရ သလောက်၊ ကျွန်တော့် အမြင်၊ သဘောထားကို ပြောပါ ရစေ။ ကျွန်တော် သိရ သလောက်၊ အတ္ထုပ္ပတ္တိ၊ ဝတ္ထု၊ ဆောင်းပါး၊ မှတ်တမ်း ဝေဖန်ရေး စာတမ်း စသည်ဖြင့် ရေးသား ပုံနှိပ် ဖြန်ချိ နေကြ တာတွေဟာ သမိုင်း မှတ်တမ်းတင် ကျန် ရှိလို တာကြောင့် လူတွေ အသိတရား ရစေ လိုတာကြောင့် လွဲမှားစွာ ဖော်ပြထား တာကို အမှန် ဖြစ်စေ လိုတာကြောင့် တာဝန် အရ ရေးရ တာကြောင့် အချို့ကျတော့ မိမိကိုယ်ကို ထင်ပေါ် စေလို တာကြောင့် အခ ငွေကြေး ရလို တာကြောင့် စတဲ့ အမျိုးမျိုးသော အကြောင်း တွေ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခု ပြုစုမဲ့ စာမူ ကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ကာယကံမြောက် အလုပ် အကျွေးပြု ကျေးဇူးဆပ်မယ့် အလုပ်ပါ။ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ကြိုးစား ရအောင်ပါ။

စုန်ရေ နှင့် ဆန်ရေ

ဗိုလ်ချုပ် အောင်ဆန်းက ကျွန်တော် အပါ အဝင် မြန်မာ တစ်မျိုးသားလုံး ကို ကျွန် ဘဝက လွတ်လပ်တဲ့ ဘဝ ရောက်အောင် လုပ်ပေးခဲ့ တာဟာ ဘယ်သူမှ ယှဉ် မရနိုင်တဲ့ မိဘရဲ့ စုန်ရေ တာဝန်ကို ဆောင်ရွက်ခဲ့ တာပါ။ သား သမီး တွေရဲ့စားဝတ် နေရေး အတွက် ပင်ပင် ပန်းပန်း လုပ်လုပ် ကြရတာက ရေဆန်ပါ။ အခု ကျွန်တော် တို့က ''ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း'' စာမူများ ရရှိ လာအောင် ကြိုးစား ရတာ ကလဲ ဗိုလ်ချုပ် အောင်ဆန်း အတွက် သားသမီး တွေ ဖြစ်တဲ့ ကျွန်တော်တို့ တစ်တွေက အလုပ် အကြွေး ပြုတာဟာ ဆန်ရေ ပါ။ စုန်ရေ မဟုတ်ပါ။ ကြိုးစား ရအောင်ပါ။ ကျွန်တော် တို့တစ်တွေ သားသမီးတွေ အတွက် စုန်ရေရော ဆန်ရေပါ လုပ်ခဲ့ ကြသူတွေ ပါ။ အခု ကတော့ သခင် ဗိုလ်ချုပ် အတွက် ဆန်ရေ တာဝန်ကို ထမ်းဆောင် ကြပါစို့'' ဟု ဗိုလ်မှူး ရဲထွဋ် ပြောကြား ခဲ့ပါသည်။

(၂ဝဝ၄) ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ တွေ့ဆုံ ပွဲတွင် သခင် တင်မြက အောက်ပါ စာတမ်းငယ် နှစ်စောင်ကို တင်ပြခဲ့ ပါသည်။

(၁) စာမူစိစစ်ရာတွင် အထောက် အကူ ဖြစ်စေရန်

ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိကို ပုံနှိပ် ထုတ်ဝေ ထားသည့် စာအုပ်များ ရှိပါသည်။ ထုတ်ဝေ ပြီးသော စာအုပ် များထက် တတ်နိုင် သမျှ ပိုမို ပြည့်စုံသည့် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ဖြစ်စေရန် ကျွန်တော်တို့ အားလုံး ဆန္ဒ ရှိကြ ပါသည်။ ယင်းဆန္ဒကို ဖြည့်ဆည်း ပေးနိုင် သူများမှာ ဗိုလ်ချုပ် အောင်ဆန်း နှင့် တစ်ချိန်က ကိုယ်တိုင် ကိုယ်ကျ ထိတွေ့ဆက်ဆံဖူး ကြသည့် သက်ရှင် ထင်ရှား ရှိနေသေးသည့် ပုဂ္ဂိုလ် များသာ ဖြစ်ပါသည်။

ထို့ကြောင့် ယင်း ပုဂ္ဂိုလ်များ ထံမှ - လွတ်လပ်သည့် နိုင်ငံ၊ လွတ်လပ်သည့် လူမျိုး ဖြစ်လာ စေရန် ဗိုလ်ချုပ် နှင့် အတူ ဆောင်ရွက်ခဲ့သူ များသည်-

ဗိုလ်ချုပ် အောင်ဆန်း ၏ နိုင်ငံရေး အရ ခေါင်းဆောင်မှု၊
စီးပွားရေး နှင့် ပတ်သက်၍ လမ်းညွှန်မှု။
စစ်ရေး အရ စွမ်းဆောင် နိုင်မှု။
လူမှုရေး နှင့် ပတ်သက်၍ မှန်ကန်စွာ ကျင့်သုံးမှု
အကျင့် သိက္ခာ နှင့်ပတ်သက်၍ သန့်ရှင်း စင်ကြယ်မှု
တိုင်းရင်းသား လူမျိုး များ၏ ယုံကြည် လေးစား ခံရမှု
နိုင်ငံသူ နိုင်ငံသား အများစု ကြီး၏ ချစ်ခင် လေးစား ယုံကြည် အားထား ဂုဏ်ပြု ခံရမှု

စသည် တို့နှင့် ပတ်သက်၍ ဗိုလ်ချုပ် အောင်ဆန်း ၏ ထူးခြားသော ဆောင်ရွက် မှုများ၊ မိန့်ခွန်းများ၊ မှတ်စု မှတ်တမ်း များကို စုဆောင်းရန်။ ယင်း စာမူများ ရရှိရန် အတွက် ဗိုလ်ချုပ် အောင်ဆန်း နှင့် လွတ်လပ်ရေး နိုင်ငံရေး၊ စစ်ရေး တိုက်ပွဲ များတွင် အတူ တကွ ပါဝင်ခဲ့ သူများ၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် ထိတွေ့ ဆက်ဆံ ခဲ့ပြီး ယနေ့တိုင် သက်ရှင် ထင်ရှား ရှိနေကြသည့် ပုဂ္ဂိုလ် များထံ သွားရောက် မေးမြန်း စုဆောင်း ပါမည်။

စာမူ စိစစ်ရေး ပုဂ္ဂိုလ်များ မေးမြန်း စုဆောင်း ရရှိသည့် မှတ်တမ်းနှင့် စာမူ များကို

(က) ဗိုလ်ချုပ် အောင်ဆန်း အား တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ ဂုဏ်သိက္ခာ ထိခိုက် စေမည့် အချက် အလက် များကို ပယ်ဖျက် ပစ်ရန်။

(ခ) မိမိ သိရှိ ထားသည့် အချက် အလက် များသည် အဖြစ်မှန် နှင့် ကွဲလွဲ နေပါက မှားသည့် အရာ များကို ပယ်ဖျက်ပြီ အမှန် ကိုသာ ဖော်ပြရန်။

(ဂ) အကြောင်း အရာ မှန်သော်လည်း မပြည့်စုံ ပါက ဖြည့်စွက် ပေးရန်။ စိစစ်ပြီး စာမူ များကို ပုံနှိပ် ထုတ်ဝေ နိုင်ရန် အတွက် စာမူရှင်၏ သဘောတူညီမှုကို ရယူပါမည်။ စာမူရှင်၏ သဘော တူညီမှု ရရှိပြီး ပါက စာအုပ် အဖြစ် စုစည်း၍ သက်ဆိုင်ရာ အစိုးရ ဌာန၏ ခွင့်ပြု မှုကို ရယူ ပါမည်။

ခွင့်ပြုမှု ရရှိ ပါက စာအုပ် အဖြစ် ပုံနှိပ် ပါမည်။ ပုံနှိပ်ပြီး ပါက ''ကျွန်တော်တို့ သိသော ဗိုလ်ချုပ်အောင်ဆန်း'' စာအုပ်ကို

(၁) ပြည့်စုံနိုင် သမျှ ပြည့်စုံသော ဗိုလ်ချုပ် အောင်ဆန်း စာအုပ် ဖြစ်ပေါ် လာရေး အတွက် ရန်ကုန် တက္ကသိုလ် သမိုင်း ဌာနသို့ ပေးပို့ရန်။

(၂) စာမူ များကို စာအုပ် အဖြစ် ပုံနှိပ်နိုင်ရေး အတွက် လိုအပ်သည့် ငွေကြေး ကို ခေတ္တ စိုက်ထုတ် ပေးသည့် ပုဂ္ဂိုလ် များအား ပြန်လည် ပေးဆပ်ရန်။ ယနေ့ အထိ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ အတွက် ခေတ္တ ငွေချေးငှားခြင်း မပြုခဲ့ ရပါ။ ကုန်ကျ စရိတ် များကို ကမကထ ပြုသူများ တစ်ခါ ထည့်ဝင်လျှင် ကျပ် ၁ဝဝဝဝိ/- ၊ ၂ဝဝဝဝိ/ - လစဉ် ထည့်ဝင် ခဲ့ခြင်း စေတနာ ရှိသူ များက လည်း ကျပ်ငွေ ၁ဝဝဝဝဝိ/-စီ ထည့်ဝင် ကြခြင်းများ ရှိခဲ့ ပါသည်။

(၃) ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်ကို ဈေးအသက်သာဆုံး နှုန်းဖြင့် ရောင်းချရန်။



''ကျွန်တော်တို့ သိသော ဗိုလ်ချုပ် အောင်ဆန်း'' စာအုပ် ပြည့်စုံ ပြီးမြောက်စေရန် အတွက် စာမူ စိစစ်သူ ပုဂ္ဂိုလ်များ အနေဖြင့် အကြံပေး ပါရန် နှင့် တတ်နိုင် ပါက ငွေအား ပစ္စည်းအား တို့ဖြင့် ကူညီကြပါရန် အသိပေး တိုက်တွန်း ပါသည်ဟု ဗိုလ်မှူးရဲထွဋ်က ပြောခဲ့ ပါသည်။




သခင်တင်မြ ၁၉/၆/၂ဝ၁ဝ ( လျှပ်တပြက် )
၁၅ . ၇ . ၂၀၁၀