20 December 2011

NLD ပါတီ ခေါင်းဆောင်နှစ်ဦးရွေးချယ်

တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်နှစ်ဦးကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပါတီတည်ထောင်သူများ စုံညီအစည်းဝေး၌ ရွေးချယ်လိုက်ကြောင်း ယင်းပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ထုတ်ဖော်ပြောဆိုသည်။

အဆိုပါ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ပထမခေါင်းဆောင်အဖြစ် ဦးတင်ဦးအား လည်းကောင်း၊ ဒုတိယခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်း စုကြည်အား လည်းကောင်း ရွေးချယ်ခဲ့ပြီး ယင်းတို့ နှစ်ဦးသည် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရန် မကြာမီရက်ပိုင်းအတွင်း နေပြည်တော်သို့ သွားရောက်ရန် ရှိကြောင်း ဦးအုန်းကြိုင်က ဆိုသည်။

“ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့နေပြည်တော်ကို သွားမယ်ဆိုတာကို မထုတ်ပြန်ရသေးပါဘူး”ဟု ဦးအုန်းကြိုင်က ဆိုသည်။

NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဗဟိုအောင်နိုင်ရေးကော်မတီအား နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး လစ်လပ်သည့်မဲဆန္ဒနယ် အသီးသီးတွင် ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီများ ဖွဲ့စည်းရန်ရှိကြောင်း သိရသည်။

တိုင်းရင်းသား၊ အမျိုးသမီးနှင့် လူငယ်များကို NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစားပေးရွေး ချယ်ရန်ရှိကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီတည်ထောင်သူစာရင်းအား နိုဝင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့ပြီး ၁၇ ရက်အကြာတွင် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

သတင်း....Transparency Myanmar