18 December 2011

ဆင်းရဲနွမ်းပါးသူများအား အမြတ်ကြီးစား အတိုးပေးစားသူများမှ ငွေယူယုံမျှမက လက်ရောက်မှုပြုလုပ်အထိ ရဲတင်းမှုများ ရှိလာ

မင်္ဂလာဒုံမြို့နယ်၊ သင်္ယန်းကျွန်းကြီးစံပြကျေးရွာအုပ်စုမှ ဆင်းရဲနွမ်းပါးသည့် လက်လုပ်လက်စားအများစုအား အမြတ်ကြီးစား အတိုးပေးစားသူများမှ ငွေယူယုံမျှမက လက်ရောက်မှုပြုလုပ်အထိ ရဲတင်းမှုများရှိလာကြောင်း ဒေသခံများထံမှ သိရှိရသည်။

လမ်းတိုင်းနှင့်ရပ်ကွက်တိုင်းတွင် အတိုးချပေးသူများရှိ၍ နွမ်းပါးသူအများစု နေထိုင်သည့် သင်္ယန်းကျွန်း စံပြကျေးရွာတွင် အချို့ ငွေချေးသူများမှာ အုပ်စုဖွဲ့ကာ၍ ငွေချေးယူမှုကိစ္စနှင့်ပတ်သက်၍ ရဲဒင်းဖြင့် ခုတ်သည်အထိ လက်ရောက်မှုများပြုလုပ်သည့်အပြင် အိမ်ခြံမြေ၊အိမ်မွေးတိရိစ္ဆာန်နှင့် အိမ်ထောင် ပရိဘောဂများကိုပါ သိမ်းယူသည်အထိ ပြုလုပ်လေ့ရှိကြောင်းကိုလည်း သိရှိရသည်။

"တစ်ဦးဆိုရင် တစ်သိန်းငါးသောင်းချေးထားတာ၊ ချေးထားတဲ့သူက အရင် ငွေမကျေသေးတဲ့သူတစ်ဦးကို ရဲဒင်းနဲ့ခုတ်လို့ အချုပ်ကျတဲ့အချိန်မှာ တစ်သိန်းငါးသောင်း ချေးထားတဲ့သူက ငွေမသွင်းမိတဲ့အတွက် အတိုးက (၈)သိန်းအထိ တတ်သွားတယ်၊ အဲ့ဒီလူက အရင်းကျေပြီးတဲ့အပြင်ကို နောက်ထပ် နှစ်သိန်းတစ်သောင်း ထပ်တောင်းတာမှာ စကားပြောအဆင်မပြေလို့ဆိုပြီး လက်ဘက်ရည်ဆိုင်မှာ အဲ့ဒီငွေချေးပေးတဲ့သူက ခုံနဲ့ရိုက်တယ်၊ လက်သီးနဲ့ ထိုးတယ်၊ အခုအဲ့ဒီလူ အင်းစိန်ဆေးရုံရောက်နေတယ်၊ ရဲစခန်းကို သွားတိုင် တော့လည်း ဘူးသီးလက်သီးထိုးမှုလို့ပြော ပြီး ဘာမှအရေးယူဆောင်ရွက်ခြင်းမရှိဘူး "ဟု သင်္ယန်းကျွန်းကြီး စံပြကျေးရွာမှ အမည်မဖေါ်လိုသူ အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါ ငွေတိုးချပေးသူများအနေဖြင့် အုပ်စုနှင့်ငွေတောင်းယူလေ့ရှိကာ အဆင်မပြေပါက ရိုက်နှက်သည့်အပြင် အိမ်၊ခြံ၊မြေ၊ အိမ်ထောင်ပရိဘောဂ၊ ဆိတ်၊ကြက်ဝက်စသည့်များကို သိမ်းယူလေ့ရှိပြီး၊ တချို့ အတိုးချပေးသူ များမှာ ငွေဆပ်ချိန်ကျော်လွန်ပါက ရပ်ကွက်တွင်း လော်စပီကာဖြင့် အောင်တောင်းလေ့ရှိကြောင်းကိုလည်း သိရှိရသည်။

ငွေတိုးချပေးရာတွင် နေ့ပြန်တိုး၊၁၂ရက်တိုး၊၂၄ရက်တိုးဟူ၍ ရှိပြီး ငွေကျပ်တစ်ရာလျှင် အနည်းဆုံး နှစ်ဆယ်တိုး ယူလေ့ရှိကာ အချို့ငွေတိုးချသူများမှာ ရပ်ကွက်လူကြီးများ ပူးပေါင်း၍ အတင်းအဓမ္မတောင်းယူလေ့ ရှိသည့် အတွက် နွမ်းပါးသူအများစုမှာ ပိုက်ဆံမရှိ၍ ငွေချေးမိကာမှ အတိုးပေါ်အတိုးဆင့်ကာ ရပ်ကွက်လူကြီးမှ ခေါ်ယူ သတိပေးခံရသည့် အခြေအနေအထိ ကူရာကယ်ရာမဲ့သည့်အခြေအနေထိ ရောက်ရှိနေကြောင်းကိုလည်း သိရှိရသည်။

"ငွေကတော့ တတ်နိုင်ရင်မချေးတာကောင်းတယ်၊ မတတ်နိုင်တဲ့အဆုံးချေးမိရင်တော့ ဆုံးအောင်ဆပ်ပေတော့၊ ဒါပေမယ့် ငွေမဆပ်နိုင်လို့ ချေးတဲ့သူကို ရိုက်နှိက်တဲ့ခေတ်က မရှိတော့ပါဘူး၊ ဒီလိုအဖြစ်မျိုးတွေအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဆင်းရဲသားတွေဘက်က ရပ်တည်ပြီး တစ်ခုခုလုပ်ပေးဖို့လိုပြီ "ဟု ဥပဒေကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဦးထွန်းအောင်က ပြောသည်။

သတင်း ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။