22 December 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေးမည်

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေး
ရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၁၁ရက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း ဦးဉာဏ်ဝင်းကအတည် ပြုပြောကြားသည်။ သို့သော် တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးသွားသည်ကို မသိရကြောင်း ၎င်းကဆက်လက်ပြောသည်။ ထို့အတူ သူရဦးရွှေမန်းနှင့် တွေ့ဆုံမည်ဟု သိထားရပြီး မည်သည့်ရက်တွင်တွေ့ဆုံမည်ဖြစ်ကြောင်းကို မသိရှိရသေးကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်နှစ်ရပ်မှဥက္ကဋ္ဌနှစ်ဦးဖြစ်သော ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်းတို့အပြင် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့်လည်း ယခုလပိုင်း အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ထပ်မံ၍ အစိုးရအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံဆွေးနွေးရန်ရှိသေးကြောင်း အစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သတင်းရရှိသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် တွေ့ဆုံဆွေး နွေးခဲ့ကြောင်းသတင်းများ ထွက်ပေါ်နေသည်။ သို့သော် ဦးဉာဏ်ဝင်းက ထိုတွေ့ဆုံဆွေးနွေးမှုများကိုမူမသိဟုဖြေပြီး ဦးခင်အောင်မြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းနှင့် သူရဦးရွှေမန်းနှင့်တွေ့ဆုံဆွေးနွေးရန်ရှိသည်ကိုသာ အတည်ပြုဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် သြဂုတ် ၁၉ရက်တွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အစိုးရ၏ ဆက်ဆံရေး ၀န်ကြီးဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် အောက်တိုဘာလ ၃၀ တွင် နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့သည်။ ဦးအောင်ကြည်နှင့်တွေ့ဆုံဆွေးနွေးမှုမှာ ဦးသိန်းစိန်အစိုးရ လက်ထက် တွင် လေးကြိမ်မြောက်တွေ့ ဆုံဆွေးနွေးမှုဖြစ်သည်။

လာမည့် ဒီဇင်ဘာ ၂၃ရက်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ပါတီမှတ်ပုံတင်ရန် နေပြည်တော်သွားစဉ်

သူရဦးရွှေမန်းနှင့် တွေ့ဆုံဖွယ်ရှိကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

သတင်း...7Day News Journal