12 June 2011

လုပ်ချင်လိုက်တဲ့ခေတ်မှီတိုးတက်တဲ့နိုင်ငံ ပြည်သူတွေဘေးကင်းလုံခြုံရေးအတွက်ထုတ်လိုက်ရတဲ့ဥပဒေ တကယ်ဖြစ်လာတော့ပြည်သူများဘာခံစားခွင့်ရှိလဲ?


ပျော်ရွှင်ဘို့သွားတာကံကောင်းလို့မသေခဲ့ဘဲလက်သုံးချောင်းပြတ်သွားတဲ့ မောင်တင်အောင်ဖြိုး

ပြည်သူများ စိတ်လက်အပန်းဖြေသော နေရာများနှင့် ကလေးကစားကွင်းများ၊ ပန်းခြံများကို အစိုးရက ပုဂ္ဂလိကကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်များ ချထားပေးလျက်ရှိရာ အပန်းဖြေကြသော ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ဥပဒေတစ်ရပ် လိုအပ်သောကြောင့် “ပြည်သူ့အပန်းဖြေနေရာနှင့် ကလေးကစားကွင်းများ ဘေးကင်းလုံခြုံရေးဥပဒေ” တစ်ရပ်ကို ရေးဆွဲပြီး အမျိုးသားလွှတ်တော်သို့ တရားဝင်တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

ဇွန်လ ၁ရက်နေ့က ပြည်သူ့ရင်ပြင်၊ ရေလွှာဥယျာဉ်တွင် အသက် ၂၄နှစ်အရွယ် မောင်ဖိုးခွားခွား(ခ) စန်းထွန်းဝင်း ရေလွှာလျှောစီးရင်း သေဆုံးခဲ့မှု၊ ယင်းနေ့တွင်ပင် အသက် ၂၁နှစ်အရွယ် မောင်တင်အောင်ဖြိုး ရေလွှာလျှောစီးရင်း အရှိန်ထိန်းရာမှ ရေလွှာလျှောရှိ ဟနေသော သံပြားအတွင်းသို့ လက်သုံးချောင်းဝင်သွားပြီး လက်ချောင်းသုံးချောင်း ပြတ်သွားခဲ့ရမှုများနှင့် ပတ်သက်ပြီး သုံးသပ်ခဲ့ရာ ပြည်သူများ အပန်းဖြေနေရာများနှင့် ကစားကွင်များတွင် ဘေးကင်းလုံခြုံရေးအတွက် အားနည်းချက်များ၊ လုပ်ဆောင်သင့်သော အချက်များကို တိကျစွာ မလုပ်ဆောင်ခဲ့ခြင်းများကို စစ်ဆေးတွေ့ရှိရပြီး ဥပဒေပိုင်းအရလည်း အားနည်းချက်များရှိကြောင်း ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“သေသွားတဲ့ကလေးကလည်း သေသွားပြီ။ လက်ပြတ်သွားတဲ့ကလေးကလည်း တစ်ဘဝလုံး မသန်မစွမ်းဘဝနဲ့ နေသွားရတော့မယ်။ နောင်ဒီလို အဖြစ်မျိုးတွေ ထပ်မဖြစ်အောင်၊ နောင်အနာဂတ်မျိုးဆက်တွေ မသေအောင် ကျွန်တော်တို့က လုပ်စရာရှိတာ လုပ်ဖို့လိုတယ်။ ကျွန်တော့်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့အတွက် ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်ရအောင်၊ ဒီဖြစ်ရပ်တွေ နမူနာထားပြီး လွှတ်တော်မှာ ဥပဒေကြမ်း တင်မယ်။ နောင်လူငယ်တွေ ဒီလိုအဖြစ်မျိုး မကြုံအောင် ကာကွယ်သွားဖို့လိုတယ်” ဟု ၄င်းကဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ အသက် ၆၀အရွယ် တရားလွှတ်တော် ရှေ့နေတစ်ဦးကမူ “လူသေမှုဖြစ်သွားပြီးပြီ။ ဖြစ်တဲ့နေရာလည်း သိတယ်ဆိုရင် တရားရုံးမှာ ဦးတိုက်လျှောက်လို့ရတယ်။ သေမှုသေခင်းကနေ လူသေမှု၊ လူသေမှုကနေ လူသတ်မှုမြောက်တဲ့အထိ ဖြစ်သွားတဲ့ အမှုအခင်းတွေ အရင်က ရှိခဲ့တယ်။ ဒါကတော့ တရားဥပဒေရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်တယ်။ သေသွားတဲ့ဘက်က ကိုယ့်လူတစ်ယောက်လုံး ဆုံးရှုံးသွားတာကို ငြိမ်ခံမနေဘဲ တရားရုံးမှာ ဦးတိုက်လျှောက်ဖို့ လိုတယ်” ဟု သုံးသပ်ပြောကြားသည်။ ရန်ကုန်မြို့ရှိ အသက် ၄၀ကျော်အရွယ် အထက်တန်းရှေ့နေတစ်ဦးကလည်း ပြည်သူများ ဘေးကင်းလုံခြုံစွာ အပန်းဖြေနိုင်ရေး ဥပဒေတစ်ရပ် လိုအပ်သည်ဟုရှင်းလင်းပြောကြားခဲ့ကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။