12 June 2011

လ ကုန်တဲ့နေ့ လစာချက်ချင်းရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ပါဘူး ဆိုသော မြန်မာပြည်ကကုမ္မဏီဝန်းထမ်းများ

ရန်ကုန်မြို့တွင်ပင် လ ကုန်ရက် ၌ လစာ မပေးသော ကုမ္ပဏီ အချို့ရှိ သည်ကို လေ့လာ တွေ့ရှိရသည်။

“ဒီနေ့ လစာပေးမယ်ပြောတာပဲ။ သိပ်တော့ မသေချာဘူး။ သူဌေး နေပြည်တော် ကို အလုပ်ကိစ္စနဲ့ သွားစရာရှိရင်တော့ သူပြန်လာမှရမယ်နဲ့ တူတယ်။ ဒီအလုပ်လုပ်လာတာ ကြာပြီ။ လ ကုန်တဲ့နေ့ လစာချက်ချင်းရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ပါဘူး”ဟု မီဒီယာ လုပ်ငန်းကြီး တစ်ခုတွင် လုပ်ကိုင်နေသော အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့လကုန်ရက်တွင် လစာ ချက်ချင်းမရ သောကုမ္ပဏီများမှာ ရန်ကုန်မြို့ရှိ လုပ်ငန်းစုံ၌ အတော်များများရှိနေသည်ဟု သိရသည်။

“အိမ်က သမီးကအလှကုန်ဆိုင် တစ်ဆိုင်မှာ လုပ်တယ်။ လစာကတော့ အ တန်အသင့် ရပါတယ်။ဒါပေမဲ့သူတို့အလုပ်ရှင်က လကုန်ကုန်ချင်း လစာဘယ်တော့မှမပေးဘူး။ အနည်းဆုံး သုံးလေးရက် ကြာတတ်တယ်။ သူပေးချင်တဲ့ ရက် ပေးသလိုမျိုးဖြစ်နေတယ်။ ဒီဘက်မှာ ကျွန်မတို့က မပြေလည်တော့ အကြွေးယူထားတာတွေ ရှိတယ်။ လကုန်မပေးတော့ အကြွေးရှင် က မယုံကြည်ချင်ဘူး။ အမြဲတမ်း ပုံမှန်ရက်ပေးရင် ရက်ချိန်းပေးလို့ရသေးတယ်။ အဲဒီလိုမဟုတ်တော့ အဆင်မပြေဘူး” ဟု ဒေါပုံတွင်နေထိုင်သော အမျိုးသမီးတစ်ဦးက ပြောသည်။ အချို့သော ကုမ္ပဏီများမှာ လကုန်ပြီး နှစ်ရက်သုံးရက်နှင့် အကြာဆုံး ၈ ရက်ခန့်ရောက်မှသာ လစာပေးကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းမှာဝန်ထမ်းအား ထိန်းချုပ်မှုတစ်ခု အသွင်ပြု လုပ်ခြင်းဖြစ်ကြောင်း သိ ရသည်။

“ကျွန်တော်တို့ဆီမှာက လကုန်တဲ့ရက် လစာပေးတာမဟုတ်ဘူး။ အလုပ်ဝင်တဲ့ရက်ရောက်မှပေးတာ။ ကျွန်တော်က ၁၅ ရက်နေ့ အလုပ်ဝင်တာဆိုတော့ လတိုင်း ၁၅ ရက် ရောက်မှပေးတာ။ စဝင်တဲ့လက လကုန်ကုန်ချင်း လစာတောင်းတော့ မပေးနိုင်ဘူးတဲ့။ လုပ်ခက တစ်လပြည့်မှ တစ်ခါရှင်းတာလို့ပြောတယ်။ ၁၅ ရက်ခပဲ တောင်းတာတောင် မရဘူး။ နောက်ဒီဆိုင်မှာလုပ်တဲ့ စားပွဲထိုးတစ်ယောက်ဆို လမကုန်ဘဲ အလုပ်ထွက်သွားတာ လစာ မပေးလိုက်ဘူး” ဟု သာကေတမြို့ လက်ဖက် ရည်ဆိုင်မှ စားပွဲထိုးတစ်ဦးက ပြောပြသည်။ အထက်ပါကဲ့သို့ လကုန်သည့်ရက် လစာမပေးသည့်ပုဂ္ဂလိက ကုမ္ပဏီများ ထဲမှ အချို့သည် လကုန်သည့်ရက် ဝန်ထမ်းများအလုပ်ထွက်ခြင်းမှ ကာကွယ်နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ လကုန်ပြီး ၈ ရက်ခန့်မှ လစာရသော ဝန်ထမ်း တစ်ဦးအတွက် အလုပ်ထွက်ရန်ခက်ခဲကြောင်းအလှကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြော သည်။

“ဒီလိုဘာကြောင့် ဖြစ်ရသလဲဆို တော့ အလုပ်လုပ်ချင်တဲ့လူကများပြီး အလုပ်ကရှားနေလို့ပဲ။ ပြီးတော့ သက်ဆိုင်ရာကိုတိုင်ကြားတဲ့ ဓလေ့ကရှားတော့ ကျင့်ဝတ်မရှိတဲ့ လုပ်ငန်းရှင် တွေက ထင်သလို လုပ်ကြတော့တာပေါ့”ဟု ရှေ့နေကြီးတစ်ဦးက သုံးသပ်ပြောဆိုထားသည့်သတင်းအားPopular News ဂျာနယ်တွင်ဖော်ပြထားပါသည်။