21 November 2010

ဝါရင့်နိုင်ငံရေး သက်ကြီးပူဇော်ပွဲ အခမ်းအနား သတင်းဓာတ်ပုံ မြင်ကွင်း



















ဝါရင့်နိုင်ငံရေးသက်ကြီးပူဇော်ပွဲကျင်းပပြုလုပ်


အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများက ၀ါရင့်နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲ တရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ၀ါရင့်နိုင်ငံရေး သမားကြီးသခင်သိန်းဖေအိမ်တွင် ယနေ့(၂၀.၁၁.၂၀၁၀)စနေ့န့နက်(၉)နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ ကန်တော့ပွဲသို့ ကန်တော့ခံသက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ (၆၂)မျိုးဆက် (၇၄-၇၅-၇၆)မျိုးဆက် (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် အခြားနိုင်ငံရေးလှုပ်ရှားသူများ (၁၀၀)ကျော်ခန့်တက်ရောက်ကြသည်။

အဆိုပါကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့်သက်ကြီးနိုင်ငံရေး သမားကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း ကန်တော့သူ အမျိုးသားပြန်လည် သင့်မြတ်ရေး လိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ၏ ပန်ကြားလွှာကို ဖတ်ကြားခြင်း။ အပူဇော်ခံ သက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများကိုယ်စား ၀ါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဌ ဦးတင်ဦးနှင့် တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြောကြားခြင်းတို့အပြင် အထူးအစီအစဉ်အဖြစ် ဒုတိယပင်လုံသဘောတူညီချက် ပေါ်ထွက်လာသည်အထိ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက တာဝန်လွှဲအပ်ပေးပြီး နောက်ဆုံးအစီအစဉ်အဖြစ် တာဝန်လွှဲအပ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

ကန်တော့ပွဲသို့ ကန်တော့ခံပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားသည့် ၀ါရင့်သက်ကြီး နိုင်ငံရေး သမားကြီး(၂၈)ယောက်အနက် ရပ်ဝေးနေသူများနှင့် ကျန်းမာရေးချို့တဲ့၍ မလာရောက်နိုင်သူများမှ လွဲ၍ စုစုပေါင်း( ၂၀ )ဦး တက်ရောက်အပူဇော်ခံကြသည်။

ကန်တော့ပွဲသို့ တိုင်းရင်းသားခေါင်းဆောင်များနှင့် NLD ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအင်အားစု (၁၀၀)ကျော် တက်ရောက်ခဲ့ကြသည့်အပြင် သတင်း ထောက်များနှင့် လာရောက်ကြည့်ရှုအားပေးသူ ရာနှင့်ချီရှိခဲ့ကြောင်း သိရှိရသည်။

ကန်တော့ပွဲပြီးနောက် ကျန်းမာရေးကြောင့် မလာရောက်နိုင်သူ ဆရာကြီးဒဂုန်တာရာနှင့်တကွ NLD ဥက္ကဌဦးအောင်ရွှေ၊ အတွင်းရေးမှူးဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်တို့အားလည်း အိမ်တိုင်ရာရောက်သွားကန်တော့ခဲ့ကြောင်း သိရှိရသည်။


ဓာတ်ပုံ..AP .၊KZH