25 November 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ဂျာနယ်များကိုစည်းကမ်းချက် ၁၀ ချက် ထပ်မံထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ပြည်တွင်းထုတ် အပတ်စဉ်စာစောင် (သို့မဟုတ်) ဂျာနယ်များအား နိုဝင်ဘာလ ၂၁ ရက်စွဲဖြင့် စည်းကမ်းချက် ၁၀ ချက် ထပ်မံထုတ်ပြန် အသိပေးလိုက်ကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်စွဲဖြင့် ဂျာနယ်မျက်နှာဖုံး၊ အချပ်ပိုများ ထည့်သွင်းဖော်ပြခြင်းနှင့် ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့ဖူးပြီး ယခုထပ်မံ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါစည်းကမ်းချက် ၁၀ ချက်မှာ-
(၁) ရှေ့မျက်နှာဖုံးတွင် ပုံနှိပ်ဖော်ပြမည့် ဂျာနယ်၏ Logo ပုံစံနှင့် အရွယ်အစားသည် ဂျာနယ်ထုတ်ဝေရန် ဌာနသို့ စတင်တင်ပြစဉ်က ခွင့်ပြုပေးထားခဲ့သည့် Logo ပုံစံနှင့် အရွယ်အစားအတိုင်းသာ ပုံနှိပ်ဖော်ပြရမည်။

(၂) ဂျာနယ်တွင် မည်သည့်အတွင်း စာမျက်နှာတွင်မဆို ရှေ့မျက်နှာဖုံးပါ Logo ပုံစံနှင့် အရွယ်အစားအား နောက်ထပ်အဖုံးပုံစံ တစ်ခုသဖွယ် ဖော်ပြခြင်း မပြုရ။

(၃) ရှေ့မျက်နှာဖုံးအား အတည်ပြုပြီးပါက ထပ်မံတင်ပြခွင့်မရှိ။ သို့ရာတွင် ဖြုတ်ပယ်ခံရပါက ၄င်းနေရာတွင် အစားထိုးရန် တစ်ကြိမ်ထပ်မံ တင်ပြခွင့်ပြုမည်။

(၄) အချပ်ပိုတွင် ဖော်ပြမည့် Logo နှင့် ဂျာနယ် Size သည် မူလဂျာနယ်ပါ Logo အရွယ်အစားထက် ထက်ဝက်သေးငယ်ရမည်။

(၅) အချပ်ပို (သို့မဟုတ်) Supplementary စာသားကို Logo ၏ အောက်ဘယ် (သို့မဟုတ်) ညာတွင် ထင်ရှားပီသစွာ ပုံနှိပ်ဖော်ပြရမည်။

(၆) ဌာနက ခွင့်ပြုထားပြီးဖြစ်သော သတင်း၊ ဆောင်းပါးနှင့် ဓါတ်ပုံများကိုသာ အချပ်ပိုတွင် ဖော်ပြရမည်။

(၇) အချပ်ပို စာမျက်နှာကို A, B, C, D ……… အက္ခရာစဉ်ဖြင့်သာ ဖော်ပြရမည်။

(၈) အချပ်ပိုစာမျက်နှာကို အများဆုံး ၈ မျက်နှာထိသာ ခွင့်ပြုသည်။

(၉) ဂျာနယ်မူကြမ်းတွင် စာမျက်နှာအဖုံးတွင် ဖော်ပြရန် ခွင့်မပြုထားသော သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံများကို အချပ်ပိုစာမျက်နှာ၏ ပထမစာမျက်နှာတွင် ထည့်သွင်း ဖော်ပြခြင်းမပြုရ။ အချပ်ပို၏ အတွင်းစာမျက်နှာတွင်သာ ဖော်ပြရမည်။

(၁၀) အချပ်ပို ထည့်သွင်းလိုပါက သက်ဆိုင်ရာဂျာနယ်က မည်သည့်အတွက်ကြောင့် ထည့်သွင်းလိုခြင်းနှင့် မည်သို့ ထည့်သွင်းဖော်ပြမည်ကို ဌာနသို့ ဦးစွာ တင်ပြခွင့်ပြုချက် ရယူရမည်။

လောလောဆယ်အားဖြင့် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ် ၇ စောင်ကို ထုတ်ဝေခွင့် ၁ ပတ် ရပ်ဆိုင်းထားပြီး အားကစားဂျာနယ် တစ်စောင်နှင့် သတင်းဂျာနယ်တစ်စောင်ကိုမူ ထုတ်ဝေခွင့် ၂ ပတ် ရပ်ဆိုင်းထားသည်။ ယင်းကဲ့သို့ ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်းခံရသည့် ဂျာနယ်အရေအတွက်မှာ မိမိ၏ စာပေသက်တမ်းတစ်လျှောက် အများဆုံးဖြစ်ကြောင်း ဝါရင့်စာနယ်ဇင်း ဆရာတစ်ဦးက ပြောပြခဲ့ကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။