23 November 2010

ယနေ့တွင် ၂၁ ရာစု ပင်လုံညီလာခံ ဖော်ဆောင်ရေးအား လူငယ်များ တက်တက်ကြွကြွ “ဝန်းရံ” ပေးကြရန်လည်း ဆွေးနွေးခဲ့ခြင်း




အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဗဟို လူငယ်ဖော်ဆောင်ရေး ခေါင်းဆောင် ၈ ဦးတို့ တွေ့ဆုံပြီး တပတ်ခန့်အကြာတွင် တိုင်းနှင့်ပြည်နယ်မှ လူငယ်ခေါင်းဆောင်များနှင့် ယနေ့ တွေ့ဆုံခဲ့သည်။ တက်ရောက်ခဲ့ကြသော လူငယ်ခေါင်းဆောင်များတွင် အမျိုးသမီးများ အများဆုံးတွေ့ရပြီး ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုလူငယ်အကြံပေး ဦးအုန်းကြိုင်တို့လည်း တက်ရောက်သည်။

ဗိုလ်ကြီးဝင်းထိန်ကို အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးနှင့် ပတ်သက်၍ ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ပေးထားပြီးယနေ့ ပြည်နယ်နှင့် တိုင်း လူငယ်များကိုလည်း လုံခြုံရေးသင်းတန်းပို့ချသွားရန်လည်း သဘောတူခဲ့သည်ဟုသိရပါသည်.။

ဗဟိုလူငယ်လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ လူငယ် ခေါင်းဆောင် ၈ ဦးရှိပြီး ထိုမှတဆင့် လူငယ်အကူအညီပေးရေး ခေါင်းဆောင် ၁၄ ဦးကို ဖွဲ့စည်းထားသည်။

ချင်းပြည်နယ်နှင့် ကယားပြည်နယ် မှလွဲ၍ တိုင်းနှင့်ပြည်နယ် ၁၂ ခုမှ လူငယ်ခေါင်းဆောင် ၁၃ဝ ကျော် အဖွဲ့ချုပ်ရုံးတွင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ၃ နာရီကြာဆွေးနွေးခဲ့သည်ဟုသိရှိရပါသည်.။

ဓာတ်ပုံ ...AP