15 September 2010

စစ်အာဏာပိုင် သတင်းဌာန မြန်မာအသံ မှယနေ့ညနေခင်းသတင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၀)ခုအား တရားဝင်ဖျက်သိမ်းပါသည်ဟုကြေငြာ

၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တည်ဆဲ ပါတီဟောင်းများအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ပြည်ထောင်စု ပအိုးဝ်အမျိုးသားများ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် “ဝ” အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်ကြပြီး ထိုပါတီတို့သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို လျှောက်ထားခြင်းမရှိသဖြင့် ဖျက်သိမ်းခြင်း ဖြစ်သည်ဟု ကြေညာသွားသည်။

၂၀၁၀ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ကြသည့် ပါတီသစ်များထဲမှ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်၊ မြန်မာ့ လူ့ဘောင်သစ်ပါတီ၊ မြန်မာဒီမိုကရေစီ ကွန်ဂရက်၊ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးပါတီ (ပြည်) တို့ကို လွှတ်တော်သုံးရပ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖျက်သိမ်းကြောင်း ကြေညာခံရသည့် ၁၀ ပါတီတို့သည် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားခြင်း၊ မှတ်ပုံမတင်ခြင်း၊ လွှတ်တော်သုံးရပ်စလုံးတွင် ဝင်ရောက် မယှဉ်ပြိုင်နိုင်ခြင်းတို့ကြောင့် တရားဝင် ဆက်လက် ရပ်တည်ခွင့် မရှိတော့ဘဲ ဖျက်သိမ်းလိုက်သည်ဟု စစ်အာဏာပိုင်သတင်းဌာန မြန်မာအသံ မှ ကြေငြာ သွားသည်။