
ဦးတင်ဦး ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များဟာ ၂၀၁၀ သြဂုတ် ၂၈ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၂၀ က ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ မော်တော်ကားများနဲ့ ထွက်ခွာပြီး ဧရာဝတီတိုင်း စည်းရုံးရေး ခရီးစဉ်များကို စတင်ခဲ့ရာ ပုသိမ်မြို့သို့ နေ့လည် ၁ နာရီခန့်တွင် ရောက်ရှိခဲ့ပါတယ်။ ထိုသို့ ရောက်ရှိပြီး မွန်းလွဲ ၂ နာရီ ၁၅ မိနစ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်း ၁၂၀ ခန့်နဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ညနေ ၄ နာရီမှာ ပြီးဆုံးခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဟာ သြဂုတ် ၂၉ ရက်နေ့ မနက် ၇ နာရီမှာ ပုသိမ်မြို့မှ ကျုံပျော်မြို့သို့ ထွက်ခွာခဲ့ရာ ကျုံပျော်သို့ မနက် ၁၀ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ ကျုံပျော်မြို့တွင် ကျုံပျော်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ရဲ့နေအိမ်တွင် ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်း၊ အသုတ်မြို့နယ်များမှ မြို့နယ် စည်းရုံးရေး အဖွဲ့ဝင်များ၊ လူငယ်များ၊ အမျိုးသမီးလုပ်ငန်းအဖွဲ့ဝင်များ၊ ပြည်သူများ စသည်ဖြင့် ပရိသတ် ၁၅၀ ခန့်နဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ နေ့လည် တနာရီခန့်တွင် ပြီးဆုံးခဲ့ပါတယ်။

အဲဒီနောက် နေ့လည် ၂ နာရီခန့်တွင် ပန်းတနော်မြို့သို့ ထွက်ခွာလာခဲ့ရာ ပန်းတနော်သို့ ညနေ ၄ နာရီ မိနစ် ၄၀ တွင် ရောက်ရှိခဲ့ပါတယ်။ ထို့နောက် ညနေ ညနေ ၅ နာရီအချိန်တွင် ပန်းတနော်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တရာကျော်နဲ့ ဆွေးနွေးပွဲ ပြုလုပ်ရာ ည ၇ နာရီ ၁၅ မိနစ်တွင် ပြီးဆုံးခဲ့ပါတယ်။ ထို့နောက် ပန်းတနော်တွင် ညအိပ်ကာ မနက် ၆ နာရီတွင် ပန်းတနော်မှ မအူပင်မြို့သို့ ဆက်လက် ထွက်ခွာလာရာ မအူပင်မြို့သို့ မနက် ၈ နာရီခွဲတွင် ရောက်ရှိခဲ့ပါတယ်။

မအူပင်မြို့သို့ ရောက်ရှိစဉ် မအူပင်မြို့နယ် စည်းရုံးရေး အဖွဲ့ဝင်များနဲ့ လက်ဘက်ရည်သောက်ရင်း စကားစမည် ပြောဆိုကြကာ နံနက် ၉ နာရီတွင် ကျိုက်လတ်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ပါတယ်။ ကျိုက်လတ်မြို့သို့ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ရောက်ရှိပြီး ထိုမှတဆင့် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဖျာပုံမြို့သို့ ရောက်ရှိခဲ့ပါတယ်။ ဖျာပုံမှ ဘိုကလေးမြို့သို့ စက်လှေများနဲ့ ဆက်လက် ထွက်ခွာခဲ့ရာ ဘိုကလေးမြို့သို့ ညနေ ၄ နာရီခန့်တွင် ရောက်ရှိခဲ့ပါတယ်။



ဦးတင်ဦးခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များဟာ သြဂုတ် ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဘိုကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ပိုနေအိမ်တွင် ဘိုကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၁၉၀ ကျော်နဲ့ တွေ့ဆုံခဲ့ပြီး ဘိုကလေးမှ ဖျာပုံသို့ နေ့လည် ၁၂ နာရီတွင် ထွက်ခွာလာရာ ဖျာပုံမြို့သို့ နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ထိုမှ ဒေးဒရဲသို့ ဆက်လက် ထွက်ခွာလာရာ ဒေးဒရဲမြို့သို့ ညနေ ၃ နာရီခွဲတွင် ရောက်ရှိပြီး ဒေးဒရဲမြို့နယ်အဖွဲ့ဝင်များနဲ့ နာရီဝက်ခန့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဦးတင်ဦးနဲ့အဖွဲ့ဟာ ဒေးဒရဲမှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာလာရာ သြဂုတ် ၃၁ ရက်နေ့ ည ၈ နာရီခန့်တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ဟာ ၂၀၁၀ စက်တင်ဘာ ၄ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ တွံတေးမြို့သို့ သွားရောက်ခဲ့ပြီး တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းမှာ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုများကို သွားရောက် အားပေးခဲ့ပါတယ်။ ထို အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကျဉ်းကျနိုင်ငံရေးသမားများနဲ့ အခြား နိုင်ငံရေးအကျဉ်းသား မိသားစုများ ဖြစ်ကြတဲ့ ကိုရဲထွဋ်အောင်၊ ကိုအောင်စိုး၊ ဦးချစ်ခင်၊ ကိုဇော်မင်း၊ မစန္ဒာ၊ ဦးစံဘော်၊ ဦးသုဓမ္မ (ခ) ဦးသက်ဇော်တို့ မိသားစုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။




အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ဟာ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက တိုက်ကြီးနဲ့ မှော်ဘီမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသား မိသားစုများနဲ့ တွေ့ဆုံရန် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပါတယ်။ ထို့နောက် တိုက်ကြီးသို့ နေ့လည် ၁၂ နာရီခွဲတွင် ရောက်ရှိပြီး တိုက်ကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ရှိန်ရဲ့နေအိမ်မှာ ကိုစိုးမင်းသိန်း၊ ကိုအောင်ကျော်ဦးတို့ရဲ့ မိသားစုများကို အားပေးစကား ပြောကြားခဲ့ပါတယ်။ ထို့နောက် မှော်ဘီမြို့သို့ ဆက်လက် ထွက်ခွာလာရာ မှော်ဘီသို့ နေ့လည် ၂ နာရီတွင် ရောက်ရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးတင့် (ခ) ဦးစိုးရဲ့ နေအိမ်မှာ ဦးပန္နိတ (ခ) ဦးမြင့်စိုး၊ ဒေါ်နော်အုန်းလှတို့ရဲ့ မိသားစုများကို အားပေးစကား ပြောကြားခဲ့ပါတယ်။






အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါက်တာမေ၀င်းမြင့်၊ လူငယ်လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့က ကိုအောင်စိုးတို့အဖွဲ့ဟာ တနင်္သာရီတိုင်းသို့ သွားရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနဲ့ တွေ့ဆုံခြင်း၊ အမှတ်တရသစ်ပင် စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ စည်းရုံးရေးခရီးစဉ်
ဓာတ်ပုံ.....Burma Today