23 September 2010

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် စကခ ၉ လက်အောက်ခံ ခမရ ၃၇၄ တပ်ရင်းမှာ စားဝတ်နေရေး ကြပ်တည်းတဲ့အတွက် အမိန့်ဖီဆန်မှုတွေ ဖြစ်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့အခြေစိုက် စကခ ၉ လက်အောက်ခံ ခမရ ၃၇၄ တပ်ရင်းမှာ စားဝတ်နေရေး ကြပ်တည်းတဲ့အတွက် အမိန့်ဖီဆန်မှုတွေ ဖြစ်နေတယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ကြိမ်က အစိုးရလစာတွေ တိုးပေးခဲ့ပြီး နောက်ပိုင်းမှာ တပ်ရိက္ခာတွေကို ထက်ဝက်လျှော့ ပေးလာတဲ့ အတွက် စား၊ ဝတ်၊ နေရေး က ဘယ်လိုမှ မလောက်ငှ တော့ဘူး လို့ ခမရ ၃၇၄ က တပ်သား တစ်ဦးက ပြောပါတယ်။

သူ ပြောပြတာက ရိက္ခာအတွက် ပေးတဲ့ ဆန်တွေက အဝါရောင်တွေ၊ စားဖို့ အဆင် မပြေဘူး၊ ဒါပေမဲ့ သည်းခံပြီး စားရတယ်၊ ဟင်းအတွက် ကတော့ ဟင်းသီး ဟင်းရွက် စားရတယ်၊ ကလေး တွေလည်း ရဲဘော်တွေ လိုပဲ စားရတယ်လို့ ဆိုပါတယ်။

လစာက တစ်ယောက်မှ ကျပ်နှစ်သောင်းခွဲပဲ ရတယ်၊ ယူနီဖောင်းတောင် လဲဝတ်စရာ မရှိဘူးလို့ အခက်အခဲ အကြပ်အတည်း တွေကို ပြောပြ ပါတယ်၊ ဒါကြောင့် တပ်ထဲမှာ အထက်က ပေးတဲ့ တာဝန်တွေကို ဘာမှ သူတို့ မလုပ်တော့ဘူး၊ တပ်ရင်းမှူး ကလည်း ဘာမှ မပြောဘူး၊ တပ်က တပ်နဲ့ မတူတော့ဘဲ အရပ်ထဲ ကလို ဖြစ်နေ တယ်လို့ လက်ရှိ အခြေအနေ တွေနဲ့ ပတ်သက်ပြီး သူက ပြောပါတယ်။

တပ်တွင်း စီးပွားရေးကလည်း ဘာမှမရှိတော့တဲ့အတွက် ရိက္ခာရဖို့ ဆက် တောင်းဆိုမယ်၊ တခါ အခုဆိုရင် တပ်သားတွေက အပြင်ထွက်ပြီး သင်္ဘောမှာ အလုပ်လုပ်တဲ့ သူက လုပ်တယ်၊ ကုန်ထမ်းတယ်၊ ဖြစ်သလို ရတဲ့အလုပ် လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းရတယ်လို့ ရဲဘော်က ပြောပါတယ်။

ရဲဘော်တွေရဲ့ အခက်အခဲတွေကို တပ်ရင်းမှူးဆီ တင်ပြခဲ့ပေမယ့်လည်း မဖြေရှင်းပေးနိုင်လို့ အခုတော့ တပ်မမှူးဆီ ဆက်လက် တင်ပြထား တယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်...ဘီဘီစီ