19 September 2010

နအဖကော်မရှင်မှ အာဏာပိုင်မီဒီယာများမှတဆင့်ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူများစာရင်း စက်တင်ဘာ ၂၀ ရက်နေ့တွင် ထုတ်ပြန်မည်

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက်မဲ ပေးပိုင်ခွင့် ရှိသူများစာရင်းကို စက်တင်ဘာ ၂၀ ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်သည်။

မဲစာရင်းတွင် အမည်ပါဝင်ခြင်း မရှိ၍ အမည်ထည့်သွင်းပေးရန် လိုသူများသည် ရွေးကောက်ပွဲနည်း ဥပဒေ ၉ ပါ တောင်းဆိုလွှာပုံစံ ၃ ဖြင့် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲထံသို့ ၇ ရက်အတွင်း တင်သွင်းနိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များသည်လည်း မိမိတို့ ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ဆန္ဒမဲ ပေးလိုပါက ရောက်ရှိနေသော ရပ်ကွက်၊ ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ထောက်ခံချက်ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း ပေးပါရန် ရွေးကောက်ပွဲ ကျင်းပမည့်နေ့မတိုင်မီ ရက်ပေါင်း ၃၀ ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ ကော်မရှင်သို့ လျောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

ကျေးရွာ၊ ရပ်ကွက်များတွင် အမှန်တကယ် နေထိုင်သူများစာရင်းကို စက်တင်ဘာလဆန်းပိုင်း ကတည်းကပင် သက်ဆိုင်ရာ ကော်မရှင်ရုံးခွဲများတွင် ထုတ်ပြန်ထားပြီးဖြစ်ရာ၊ စာရင်းမပါဝင်သူများသည် ကော်မရှင်သို့ အသိပေး အကြောင်းကြားနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ရပ်ကွက်ထဲမှာတော့ အသံချဲ့စက်နဲ့ အမှန်တကယ် နေထိုင်သူများ စာရင်းလာကြည့်ဖို့ လိုက်အော်တာ ကြားတယ်၊ ပထမရက်က ည ၁၁ နာရီလောက်၊ ဒုတိယရက်ကတော့ ည ၁၀ နာရီခွဲလောက်မှာပါ”ဟု စမ်းချောင်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။