04 August 2010

ကမ္ဘာလောကရဲ့ သမီး....(ကဗျာ)

ကမ္ဘာလောကရဲ့ သမီး




ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။

သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့။

ပြန်ရောက်မလာတော့ပါလား
“ခလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတယောက်ဆိုရင်….”
အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊

သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

(ဌေးအောင်) ....

ရဲဘော်ဌေးအောင် ရဲ့ လက်ရာဖြစ်တဲ့ အထက်ပါကဗျာမှာ "၈၈၈၈" ရဲ့ အမွေအနှစ်ဖြစ်ပါတယ်။ ဒါမှမဟုတ် ၈၈-အထွေထွေ လူထုလူပ်ရှားမူကာလ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြကွက်များစွာထဲက ပြကွက် တစ်ခုပါ။

သမီးလေးအတွက် အမှတ်တရ


တနေ့ တနေ့နဲ့
ဒီနေ့ကို ရောက်ခဲ့ရပြန်ပေါ့
အရင့်အရင် နှစ်တွေကလိုပဲ
မိုးစက်တွေဟာ
ဖြည်းဖြည်း ဖြည်းဖြည်းနဲ့
ကြွေနေကြတယ်သမီး။

သမီးရဲ့အမေကတော့
အစိမ်းမှာ အဖြူလေးတွေ ကွပ်ထားတဲ့
ဂါဝန်လေးကိုပဲ အသာအယာပိုက်ရင်း
ပင့်သက်တွေ ချနေလေရဲ့။

ဒီအချိန်ဆိုရင် ထပြီ
မျက်နှာသစ်ပြီ
ရေချိုးပြီ
အော် ...
ကြာခဲ့ပေမယ့်လည်း
အဖေတို့အတွက် လန်းဆန်းနေဆဲပါ
သမီးရဲ့ ဓါတ်ပုံရှေ့
ပန်းအိုးထဲက
စံပယ်ပွင့် သေးသေးလေးတွေလိုပေါ့။


ကာတွန်းစာအုပ်လေးတွေကလည်း
သမီးကို ဖတ်ပြလို့ဆိုပြီး
ငြိမ်နေအောင် နားထောင်တတ်တဲ့သမီးကို
သတိရနေမှာပါ။

တဖက်ထဲ ပြန်ရတဲ့
ဂေါက်ဂေါက်ဖိနပ်လေးက
အဖေတို့
မမြင်လိုက်ရတဲ့အကြောင်းတွေ
ပြန်ပြောပြတဲ့အခါတိုင်း။

သမီးလေးရယ်...
တကယ်ကတော့
မိုးကောင်းကင်ကြီးတောင်မှ
ငိုလို့ မ၀သေးပါဘူးကွယ်။

(ဌေးအောင်)