01 August 2010

ညစ်ညမ်းဗီစီဒီ၊ ဒီဗီဒီအရောင်းဆိုင်များသိသာစွာလျော့ကျသွားသော်လည်း ဆယ်ကျော်သက်လူငယ်များအကြားအင်တာနက်၊အီးမေးလ်မှညစ်ညမ်းရုပ်ရှင် ပျံနှံမှုပိုမိုများ


သက်ဆိုင်ရာက လိုက်လံဖမ်း ဆီးအရေးယူမှုများကြောင့် ညစ်ညမ်း ဗီစီဒီ၊ ဒီဗီဒီအရောင်းဆိုင်များ သိသာစွာလျော့ကျသွားသော်လည်း ဆယ်ကျော်သက် လူငယ်များအကြား အင်တာနက်၊ အီးမေးလ်မှ ညစ်ညမ်း ရုပ်ရှင်ဗီဒီယိုပျံ့နှံ့မှုပိုမို များပြားလာကြောင်း လူငယ်များထံမှ စုံစမ်းသိရှိ ရသည်။

'၂၀၁၀ မေလမတိုင်ခင်ကလောက် အထိ ပန်းဆိုးတန်း၊ ဘားလမ်း၊ ဆူးလေအနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း တစ်လျှောက်မှာ ခိုးကူးခွေနဲ့ နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတွဲ ရောင်းချတဲ့ဆိုင်တွေ အများအပြား ရှိခဲ့ပါတယ်။ အဲဒီဆိုင်တွေမှာ ညစ်ညမ်းခွေတွေကို တွဲဖက်ရောင်းချပါတယ်။ အစပိုင်းမှာ ခိုးကြောင်ခိုးဝှက်ရောင်းပေမယ့် နောက်ပိုင်းမှာ ထင်ထင်ပေါ်ပေါ် ဗန်းနဲ့တင်ရောင်းတဲ့အထိကို ဖြစ်လာပါတယ်။ ဒါနဲ့သက်ဆိုင်ရာက အရေးယူလိုက်တော့ အဲဒီဆိုင်တွေ သိသိသာသာ လျော့ကျသွားပါတယ်။ အချို့ဆိုင်တွေရှိသေးပေမယ့် ညစ်ညမ်းခွေ တွဲဖက်ရောင်းချတာတွေ မရှိသလောက် နည်းပါးသွားခဲ့ပါတယ်။ ဒါပေမယ့် ခက်တာကညစ်ညမ်းခွေတွေ အလွယ်တကူ ၀ယ်ယူမရရှိတဲ့အ ပေါ် အင်တာနက်၊ အီးမေးလ်တွေက တစ်ဆင့် ဆယ်ကျော်သက် လူငယ်တွေ အကြားမှာ ညစ်ညမ်းခွေ ဖြန့်ဝေတာတွေ ပိုများလာပါတယ်။ အသစ်အဆန်းပေါ်ပြီဆိုတာနဲ့ ဘယ်သူတွေ လက်ထဲအများဆုံးရှိလဲ ကြည့်လိုက်ရင် ဆယ်ကျော်သက် လူငယ်တွေ လက်ထဲမှာ အများဆုံးတွေ့ရပါတယ်' ဟု အင်တာနက်အီးမေးလ် သုံးစွဲနေသူ လူငယ်တစ်ဦးကဆိုပါသည်။

ဆယ်ကျော်သက် လူငယ်များအကြား အင်တာနက်အီးမေးလ်မှ တစ်ဆင့် ညစ်ညမ်းဗီဒီယိုရုပ်ရှင်များ ပျံ့နှံ့ရာတွင် အင်တာနက်အီးမေးလ်မှတစ်ဆင့် Forward မေးလ်များမှ ပေးပို့ခြင်း၊ အင်တာနက် ညစ်ညမ်းဝက်ဘ် ဆိုက်များမှ ဒေါင်းလော့လုပ်ယူခြင်း၊ ဟန်းဖုန်းများမှတစ်ဆင့် ကူးယူခြင်း၊ အမ်ပီဖိုးများမှတစ်ဆင့်နည်း အမျိုးမျိုးဖြင့် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဆယ်ကျော်သက် ယောက်ျားလေးအချို့မှ ဆယ်ကျော်သက် မိန်းကလေးများထံသို့ ညစ်ညမ်းရုပ်ရှင်များကို သာမန်သီချင်းများ၊ ဗီဒီယိုများဟုဆိုကာ မေးလ်များမှတစ်ဆင့် လိမ်လည်ပေးပို့ပြီး လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုများရှိနေကြောင်း ဆယ်ကျော်သက် မိန်းကလေးများထံမှ သိရသည်။

နည်းပညာဖွံ့ဖြိုးလာသည်နှင့် အမျှ နည်းပညာအသုံးပြု အီလက်ထရောနစ်ပစ္စည်းများ ဈေးကွက်အတွင်း သက်သက်သာသာ ရရှိလာခြင်း နှင့် အင်တာနက်မီဒီယာ ဖွံ့ဖြိုးလာခြင်းအပေါ် အလွဲအသုံးပြုကာ ညစ်ညမ်းခွေများ ဖြန့်ဝေခြင်း၊ လက်ခံခြင်းများ လူငယ်များအပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုမရှိလာစေရန် အုပ်ထိန်းသူများက သတိပေး စောင့်ကြည့်နေရကြောင်း သိရသည်။

ယခုကဲ့သို့ ညစ်ညမ်းမှုများ ပြုလုပ်နေခြင်းသည် ဥပဒေရှုထောင့်အရပါ ငြိစွန်းနေသောကြောင့် လူငယ်များ၊ အင်တာနက်အီးမေးလ်ကို အသုံးပြုနေသူများ သတိပြု ဆင်ခြင်သင့်ကြောင်း ကွန်ပျူတာ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်ဟု news-eleven ဂျာနယ် တွင်ဖော်ပြပါရှိပါသည်.။