04 August 2010

ရန်ကုန်မြို့ရှိ လမ်းများ ပေါ်၌ အလွန် ကြမ်းကြုတ်သော လူသတ်ပွဲများ ဖြစ်ပွား ခဲ့သော ၈၈၈၈ အရေးအခင်း ကြီး

ရုပ်သေး

ဦးစိန်လွင် နှုတ်ထွက်ပြီး ရက် အနည်းငယ် ကြာသည် အထိ ရန်ကုန်မြို့တွင် တုန်လှုပ် ခြောက်ခြား နေကြဆဲ ဖြစ်သည်။ လမ်းများ ပေါ်တွင် ၈ ရက်နေ့ ညကတည်းက သွေးညှီနံ့နှင့် ယမ်းနံ့များ မပြယ် သေးဘဲ ရှိနေသည်။ အိမ်များတွင် သေဆုံး သူတို့၏ မိသားစု များမှာလည်း ဝမ်းနဲ ပူဆွေး နေကြ ဆဲပင်။ အစိုးရ အဖွဲ့၌ ရာထူး ကြီးကြီး ရထား သူတို့မှာ နေအိမ်ကို ပစ်ခွာပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် အတွင်း၌ ခိုလှုံလျက် ရှိကြသည်။ အေးအေးဆေးဆေး လုံခြုံ စိတ်ချပုံ ရသော နေရာ တခုကား သစ်ပင်များ စီတန်း နေသည့် အင်းလျားကန် နဘေးမှ အိမ်ကြီး တအိမ်ပင် ဖြစ်သည်။ ထို အိမ်ကြီးတွင် စစ်အင်အား ၇၀၀ ဖြင့် ဦးနေဝင်းသည် အသက် ၂၅ နှစ် အရွယ် ရခိုင် ပျိုမေ တဦးနှင့် မင်္ဂလာပွဲ နွဲပျော်လျက် ရှိသည်။ ဦးနေဝင်းနှင့် ရခိုင်မလေး တို့မှာ တရားဝင် လက်ထပ်ခြင်းတော့ မဟုတ်။ တိုင်းပြည် ပြိုကွဲခြင်းမှ ကာကွယ်ရန် ယတြာချေသည့် သဘောမျှပင် ဖြစ်သည်။


ရန်ကုန်မြို့ရှိ လမ်းများ ပေါ်၌ အလွန် ကြမ်းကြုတ်သော လူသတ်ပွဲများ ဖြစ်ပွား နေချိန် ၁၀ ရက်နေ့ ညတွင် ဦးနေဝင်းမှာ သူ၏ ခမ်းနားလှသော အေဒီလမ်း နေအိမ်ကြီးတွင် အနီးကပ်ဆုံး လုပ်ဖော်ကိုင်ဖက် များကို ခေါ်ယူပြီး အပျင်းပြေ 'စကရယ်ဘယ်လ်' ကစားလျက် ရှိသည်။ ဦးနေဝင်းနှင့် အတွင်းလူများ ဖြစ်သော ဦးစိန်လွင်၊ ဦးအေးကို၊ ဒေါက်တာ မောင်မောင်နှင့် တခြား သူများသည် ထုံးစံ အတိုင်း ရယ်မော နောက်ပြောင်လျက် ရှိသည်။ လက်တလော သွေးထွက် သံယို ဖြစ်မှုများမှာ သူတို့နှင့် မည်သို့မှ မပတ်သက် သလိုပင်။ တနည်း ဆိုရသော် သူတို့၏ ဖိနှိပ် အုပ်ချုပ်မှု အောက်မှ ပေါက်ကွဲ ထွက်ပေါ် လာသည့် ပြည်သူ တရပ်လုံး၏ အမျက် ဒေါသ များက သူတို့၏ စည်းစိမ် ရာထူး များကို ခြိမ်ခြောက် နေပြီ ဆိုသည် ကိုလည်း တွေးပင် တွေးမိပုံ မရချေ။


အစုလိုက် အပြုံလိုက် သတ်ဖြတ် နေသည့် တိုင်အောင် ပြည်သူတို့၏ စိတ်ဓာတ် များမှာ ပြိုကွဲ မသွားပေ။ နေအိမ်များရှိ သာမန်လူ အားလုံး လိုလိုမှာ တစုံ တဦး၏ ခေါင်းဆောင်မှု အောက်တွင် ကန့်ကွက် ဆန္ဒပြမှု အသစ်တဖန် လုပ်ဆောင်ရန် စောင့်မျှော် နေကြ၏။ ပုဂ္ဂလိက ဥပဒေ လုပ်ငန်းများ တည်ရှိရာ ရန်ကုန်မြို့ ဘားလမ်တွင် ရှေ့နေ တစုနှင့် ဥပဒေ အကျိုးဆောင် များက ဖြစ်ပွားလျက် ရှိသည့် အခြေအနေ အပေါ် ဆွေးနွေး တိုင်ပင်လျက် ရှိသည်။ ၁၅ ရက်နေ့တွင် သူတို့က တရားဝင် ကြေညာချက် တစောင် ထုတ်ပြန် လိုက်သည်။ ထို ကြေညာချက်တွင် ဥပဒေ အသုံးအနှုန်းများ ပါဝင် သော်လည်း ရှင်းရှင်းလင်းလင်း ဖော်ပြ ထားသည်။


၈-၈-၈၈ နေ့တွင် စတင် ခဲ့သော ပြည်သူများ၏ အထွေထွေ သပိတ်ကြီးနှင့် ယင်းနေ့ရက် မတိုင်မီ အာဏာပိုင် အဖွဲ့အစည်း များ၏ လုပ်ဆောင်မှုများ အပေါ် သေချာစွာ ဆန်းစစ် လေ့လာ ပြီးနောက် ဗဟို ရှေ့နေများ ကောင်စီ၊ ရှေ့နေများနှင့် ဥပဒေ ဝန်ထမ်း များသည် သူတို့၏ တွေ့ရှိချက် များကို အောက်ပါ အတိုင်း တင်ပြ ခဲ့သည်။


"၈-၈-၈၈ နေ့မှ စခဲ့သည့် ပြည်သူ တို့၏ ဆန္ဒပြပွဲ များမှာ အကြမ်းဖက်မှု တစုံတရာမျှ မရှိဘဲ၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် အညီ အဆိုပါ ဆန္ဒပြပွဲ များကို ငြိမ်းချမ်းစွာ ပြုလုပ် ခဲ့ကြပြီး သူတို့၏ အခွင့်အရေး များကို တောင်းဆိုခြင်း ဖြစ်သည်။ အာဏာပိုင် များသည် ငြိမ်းချမ်းစွာ ဆန္ဒပြ နေကြ သူများကို အကြမ်းဖက် နှိမ်နင်းသည့် အခါ မလိုလား အပ်သော ဖြစ်ရပ်များ ပေါ်ပေါက် စေခဲ့သည်။ ၉-၈-၈၈ နေ့တွင် ရန်ကုန်၊ စစ်ကိုင်းမြို့ ကြီးများနှင့် အခြားသော မြို့ကြီး များ၌ လုံခြုံရေး တပ်သားများက ကလေး သူငယ်၊ ကျောင်းသားနှင့် ပြည်သူ တို့ကို သေနတ်ဖြင့် ပစ်ခတ် သစ်ဖြတ်ခြင်း၊ လှံစွပ်ဖြင့် ထိုးသတ်ခြင်း တို့မှာ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော်၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် လည်းကောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် လည်းကောင်း လုံးလုံးလျားလျား ဆန့်ကျင်လျက် ရှိသည်။ ရန်ကုန် ဆေးရုံကြီးမှ အမှုထမ်းများ၊ နေအိမ် များတွင် အေးချမ်းစွာ နေထိုင် ကြသူများနှင့် လက်ဘက်ရည်ဆိုင် များ၌ ထိုင်နေကြ သူများကို ပစ်ခတ်ခြင်း တို့မှာ လုံးဝ ဥပဒေမဲ့ လုပ်ရပ်ပင် ဖြစ်ကြောင်း" ဖြင့် ကြေညာချက်တွင် ပါရှိသည်။


ထုတ်ပြန် ကြေညာချက်ကို ရှေ့နေများ ကောင်စီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်က လက်မှတ် ရေးထိုး ခဲ့သည်။ မတရားမှုကို ပထမ ဦးဆုံး မြန်မာ ရှေ့နေများက ဆန့်ကျင် ပြောဆို လိုက်သည်မှာ အံ့သြ စရာတော့ မဟုတ်ပေ။ အိန္ဒိယ နိုင်ငံနှင့် အိမ်နီးချင်း ဖြစ်၍ မြန်မာ့ ထုံးတမ်းစဉ်လာ အရ ခိုင်မာသော လူမှု ဘဝ ဥပဒေများ ရှိခဲ့ပြီး ကိုလိုနီ ခေတ်တွင် ဗြိတိသျှ ဥပဒေ ကျင့်သုံးမှု တို့က ဥပဒေ အမြင်ကို ပိုမို အားဖြည့် ပေးခဲ့သည်။ ထို့အပြင် ရှေ့နေများမှာ ၂၆ နှစ် စစ်အုပ်ချုပ်ရေး၏ မတရားမှု အမြောက်အမြားကို ဦးစွာ လေ့လာ ခဲ့ကြသည်။


ထိုနေ့၌ ဦးကျော်ထင် ဆီသို့ နောက်ထပ် စာတစောင် ပေးပို့ ခဲ့သည်။ ဦးကျော်ထင်မှာ စိန်လွင် နှုတ်ထွက် သွားပြီး နိုင်ငံ အကြီးအကဲ အဖြစ် ခတ္တ တာဝန် ယူထားသူ ဖြစ်သည်။ ထိုစာကို လက်မှတ် ရေးထိုး ခဲ့သူမှာ မြန်မာ့ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သူမအား ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် သမ္မတဟောင်း မန်းဝင်းမောင် အပါအဝင် နိုင်ငံ့ ခေါင်းဆောင်ဟောင်း အတော် များများက ထောက်ခံ ခဲ့ကြသည်။ အဆိုပါ စာ၌ "ဗမာပြည် လွတ်လပ်ရေး ရပြီးနောက် အရုပ်ဆိုး အကျဉ်းတန်သော အခြေအနေ တရပ်မှာ တိုင်းပြည် တပြည်လုံးတွင် ပေါ်ပေါက် ခဲ့သည်" ဟု ရေးသား ထားသည်။ ယင်း အရေးအခင်းကို ဖြေရှင်းနိုင်ရန် အတွက် ပြည်သူတို့ အတိုင်ပင်ခံ ကော်မတီ တရပ် ဖွဲ့စည်း ပေးရန် အကြံ ပြုခဲ့သည်။


ထိုအချိန်ထိ အုံ့ကမှုကြီးမှာ အလိုအလျောက် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး သင့်မြတ် မှန်ကန်သော ခေါင်းဆောင်မှု မရှိဘဲ ဖြစ်နေသည်။ အမေရိကန်တွင် နေထိုင်လျက် ရှိသော ဗိုလ်ချုပ် အောင်ဆန်း၏ သား ဖြစ်သူ ဦးအောင်းဆန်းဦး မြန်မာပြည်သို့ ပြန်လာပြီး အုံ့ကမှုကို ခေါင်းဆောင် လိမ့်မည်ဟု ပြည်သူများက မျှော်လင့် တောင့်တလျက် ရှိသည်။ မိသားစု နောက်ခံကို ပြန်ကြည့်လျှင် နိုင်ငံရေးနှင့် မကင်း ခဲ့သော်လည်း အောင်းဆန်းဦးမှာ နိုင်ငံရေး၌ စိတ်ပါ ဝင်စားမှု နည်းခဲ့သည်။ သူသည် အမေရိကန် နိုင်ငံသား အဖြစ် ခံယူ ထားကာ ကယ်လီဖိုးနီးယားရှိ စန်ဒီယေးဂို မြို့တွင် အေးဆေးစွာ အခြေချ နေထိုင်လျက် ရှိသည်။ ဒုတိယသား အောင်ဆန်းလင်းမှာ ငယ်စဉ်က တာဝါလိန်းလမ်း အိမ်ဝင်း အတွင်းမှ ရေကန် ထဲတွင် ရေနစ် သေဆုံး ခဲ့သည်။


၁၉၆၀ ခုနှစ်၌ မိခင် ဖြစ်သူ ဒေါ်ခင်ကြည် အိန္ဒိယ နိုင်ငံ သံအမတ် ခန့်အပ် ခံခဲ့ရစဉ် ကတည်းက ဒေါ်အောင်ဆန်းစုကြည် မြန်မာ နိုင်ငံမှ ထွက်ခွာ ခဲ့သည်။ ဒေါ်ခင်ကြည်သည် မြန်မာပြည်၏ အထင်ကရ ပုဂ္ဂိုလ်များ ထဲ၌ ပါဝင်သူ တယောက် ဖြစ်သည်။ သူမသည် ပါလီမန် အမတ် အဖြစ် လုပ်ကြံ ခံရသူ ခင်ပွန်း နေရာကို ရရှိ ခဲ့သော်လည်း မိခင်နှင့် ကလေး ဖူလုံရေး အဖွဲ့၏ ညွှန်ကြားရေးမှူး ရာထူး ခံယူရန် ၁၉၄၈ ခုနှစ်တွင် ပါလီမန် အမတ် အဖြစ်မှ နှုတ်ထွက် ခဲ့သည်။ နောက်ပိုင်း၌ လူမှု စီမံကိန်း ကော်မရှင်နှင့် လူမှု လုပ်ငန်း ကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်လာ ခဲ့သည်။ သူမသည် ဥရောပ၊ အမေရိကန်၊ တရုပ်နှင့် အရှေ့တောင် အာရှ နိုင်ငံ များသို့ ကျယ်ပြန့်စွာ ခရီး ထွက်ခဲ့သည်။ ဒေါ်ခင်ကြည်သည် မြန်မာပြည်၏ ပထမ ဦးဆုံးသော အမျိုးသမီး အမတ်လည်း ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်သည် သူမ မိခင်နှင့် အတူ အိန္ဒိယသို့ ရောက်ရှိ လာခဲ့စဉ်က အသက် ၁၅ နှစ် အရွယ်သာ ရှိသေးသည်။ အထက်တန်း ကျောင်းသို့ တက်ရောက် ခဲ့ပြီး နောက်ပိုင်း နယူး ဒေလီရှိ လေဒီရှရီရမ် ကောလိပ် (Lady Shri Ram College) တွင် ဆက်လက် ပညာ သင်ကြားခဲ့ရာ အတန်းထဲ၌ အမြဲ ပထမ ရရှိသူ တဦး ဖြစ်ခဲ့သည်။ ဥာဏ် ထက်မြက်သော ဒေါ်အောင်ဆန်းစုကြည်သည် အောက်စဖို့ရှိ စိန့်ဟယူး ကောလိပ် (St Hugn's College) တွင် အထက်တန်း ပညာရပ် များကို ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် သူမသည် ဒဿနိက ဗေဒ၊ နိုင်ငံရေးနှင့် စီးပွားရေး ဘာသာရပ် တို့တွင် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ငါးနှစ် အကြာတွင် တိဘက် သမိုင်း ပညာရှင် ဒေါက်တာ မိုက်ကယ်အဲရစ် (Dr Micheal Aris) နှင့် အိမ်ထောင် ကျခဲ့သည်။ ၁၉၆၇ ခုနှစ် ကတည်းက ဟိမဝန္တာ တောင်တန်းမှ ဘူတန် တော်ဝင် မိသားစုကို စာသင် ပေးနေသူ၊ ဘူတန် နိုင်ငံ ဘာသာပြန် ဌာန အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင် နေသူ ခင်ပွန်းနှင့် အတူ နေထိုင် ခဲ့သည်။ သူမ အနေနှင့်မူ ဘူတန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ သုတေသန အရာရှိ အဖြစ် အထူး တာဝန်ယူ ပေးရသည်။ သူတို့ ဇနီး မောင်နှံသည် ၁၉၇၅ ခုနှစ်တွင် အောက်စဖို့ဒ်သို့ ပြန်လာ ခဲ့ကြသည်။


ဆောင်းပါးရှင် ရော်ဂျာ မယ်သယူးစ် (Roger Matthews) က ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် ဖိုင်နယ်ရှား တိုင်းစ် (Financial Times) သတင်းစာ၌ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ခြုံငုံ ရေးသား ခဲ့ရာတွင် သူမသည် ဘူတန်၊ စကော့တလန်နှင့် အောက်စဖို့ တို့တွင် နေထိုင် ခဲ့ပြီး သားနှစ်ယောက် မွေးဖွား ခဲ့သည်။ သူမသည် တိဘက် စကားကို လေ့လာ သင်ကြား ခဲ့ပြီး သားငယ်ကို ခေါ်ကာ ကျိုတိုမြို့တွင် နေထိုင်၍ သားအမိ နှစ်ယောက် စလုံး ဂျပန်ဘာသာ စကားကို သင်ကြား ခဲ့သည်။ အိန္ဒိယ နိုင်ငံ ဆင်မလား မြို့တွင် ဇနီး မောင်နှံ ပြန်လည် ဆုံတွေ့ ကြပြီး ၁၉၈၈ ခုနှစ် ဧပြီလတွင် သူမ၏ မိခင် မကျန်းမမာ ဖြစ်နေစဉ် အချိန်၌ လန်ဒန်ရှိ အရှေ့တိုင်းနှင့် အာဖရိကန် ဘာသာ လေ့လာရေးကျောင်း (School of Oriental and African Studies) တွင် ဘွဲ့လွန် 'ကျမ်း' စာတစောင်ကို စတင် ပြုစုလျက် ရှိသည်။


ဧပြီလ တွင်း၌ ဒေါ်ခင်ကြည်၏ ကျန်းမာရေး အခြေအနေ ပို၍ ဆိုးလာသော အခါ မိခင်ကို ပြုစု စောင့်ရှောက်ရန် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်သို့ ပြန်ရောက် လာခဲ့သည်။ မိခင် တက်ရောက်လျက် ရှိသော ဆေးရုံ၌ပင် နေထိုင်ကာ ၄ လ နီးပါး အနီးကပ် ပြုစု ခဲ့သည်။ ဇူလိုင်လ နှောင်းပိုင်း၌ ခင်ပွန်း မိုက်ကယ် အဲရစ်နှင့် သား နှစ်ယောက် ဖြစ်သော မြင့်ဆန်းအောင် (Alexander) နှင့် ထိန်လင်း (Kim) တို့ ရန်ကုန်သို့ ရောက်လာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်အား တက္ကသိုလ် ရိပ်သာ လမ်းရှိ မိသားစု နေအိမ်သို့ ရွေ့ပြောင်း၍ နေထိုင် ခဲ့သည်။ ထိုစဉ် ကာလတွင် ဗမာ တပြည်လုံး၏ အခြေအနေမှာ ပေါက်ကွဲ ထွက်လာ ခဲ့ပြီး ဦးနေဝင်း မှာလည်း ရာထူးမှ နှုတ်ထွက်ကာ နောက်ဆက်တွဲ ဖြစ်ရပ်များ ဖြစ်ပေါ် လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ မိခင် ကဲ့သို့ နိုင်ငံရေးတက့်ကမှု မရှိခဲ့သော်လည်း မြန်မာနိုင်ငံသားအဖြစ် ခံယူထားဆဲဖြစ်ကာ မြန်မာပြည်သို့ အချိန်မှန် လာရောက်လည်ပတ်တတ်သည်။ သူမ၏ သား နှစ်ယောက်ကို မြန်မာနိုင်ငံ ဘုန်းကြီးကျောင်း တကျောင်း၌ ရှင်ပြု စေခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကလေးများ အတွက် စာအုပ် တအုပ် ရေးသား ပြုစု ခဲ့သည်။ ဗမာပြည်ကို သွားလည် ကြစို့ (Let's Visit Burma) ဟု အမည် ပေးထားသော စာအုပ်မှာ ရိုးစင်းသော အင်္ဂလိပ် ဘာသာဖြင့် ရေးသား ထားသည်။ သူမ ဆယ်ကျော်သက် အရွယ်က ခွဲခွာ လာခဲ့ ရသည့် အမိနိုင်ငံ အပေါ် သစ္စာ ခိုင်မြဲစွာဖြင့် ရေးသား ထားသည် ကတော့ ပေါ်လွင်လျက် ရှိသည်။ စာအုပ်ပါ အခန်း တခန်းတွင် အောက်ပါ အတိုင်း ဖော်ပြ အဆုံးသတ် ထားသည်။


"စီးပွားရေးကို ကောင်းမွန်စွာ မစီမံ မလုပ်ကိုင် တတ်သဖြင့် မြန်မာပြည်သည် ကြီးပွားသော နိုင်ငံ ဖြစ်မလာခဲ့။ သို့သော် မြန်မာပြည်၏ သဘာဝ သံယံဇာတ့ ကယ်ဝ ချမ်းသာမှုက အနာဂတ် အတွက် မျှော်လင့်ချက် ထာဝစဉ် ရှိနေသည်။ ယင်း အနာဂတ် မှာလည်း ပြည်သူတို့ လက်ထဲ ရှိသည်"


မရည်ရွယ်ဘဲ သူမ ကိုယ်တိုင်မှာ အထက်က ဆိုခဲ့သည့် အနာဂတ် ကာလတွင် အရေးပါသူ တဦး ဖြစ်လာ ခဲ့သည်။ အုံ့ကမှုကြီး အားယူ နေစဉ် ကာလ၌ သူမသည် ကြားနေသူ တယောက်သာ ဖြစ်ခဲ့သည်။ သို့သော် သြဂုတ်လ သတ်ဖြတ်ပွဲ အပြီးတွင် သူမ အနေနှင့် အရေးအခင်းကို ဖြေရှင်းနိုင်ရန် တက့်ကသော အခန်းမှ ဆန္ဒပြပွဲ များတွင် ထောင်ပေါင်း များစွာသော ဆန္ဒ ပြသူများက သူမ၏ ဖခင် ရုပ်ပုံ များကို ကိုင်ဆောင် ခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်း နာမည်မှာ ဒဏ္ဍာရီ ဆန်သော်လည်း မြန်မာနိုင်ငံ အတွက် လွတ်လပ်ခြင်း၊ ဒီမိုကရေစီ ရှိခြင်း၊ အောင်မြင် ကြီးပွားခြင်း စသည့် လက္ခဏာ ဆောင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ ဖခင်၏ အမွေအနှစ်ကို ဆက်ခံ လိုက်လေပြီ။ သြဂုတ် လတွင် သူမ နိုင်ငံရေး စင်မြင့်ပေါ်သို့ ထွက်လာသည့် အခါ ပြည်သူ တို့၏ စိတ်ကို လှုပ်ရှား စေခဲ့ပြီး မြင့်မားသော မျှော်လင့်ချက်ကို ဖြစ်ပေါ် စေခဲ့သည်။


ပထမ လှုပ်ရှားမှုများ အပြီးတွင် ထပ်မံ ရင်ဖွင့် ပြောကြား လာသည့် ပြည်သူများမှာ များသည် ထက်များ လာခဲ့သည်။ ၁၆ ရက်နေ့တွင် မြန်မာ ဆရာဝန် အသင်းက ကြေညာချက် တစောင် ထုတ်ပြန် ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ၁၉၈၈ ခု သြဂုတ်လ ၁၀ ရက်နေ့က ရန်ကုန် ဆေးရုံကြီး အတွင်း၌ ဖြစ်ပွား ခဲ့သော ပစ်ခတ်မှု များကြောင့် သူနာပြု ဆရာမများ ဖြစ်ကြသော မစိန်စိန်ရီ၊ မသောင်းခင်နှင့် အထူး သူနာပြု ဆရာမ မစန်းစန်းအေး၊ အမျိုးသား သူနာပြု သင်တန်းသား မောင်မျိုးသန့် တို့မှာ ထိခိုက် ဒဏ်ရာ ရရှိကြပြီး လူအုပ်ထဲမှ နှစ်ဦးမှာ သေဆုံး ခဲ့ကြသည်။ သို့ဖြစ်၍ ပြည်သူ များကို ကုသ စောင့်ရှောက် နေကြသော ကျန်းမာရေး ဝန်ထမ်းများ ရှိရာ ဆေးရုံများတွင် အလားတူ ပစ်ခတ်မှုများ မပြုလုပ်ရန် မြန်မာနိုင်ငံ ဆရာဝန် အသင်းက အလေးအနက် ထား၍ မေတ္တာ ရပ်ခံ လိုက်ကြောင်း ဖော်ပြ ထားသည်။


ရန်ကုန် ဆေးရုံကြီးမှ ဝန်ထမ်းများ၏ ပြောဆိုချက်ကို ငြင်းဆို လိုက်သည့် ချိနဲ့သော ကြိုးစားမှုမှာ မြန်မာ အသံမှ ကြေညာချက်ပင် ဖြစ်သည်။ မြန်မာ့ အသံမှ ဆရာဝန် အသင်းမှ မည်သည့် ထုတ်ပြန်ချက် မျိုးမှ မရှိကြောင်း၊ ထွက်ပေါ် လာသည့် ထုတ်ပြန်ချက်မှာ အမည်မသိ လူတစုမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထိုအခါ ရန်ကုန် ဆေးရုံကြီးမှ ဝန်ထမ်း များက ချက်ချင်းပင် ခိုင်မာသော ကြေညာချက် အသစ် တစောင်ကို ထပ်မံ ထုတ်ပြန် လိုက်သည်။ ထို ကြေညာချက်တွင် ဆေးရုံဝင်း အတွင်း ပစ်ခတ်မှုကို ရှုတ်ချ လိုက်ပြီး လက်နက်မဲ့ ရဟန်း သံဃာ၊ ကလေး သူငယ်၊ ကျောင်းသား များနှင့် လမ်းသွား လုပ်သား ပြည်သူများ သေဆုံး ရခြင်းနှင့် ဒဏ်ရာ ရခြင်းတို့ အတွက် နက်နက်နဲနဲ ကြေကွဲရ ပါကြောင်းဖြင့် ဖော်ပြ ပါရှိခဲ့သည်။


ထိုနေ့ မွန်းလွဲပိုင်း၌ ရန်ကုန် ဆေးရုံကြီး အပြင် ဘက်တွင် ပြည်သူ ၅၀၀၀ ကျော် စုဝေး ခဲ့ကြသည်။ ရဟန်း သံဃာ တို့က ဆန္ဒပြပွဲ များတွင် ကျဆုံး သူတို့အား ဂုဏ်ပြုပွဲ အခမ်းအနားတွင် သရဏဂုံ တင်ပေး ခဲ့ကြသည်။ အနီးအနားရှိ တပ်ဖွဲ့များက လူအုပ်ကြီးကို ထိတ်လန့်စွာဖြင့် ကြည့်ရုံသာ ကြည့်နေကြပြီး ဝင်ရောက် စွက်ဖက်ခြင်း မပြုလုပ် ခဲ့ပေ။ တချိန်တည်း၌ မဟာ ဗန္ဓလ ပန်းခြံနှင့် မျက်နှာချင်း ဆိုင်ရှိ ကုန်သည် လမ်းမပေါ်မှ အမေရိကန် သံရုံး၏ အပြင်ဘက် တွင်လည်း လူများစု ဝေးလျက် ရှိကြသည်။ သြဂုတ်လ ၁၀ ရက်နေ့၌ အခရာ ကျသော အမေရိကန် လွှတ်တော် အမတ် ဒင်နီယယ် မွိုင်နီဟန် (Deniel P Moyniham) က ရန်ကုန် မြို့တွင် ဖြစ်ပွား ခဲ့သော သတ်ဖြတ်မှုများ အပေါ် ရှုတ်ချသည့် အဆို တရပ်ကို အမေရိကန် လွှတ်တော်သို့ တင်သွင်း ခဲ့ပြီး မြန်မာ နိုင်ငံတွင် တပါတီ စနစ် အဆုံး သတ်ရန် တောင်းဆို ခဲ့သည်။ ထို အဆိုကို အက်ဝပ်ဒ် ကနေဒီ (Edward Kennedy) အပါအဝင် အခြား လွှတ်တော် အမတ် ၅ ဦးက ထောက်ခံ ခဲ့ကြသည်။ နောက် တနေ့တွင် ထိုထောက်ခံမှုကို လွှတ်တော်က တညီတညွတ်တည်း သဘောတူ အတည် ပြုခဲ့သည်။ အမေရိကန် ဆီးနိတ် လွှတ်တော်၏ ထုတ်ပြန် ကြေညာချက်ကို မြန်မာ ပြည်သူများက ဗီအိုအေ အမေရိကန် အသံ မြန်မာပိုင်း အစီအစဉ်မှ ကြားသိ ခဲ့ရသည်။ မိမိတို့ နေအိမ်အပြင်ဘက်၌ စစ်တပ်က ပစ်ခတ်မှုများ ဆက်လက် ပြုလုပ် နေစဉ်တွင် ပြည်သူ များက သူတို့ နားသောတ ဆင်လျက် ရှိသော ဗီအိုအေ သတင်း အပေါ် နှစ်ထောင်း အားရ ဖြစ်ကြ ရသည်။ ယင်းမှာ မြန်မာ နိုင်ငံမှ သတ်ဖြတ်မှုများ အပေါ် နိုင်ငံတကာ၏ ပထမ ဦးဆုံး ရှုတ်ချချက်ပင် ဖြစ်သည်။


မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုနှင့် အမေရိကန် လိုလားသည့် စိတ်ဓာတ်များ ပြည်သူများ အကြား၌ ပြန့်နှံ့ ခဲ့သည်။ သြဂုတ်လ ၁၇ ရက်နေ့တွင် ပါကစ္စတန် နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် အာနိုလ် ရေဖီယယ် (Arnold Raphel) သည် ပါကစ္စတန် သမ္မတ ဇီရာ အူလ်ဟတ်နှင့် အတူ လေယာဉ်ပျံ ပျက်ကျ သေဆုံးသည့် အခါ လှုပ်ရှားမှု များက ပို၍ပင် ပြင်းထန် လာတော့သည်။ လေယာဉ်ပျံ ပျက်ကျသည့် သတင်းများ ရရှိ ခဲ့သည်နှင့် ကမ္ဘာ တလွှားရှိ အမေရိကန် သံရုံးများ (ရန်ကုန်ရှိ သံရုံး အပါအဝင်) က သူတို့၏ အလံများကို တိုင်တဝက် လွှင့်ထူ ခဲ့ကြသည်။ ကုန်သည် လမ်းပေါ်ရှိ အမေရိကန် သံရုံး အပြင်ဘက်မှ လူထုကြီးက အလံတဝက် လွှင့်ထူ လိုက်ခြင်းမှာ မကြာသေး မီက ဖြစ်ပွား ခဲ့သည့် ဆန္ဒပြပွဲ များတွင် သေဆုံး သွားကြသော မြန်မာ ပြည်သူ ပြည်သား တို့အား စာနာသည့် အထိမ်းအမှတ် ဖြစ်သည်ဟု ချက်ချင်းပင် ယူဆ ခဲ့ကြသည်။ အစိုးရ တပ်ဖွဲ့များက အနီးရှိ လမ်းဆုံ တခုတွင် နေရာ ယူကာ သေနတ်ဖြင့် ပစ်ခတ်ရန် အသင့်ဖြစ် နေစဉ် သံရုံး အပြင် ဘက်၌ လူအုပ်ကြီး ရပ်စောင့် နေကြသည်။ သူတို့ အချင်းချင်း နားလည်စွာဖြင့် တယောက် မျက်နှာ တယောက် ကြည့်နေ ကြသည်။ ထိုစဉ် အသက် ၁၄ နှစ် အရွယ် ယောက်ျားလေး တဦးက လူအုပ်ကြီး ထဲမှ တယောက်ထဲ ခွဲထွက် လိုက်ကာ ရှေ့သို့ တလှမ်းချင်း လျှောက်လာ ခဲ့သည်။ သူ့ လက်ထဲ၌ ကြီးမားသော ခွပ်ဒေါင်း အလံ တခုကို ကိုင်ထားသည်။ စစ်သားများ ရှေ့တွင် သူကလေးက ခွပ်ဒေါင်း အလံကို လမ်းမပေါ် စိုက်ထူ လိုက်ပြီး သူ့ အင်္ကျီ ကျယ်သီး များကို တလုံးခြင်း ဖြုတ်လျက် ရှိသည်။ စစ်သား တဦးက သူ့သေနတ်ကို မြှောက်လိုက်သည်။ ကောင်လေးက ဆုံးဖြတ်ချက် ချပြီး လေပြီ။ သူက စစ်သားများ ရှေ့တွင် အင်္ကျီကို ချွတ်လိုက်ပြီး ရင်ကို ကော့ပေး ထားသည်။ ထိုစစ်သားက ကောင်လေးကို သေနတ်ဖြင့် အသေအချာ ချိန်ရွယ် ထားသော်လည်း စက္ကန့် အနည်းငယ်မျှ တုံ့ဆိုင်း နေသည်။ ပြီးမှ သေနတ်ကို အောက်သို့ ပြန်ချ လိုက်သည်။ ကောင်လေးက နောက်ထပ် တမိနစ်မျှ မလှုပ်မရှား ရပ်နေပြီး စစ်သားများ၏ အပစ်ကို စောင့်နေ၏။ မည်သို့မျှ ဖြစ်မလာသည့် အခါတွင် လူအုပ်ကြီးက ရှေ့သို့ ချီတက် လာပြီး အလံများ၊ စာတန်း များကို ဝှေ့ယမ်း၍ တက့်ကစွာ အော်ဟစ်လျက် ရှိကြသည်။ ဆန္ဒပြပွဲများ ထပ်မံ ဖြစ်ပွား ပြန်လေပြီ။


* * * * * * * *


မမျှော်လင့်ဘဲ ဦးစိန်လွင် နှုတ်ထွက် ခဲ့ပြီး နောက်ပိုင်း ရက်များ၌ အစိုးရက မြန်မာပြည်၏ အခြေအနေ ပုံမှန် ပြန်ရောက် လာပြီ ဟူသော အမြင်မျိုး ပေါ်လွင် လာစေရန် အတတ်နိုင်ဆုံး လုံးပမ်း ခဲ့သည်။ ၁၄ ရက်နေ့တွင် မြန်မာ့ အသံက ထုတ်ပြန် ကြေညာရာ၌ မြောက်ဥက္ကလာပ ပြည်သူများက အခြေအနေ ဆိုးဝါး နေသော သူတို့ မြို့နယ်တွင် တပ်မတော်ထံ အကူအညီ တောင်းခံ ခဲ့ကြောင်း ပြောကြား ခဲ့သည်။ နောက် ၂ ရက် အကြာ၌ မြန်မာ့ အသံက ကျောင်းသား ခေါင်းဆောင် တဦး ဆိုသော အမျိုးသား တဦးကို တွေ့ဆုံ မေးမြန်းမှု ပြုလုပ် ခဲ့သည်။ထို ကျောင်းသား ခေါင်းဆောင် ဆိုသူက ၈ ရက်နေ့တွင် အစိုးရအား ဆန့်ကျင် ဆန္ဒပြရာ၌ ရာပေါင်း ထောင်ပေါင်း များစွာသော ပြည်သူ လူထုကို အတင်း အဓမ္မ စည်းရုံး ခဲ့သည်ဟု ထွက်ဆို ခဲ့သည်။ နောက်ဆုံး၌ သူ၏ မှားယွင်းသော လုပ်ရပ် များကို ခွင့်လွှတ်ရန် တောင်းပန် ခဲ့သည်။


နေ့စား လုပ်ခ ၆ ကျပ် ပြား ၅၀ မှ ၈ ကျပ်ပြား ၅၀ သို့ တိုးမြှင့် ပေးပြီး နိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်း ကိုလည်း ယခင် ကဲ့သို့ တင်းကြပ်မှုများ မထား ရှိတော့ဘဲ လျော့ပေါ့ ပေးခဲ့သည်။ မြန်မာ သင်္ဘောသား များအား မြန်မာပြည်၌ နိုင်ငံခြားငွေ စာရင်း ဖွင့်ခွင့် ကိုလည်း ပေးခဲ့သည်။ အံ့သြစရာ အကောင်းဆုံးမှာ သြဂုတ်လ ၁၇ ရက်နေ့ထုတ် လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာတွင် ဂျပန်၊ သြစတြေးလျ၊ စင်္ကာပူ တို့မှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အနေနှင့် ရန်ကုန်၊ မန္တလေးနှင့် ပုဂံ တို့တွင် ကမ္ဘာလှည့် ခရီးသည် တို့အတွက် ဟော်တယ် အမြောက်အမြား ဆောက်လုပ် ပေးမည် ဟူသော သတင်းပင် ဖြစ်သည်။ ယခုအခါ မြန်မာပြည်တွင် ဆူပူမှုများ ပြီးဆုံး သွားပြီ ဖြစ်၍ ကမ္ဘာလှည့် ခရီးသည်များ မြန်မာပြည်သို့ အစုလိုက် အပြုံလိုက် လာလည် ကြအုံး မည်ဟု ဆက်လက် ရေးသား ထားသည်။


သို့သော် အစိုးရ၏ အရေးကြီးဆုံး လုပ်ငန်းမှာ ဦးစိန်လွင် နေရာကို အစားထိုး ရွေးချယ်ရန် ဖြစ်သည်။ မဆလ ပါတီ ဗဟို ကော်မတီနှင့် ပြည်သူ့ လွှတ်တော် အရေးပေါ် အစည်းအဝေး များကို ရန်ကုန်၌ ပြုလုပ် နေချိန်တွင် ပြည်သူများ လမ်းပေါ်သို့ ထွက်၍ ဆန္ဒပြခြင်း များကို တားဆီး နိုင်ရန် တပ်ဖွဲ့များ ဘရင်း ကယ်ရီယာ အကူအညီဖြင့် ရန်ကုန် အလယ်ပိုင်းသို့ ဝင်ရောက် လာခဲ့ ကြသည်။ လွှတ်တော် အစည်းအဝေးကို တနေ့တည်းနှင့် ပြီးအောင် ခပ်မြန်မြန် ပြုလုပ် ခဲ့ကြ ပြီးနောက် ၁၉ ရက်နေ့တွင် ပါတီ ဥက္ကဋ္ဌသစ်နှင့် နိုင်ငံတော် သမ္မတ သစ်ကို ရွေးချယ် ခဲ့သည်။ ရက်စက် ကြမ်းကြုတ်သည့် ဦးစိန်လွင်ကို ရွေးချယ်ခဲ့ရာ မအောင်မြင် ခဲ့သဖြင့် ယခု တကြိမ် ရွေးချယ် ရမည့် သူမှာ ပျော့ပြောင်းသူ ဖြစ်ရမည်။ ထို့ကြောင့် နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌနှင့် ပြည်သူ့ တရားသူကြီး အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ အသက် ၆၄ နှစ်ရှိ ဒေါက်တာ မောင်မောင်အား ရွေးချယ် ခဲ့ကြသည်။


သူသည် အနောက် နိုင်ငံတွင် ဥပဒေ ပညာများ သင်ယူ ခဲ့သူ ဖြစ်ပြီး စာရေးဆရာနှင့် သတင်းစာ ဆရာလည်း ဖြစ်သည်။ ၁၉၆၂ ခုနှစ် အာဏာ သိမ်းပြီး ကတည်းက နိုင်ငံတော် ကောင်စီနှင့် ပါတီတွင် ထိပ်တန်း နေရာ တော်တော်များများကို ရယူခဲ့သူ ဖြစ်သည်။ သူ့အား ခက်ထန်သော စစ်ဘက် အာဏာ ပွဲစားများ အကြားမှ အရပ်သား ပညာတတ် တဦး အဖြစ် သိထား ကြပြီး တခါတရံ သူကို တမူထူးသည့် စာရင်းတွင် ပါဝင်သော လူတဦး အဖြစ် ဝေဖန်ကြသည်။ သို့သော် နိုင်ငံခြားမှ လေ့လာသူများ ကမူ ဒေါက်တာ မောင်မောင်သည် အမှန်တကယ် စစ်မှုထမ်း တဦး ဖြစ်ခဲ့ပြီး စစ်ဘက်နှင့် နီးနီးကပ်ကပ် အစဉ် ဆက်ဆံမှု ရှိသူ တဦးအဖြစ် ယူဆ ကြသည်။ သူသည် ၁၉၄၂ ခုနှစ်တွင် BDA ထဲသို့ ဝင်ရောက်ခဲ့ကာ ဂျပန် ခေတ်တွင် ဗိုလ်သင်တန်း တက်ခဲ့ ဖူးသည်။ စစ်ပြီးဆုံး သွားသည့် အခါ တပ်မတော်မှ အနား ယူခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အာဏာ သိမ်းခဲ့သည့် စစ်ဘက် အရာရှိများနှင့် အတွင်းကျကျ နီးကပ်မှု ရှိခဲ့သည်။


ဒေါက်တာ မောင်မောင်သည် ၁၉၇၁ ခုနှစ်တွင် သူ၏သား မေမြို့ စစ်တက္ကသိုလ်မှ ဆင်းလာသည့် အခါ 'စစ်သည့် သားသို့' အမည်ရှိ စာအုပ် တအုပ် ရေးသား ထုတ်ဝေ ခဲ့သည်။ ယင်းစာအုပ် ထဲတွင် စစ်တပ်ကို ဂါဝရ ပြုထား၍ တပ်မတော် ကိုလည်း သူ၏ ဒုတိယအိမ် အဖြစ် ရည်ညွှန်း ထားသည်။ မြန်မာနိုင်ငံ သမိုင်းကို လေ့လာသူ ရှမ်းအမျိုးသား စိုင်းစန့်က ဒေါက်တာ မောင်မောင်သည် ဦးနေဝင်းကို လေးစားသူ ပညာတတ် လူနည်းစုတွင် တယောက် အပါအဝင် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ထို လေးစားမှုကို ဒေါက်တာ မောင်မောင်သည် ၁၉၆၈ ခုနှစ်တွင် သူရေးသား ခဲ့သော "မြန်မာပြည်နှင့် ဗိုလ်ချုပ် နေဝင်း" ဟူသော ဦးနေဝင်းကို ချီးမွမ်းခန်း ဖွင့်ထားသည့် ကိုယ်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းလင်းစွာ ဖော်ပြ ထားသည်။ ၁၉၇၄ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြုစု ရေးသား ခဲ့ရာ၌ အဓိက ပါဝင် ရေးသားခဲ့သူ တဦး အဖြစ် လူတိုင်းက သိထား ကြသည်။ ထို ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်း ပေးရန် လူတိုင်းက တောင်းဆိုလျက် ရှိသည်။ လူပျော့ ဒေါက်တာ မောင်မောင်သည် မည်သူကမျှ လက်မခံသော အတွင်းကြိပ်သမား သူတဦး ဖြစ်လေသည်။ သူ့အား ဦးနေဝင်း ရှေ့မှ ရပ်ပေးသူ နောက်ထပ် အာဏာမဲ့ တဦး အဖြစ် မြင်ကြသည်။ ဦးစိန်လွင်ကို သားသတ် သမား အဖြစ် တပြည်လုံးက သိထား ကြပြီး သူ့ကို "ရုပ်သေး" ဟူ၍ ရိုးရိုးလေးပင် နာမည် ပေးထား ကြသည်။


သူ့အား ခန့်အပ်ကြောင်း အများ သိအောင် မြန်မာ့ အသံမှ ကြေညာ ခဲ့ပြီးနောက် မကြာမီတွင် ရန်ကုန်မြို့ရှိ လမ်းများ ပေါ်၌ နောက်တကြိမ် ကန့်ကွက် ဆန္ဒပြသူ များနှင့် ပြည့်ကြပ် သွားသည်။ အလွှာ အသီးသီးမှ ထောင်ပေါင်း များစွာသော ပုဂ္ဂိုလ်များနှင့် ရဟန်း သံဃာများက ဒေါက်တာ မောင်မောင်အား ခန့်အပ်မှုကို ရှုတ်ချ ကြပြီး တပါတီ စနစ် အဆုံးသတ်ရန် တောင်းဆို ကြသည်။ တနေ့ထက် တနေ့ ဆန္ဒပြပွဲများ အင်အား ခိုင်မာ တိုးပွား လာခဲ့သည်။ အုပ်ချုပ်သူ များက သူတို့နောက် လိုက်မည့် သူကို ရွေး၍ သူတို့ ကိုယ်စား ခန့်အပ် ထားခြင်းမှာ ပြည်သူတို့ အတွက် အရေး မကြီး လှပေ။ တိကျ ပြတ်သားသော ကေ့းကြော် တောင်းဆိုချက်များ ရရန်သာ အဓိက ဖြစ်သည်။ ဒီမိုကရေစီနှင့် မဆလ အစိုးရ ဆင်းပေးရေး တို့ကိုသာ လိုလားကြောင်း သိသာ ထင်ရှား နေပေသည်။ ကြားဖြတ် အစိုးရ ဖွဲ့စည်း ပေးရေး တောင်းဆိုမှုကို ဖိအား ပေးရန် အတွက် ၂၂ ရက်နေ့တွင် ပြည်လုံးကျွတ် အထွေထွေ သပိတ် မှောက်ရန် ကြေညာ လိုက်သည်။ သို့နှင့် နိုင်ငံနှင့် အဝှမ်း အစိုးရ ယန္တရား အားလုံး ရပ်ဆိုင်း သွားတော့သည်။


* * * * * * * *


မကြာမီ တနိုင်ငံလုံးရှိ မြို့များနှင့် မြို့ကြီးများရှိ လမ်းများတွင် ပြည်သူများ ပြန်လည် ထွက်ပေါ် လာခဲ့ ကြသည်။ တနင်္သာရီတိုင်း၏ တောင်ဘက် အစွန်းရှိ ကော့သောင်း (သို့) ဝိတိုရိယ အငူမှ မြောက်ဖျားရှိ ကချင် ပြည်နယ် မြို့တော် မြစ်ကြီးနားထိ တိုင်အောင် သပိတ် စခန်းများ ဖွင့်လှစ် ခဲ့ကြသည်။ မန္တလေး၌ ပြည်သူ တသိန်း ချီတက် ဆန္ဒပြကာ မဆလ အစိုးရ ထွက်ပေးရန် တောင်းဆိုမှုတွင် လက်တွဲ ပါဝင် ခဲ့ကြသည်။ စစ်ကိုင်းမြို့ ရဲစခန်း အပြင်ဘက်တွင် လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ မဆလ အရာရှိ သူရ ကျော်စွာကို မန္တလေးရှိ ရဟန်းပျို တရားရုံးက သေဒဏ် ချမှတ် ခဲ့သည်။ ပြီးနောက် ရှောင်တိမ်း နေသော သူရ ကျော်စွာ၏ ဦးခေါင်းကို ဖြတ်ပေး နိုင်သူအား ဆုငွေ ၃ သိန်း ပေးမည်ဟု ကြေညာ ခဲ့သည်။


ဆန္ဒပြပွဲ သစ်များကို နေရာ အနှံ့အပြား၌ ငြိမ်ချမ်းစွာ ပြုလုပ် ခဲ့ကြသည်။ မော်လမြိုင်မြို့ တမြို့သာ ချွင်းချက် ဖြစ်၏ ။ သြဂုတ်လ ၂၁ ရက်နေ့တွင် မော်လမြိုင်မြို့ မွန် စာကြည့်တိုက် ရှေ့၌ လူအုပ်ကြီး စုရုံးလျက် ရှိစဉ် ပြည်သူ့ ကောင်စီဝင် ဦးစိုးလှိုင်နှင့် ပါတီ ယူနစ် ခေါင်းဆောင် ဦးဟန်ရင် တို့က တပ်ဖွဲ့ တဖွဲ့အား ဦးဆောင် လာနေ သည်ကို တွေ့မြင် လိုက်ရသည်။


"ဦးစိုးလှိုင်နဲ့ ဦးဟန်ရင်က လူအုပ်ထဲ သေနတ်နဲ့ ပစ်ဖို့ စစ်သားတွေကို အမိန့် ပေးခဲ့တယ်။ ထိခိုက် သေဆုံးတဲ့ လူဦးရေကို တွက်ကြည့်တော့ ရဟန်း ၄ ပါး အပါအဝင် စုစုပေါင်း ၄၇ ဦး သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာ ရခဲ့တယ်။ အဲဒီ အချိန်မှာ ထောင်ချီတဲ့ ပြည်သူတွေက ဒေါသ ထွက်ပြီး ကျွန်တော် တို့နဲ့ အတူ အရာရှိ နှစ်ဦးအိမ် ဝင်စီး ကြတယ်။ အဲဒီ အရာရှိ နှစ်ဦးဟာ အနီးအနားမှာ ရှိတဲ့ စစ်တပ်ထဲ ထွက်ပြေး သွားကြတယ်။ ကျွန်တော်တို့ သူတို့ အိမ်က ကျပ် ၉ သိန်း ဖိုးလောက် ရှိတဲ့ ပစ္စည်း တွေကို သိမ်းယူ ခဲ့ကြတယ်။ တီဗွီတွေ၊ ဗွီဒီယို ပြစက် တွေနဲ့ မှောင်ခို ပစ္စည်း မျိုးစုံ ပါတယ်။ အဲဒီ ပစ္စည်း တွေကို ကျွန်တော်တို့ သပိတ် ကော်မတီ ရံပုံငွေ အတွက် မော်လမြိုင်မှာ ရှိတဲ့ လမ်းပေါ် ဈေးမှာ ဈေးချိုချိုနဲ့ပဲ ရောင်းပစ် ခဲ့တယ်" ဟု အသက် ၂၀ ရှိ ဓာတုဗေဒ ကျောင်းသား မင်းဝင်းထွဋ်က ပြန်ပြော ပြသည်။


မြို့နေ လူများက သိမ်းပိုက် ခဲ့သည့် မြို့များတွင် မော်လမြိုင် မြို့သည် ပထမ ဦးဆုံး ဖြစ်သည်။ မြို့ရှိ ရုပ်ရှင်ရုံကြီး တရုံ၏ အပြင်ဘက်တွင် မြို့နေ လူများက တောက်ပစွာ ရေးချယ် ထားသော ရုပ်ရှင် ပိုစတာနှင့် တူသည့် ပိုစတာ တစောင် ကပ်လိုက် ကြသည်။ ပိုစတာ ပေါ်မှာ ကြောက်ရွံ့ ထိတ်လန့် နေသော လူနှစ်ဦး နောက်သို့ ဒေါသ ထွက်နေသော လူစူ လူဝေးကြီးက ပြေးလိုက် နေသည့်ပုံ ဖြစ်သည်။ ပိုစတာ၏ အမည်မှာ "ပြေး" ဟူ၍ ဖြစ်သည်။ ထွက်ပြေး နေသူ နှစ်ယောက်၏ ပုံမှာ ဦးစိုးလှိုင်၊ ဦးဟန်ရင် တို့နှင့် တထေရာတည်း တူနေ သည်ကို အံ့သြစွာ တွေ့ရသည်။


ရန်ကုန်တွင် အာဏာပိုင်များ ချဉ်းကပ်ပုံ နည်းအသစ်မှာ အဓမ္မ ဆန်လွန်းလှသည် မဟုတ်ပေ။ ဥက္ကဋ္ဌ ဦးတင်အောင်ဟိန်း အပါအဝင် အဖွဲ့ဝင် ၁၁ ဦး ပါရှိသည့် ပြည်သူ့ ဆန္ဒ လေ့လာ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်း လိုက်သည်။ ထို့နောက် မေးမြန်းလွှာ များကို ရိုက်နှိပ်ကာ မြို့ထဲတွင် ဖြန့်ချီ ခဲ့သည်။ ဤသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ကူးကို အတု ယူခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ အတိုင်ပင်ခံ ကော်မတီ တရပ် ဖွဲ့စည်းရန် အဆိုပြုလွှာကို ၁၅ ရက်နေ့က အထက်သို့ တင်ပြခဲ့ပြီး ဖြစ်သည်။ သို့သော် ၁၅ ရက်သာ ကြာလိုက်ပြီး ဦးတင်အောင်ဟိန်း၏ ကော်မရှင်မှာ ရပ်ဆိုင်း သွားတော့သည်။ ကော်မရှင်ကို နေ့စဉ်နှင့် အမျှ ထောင်ပေါင်း များစွာသော ပြည်သူများက လာရောက် ဝိုင်းကြပြီး မဆလ အစိုးရ အပေါ် မကျေနပ်ချက် များကို အော်ဟစ် ခဲ့ကြသည်။


* * * * * * * *


၂၄ ရက်နေ့တွင် မမျှော်လင့်ဘဲ ရန်ကုန်နှင့် ပြည်မြို့ တို့၌ မာရှယ်လော စစ်ဥပဒေကို ရုပ်သိမ်း ခဲ့သည်။ ရန်ကုန်မြို့ လမ်းမများ ပေါ်တွင် စောင့်ကြပ် လှည့်လည် နေသည့် စစ်သား များကို ပြန်လည် ရုပ်သိမ်း သွားသည့် အခါ ဆန္ဒပြသူ ထောင်ပေါင်း များစွာ တို့၏ ဝမ်းသာ အားရ အော်ဟစ် သံများက ဆူညံ သွားတော့သည်။ ပျော်ရွှင် နေသော ပြည်သူ များက အောင်ပွဲ ခံကာ ကေ့းကြော်သံများ ဟစ်ကေ့းသူက ဟစ်ကေ့း၊ အလံများ ဝှေ့ယမ်း သူက ဝှေ့ယမ်း ကြပြီး စစ်ကားများ မြို့ထဲမှ မောင်းနှင် ထွက်ခွာ သွားကြသည့် အခါ ပြည်သူ တရပ်လုံးက ဆူညံစွာ သြဘာ ပေးခဲ့ ကြသည်။


နောက်တနေ့တွင် ဇူလိုင် ၂၉ ရက်နေ့က ဖမ်းဆီးခြင်း ခံခဲ့ ကြရသော အစိုးရ ဆန့်ကျင်ရေး သမား ဦးအောင်ကြီးနှင့် အတူ အေပီ သတင်းထောက် ဦးစိန်ဝင်းနှင့် အခြား ပုဂ္ဂိုလ်များ ပြန်လည် လွတ်မြောက် လာကြသည်။ ဦးအောင်ကြီးက သူ့နေအိမ် အနီးရှိ စန်းချောင်း ပဒုမ္မာ ကွင်းတွင် ပရိသတ် ၃၀၀၀၀ ခန့်ကို မိန့်ခွန်း ပြောကြား ခဲ့သည်။ စင်မြင့် ပေါ်တွင် သူ့အနီး၌ ရဲဘော် သုံးကျိပ်ဝင် တဦး ဖြစ်သော ဗိုလ်မှူး အောင် ရှိနေ ခဲ့သည်။ ဦးအောင်ကြီး မိန့်ခွန်းကို ပထမတွင် ပြည်သူများက သြဘာ ပေးကြ သော်လည်း "တပ်မတော် သားတိုင်းဟာ အလံကို ကိုင်ပြီး သစ္စာ ပြုရတယ်။ တပ်မတော်သည် တိုင်းပြည် အတွက် ဖြစ်ရမည်တဲ့။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူ လူထုဟာ တပ်မတော်ကို လေးစားရမယ်။ တပ်မတော် မရှိရင် တိုင်းပြည် ဆိုတာ ကမ္ဘာမှာ မရှိဘူးလား။ ဗမာပြည်မှာ ရှိတဲ့ တပ်မတော်ဟာ အင်မတန် အစဉ်အလာ ကြီးတယ်။ ကျွန်တော်တို့ အသက် အိုးအိမ် စည်းစိမ် ကာကွယ်မဲ့ သူတွေ၊ ပြည်သူ လူထု အတွက် ပြုလုပ်မဲ့ တပ်မတော် ဖြစ်တယ်။ ဒါကြောင့် တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့" ဟူ၍ ပြောလိုက်သည့် အခါ ပရိသတ်ကြီးမှာ ဇဝေဇဝါ ဖြစ်သွား ကြသည်။ လူအုပ်ကြီး ငြိမ်ကျ သွားသည့် အခါ ဦးအောင်ကြီးသည် ပရိသတ်များ စိတ်ပြောင်း စိတ်လွဲ ဖြစ်သွား သည်ကို သတိ ပြုမိ လိုက်သည်။ ပါးနပ်သော ဦးအောင်ကြီးက ထိုအခိုက်တွင် သူ့မိန့်ခွန်းကို ခေတ္တ ရပ်လိုက်ပြီး ပရိသတ်ကို ဒိမိုကရေစီ ကေ့းကြော်သံများ တိုင်ပေး လိုက်ရာ ပရိသတ်ကြီး၏ သြဘာပေး လက်ခုပ်သံများ ပြန့်လွင့် သွားပြန်သည်။


ရန်ကုန် မြို့လယ်တွင် ဆန္ဒပြ သူများ ပို၍ အတင့်ရဲ လာကြသည်။ မျက်နှာတွင် စီးထားသည့် လက်ကိုင် ပုဝါများကို ဖြုတ်ပစ် လိုက်ကြပြီး လမ်းဒေါင့်တိုင်း တွင်လည်း အစိုးရ ဆန့်ကျင်ရေး တရား ဟောမည့် သူများ အတွက် တရားဟော စင်မြင့်များ တည်ဆောက် ကြသည်။ များမကြာမီ အဖွဲ့အစည်း အသီးသီးက ကိုယ့်အဖွဲ့ နှင့်ကိုယ် ချီတက် ဆန္ဒပြ ကြသည်။ ရှေ့နေ များက ရှေ့နေ ဝတ်ရုံ များကို ဝတ်ဆင် ထားကြပြီး ဆရာဝန်နှင့် သူနာပြု ဆရာမများ ကလည်း အဖြူရောင် ဝတ်စုံများကို ဝတ်ဆင် ထားကြသည်။ ဘဏ်ဝန်ထမ်း၊ ကုန်သည်များ၊ အလုပ်သမားများ၊ စာရေး ဆရာများ၊ ပန်းချီ အနုပညာရှင်များ၊ ရုပ်ရှင် သရုပ်ဆောင်များ၊ ဝန်ကြီး ဌာန အသီးသီးမှ အစိုးရ ဝန်ထမ်းများ အပြင် အိမ်ရှင်မ အဖွဲ့ ကလည်း အိုးခွက် များကို စည်းချက် ကျကျ ထုနှက်ကာ ဒီမိုကရေစီ တောင်းဆို ကြလေ တော့သည်။ ရှည်လျားသော ဆိုက်ကား တန်းကြီးမှာ အနှေးယာဉ် ဝန်ထမ်းတို့ ချီတက် လာကြခြင်း ဖြစ်ပြီး ဘာသာရေး အဖွဲ့အစည်း များမှ ပုဂ္ဂိုလ်များ ကလည်း ပါဝင် ဆင်နွှဲ ကြသည်။ ခရစ်ယာန် ဘုန်းကြီးများက "ယေရှု ဘုရား သခင် ဒီမိုကရေစီကို ချစ်မြတ် နိုးပါသည်" ဟု ကေ့းကြော် ချီတက် လာကြသည်။ ထို့အပြင် အလှ ဖန်တီးရှင်များ အဖွဲ့ ကလည်း တူညီသော အခွင့်အရေးကို တောင်းဆိုရင်း ချီတက် လာကြသည်။ ညီညွတ်မှုကို ပြသရန် ဆန္ဒပြသူ အများစုမှာ အနီခံ၌ အဖြူရောင် ချိုးငှက် ပါရှိသော ခေါင်းစီးများကို ပတ်ထား ကြသည်။ ဤသည် တို့မှာ ဖိလစ်ပိုင် နိုင်ငံမှ ကာဒီ နယ်လ်စင် (Cardinal Sin) ၏ မှတ်သားဘွယ် စကား အရ စစ်မှန်သော်"လမ်းများ ပေါ်မှ လွှတ်တော်" (Parliament of the streets) ပင် ဖြစ်တော့သည်။


ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ရဲတပ်သားများ၊ ဆရာဝန်များ၊ ဒေသခံ ကုန်သည်များ၊ အစိုးရ ဝန်ထမ်းများ အပြင် လယ်သမားများ ကလည်း နွားလှည်းများ မောင်းနှင်ကာ ဆန္ဒပြပွဲ များတွင် ပါဝင် ခဲ့ကြ၏။ စုစုပေါင်း ပြည်သူ တသိန်း နီးပါးမှာ မြို့၏ ပျော်ပွဲ ရွှင်ပွဲ ကျင်းပသည့် သနှယ် ပါဝင် ဆင်နွှဲ ခဲ့ကြသည်။ ဧရာဝတီ မြစ်ဝ ကျွန်းပေါ်မှ ဟင်္သာတနှင့် ပုသိမ်၊ ရေနံမြေမှ ချောက်နှင့် ရေနံချောင်း၊ မြန်မာပြည် အလယ်ပိုင်းမှ ပြည်၊ မကွေး၊ တောင်ငူ၊ ပျဉ်းမနားနှင့် မိတ္ထီလာ မြို့များတွင် ပြည်သူ သန်းပေါင်း များစွာ တို့မှာ မဆလ အစိုးရကို ချီတက် ဆန္ဒပြ ခဲ့ကြသည်။ မြန်မာပြည်၏ မြို့နယ်ပေါင်း ၃၁၄ ခုတွင် သပိတ် စခန်းပေါင်း ၂၀၀ ကျော် ဖွင့်လှစ် ခဲ့ကြသည်။ ကျေးလက်မှ လယ်သမားကြီးများ တသုတ်ပြီး တသုတ် ရောက်လာ ကြသည်။ အချို့မှာ ခြေလျင် ခရီးနှင် ခဲ့ကြသည်။ မြို့နှင့် ကျေးလက် တောရွာ များမှ ပြည်သူ အားလုံး လိုလိုပင် တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကျော် အသက် ရှုကြပ် စေခဲ့သည့် စစ်တပ် ကြီးစိုး ခဲ့သော တပါတီ စနစ် အဆုံးသတ်ရန် တညီ တညွတ်တည်း တောင်းဆို ခဲ့ကြသည်။


လူမျိုးရေး ပဋိပက္ခ စိတ်များ မေ့ပျောက် ကုန်ပြီး တခု တည်းသော အရေး အတွက် တနိုင်ငံ လုံးရှိ တိုင်းရင်းသား များနှင့် နိုင်ငံရေး အဖွဲ့အစည်းများ အားလုံး လက်တွဲညီညီ ချီတက် ခဲ့ကြ သည်မှာ ယခု အကြိမ်သည် ပထမ ဦးဆုံး အကြိမ် ဖြစ်ပေ လိမ့်မည်။ ဗုဒ္ဓဘာသာနှင့် မူဆလင် ဘာသာရေး တင်းမာမှုများ အချိန် ကြာရှည် ဖြစ်ပွားလျက် ရှိသည့် ရခိုင် ပြည်နယ်၌ မတူညီသော ဘာသာရေး အဖွဲ့အစည်း နှစ်ခုမှာ ယခုအခါ လက်ချင်း တွဲ၌ အစိုးရ ဆန့်ကျင်ရေး ကေ့းကြော်သံများ ဟစ်အော်လျက် ချီတက် ဆန္ဒပြ ခဲ့ကြသည်။ အဝါရောင် ဗုဒ္ဓသာသနာ အလံက လခြမ်း အမှတ်အသား ပါရှိသည့် အစိမ်းရောင် အစ္စလာမ် ဘာသာ အလံနှင့် ယှဉ်တွဲကာ လေထဲ၌ တလူလူ လွှင့်လျက် ရှိနေ ခဲ့သည်။


သြဂုတ်လ ၂၂ ရက်နေ့တွင် ရခိုင် ပြည်နယ်၏ မြို့တော်၌ လူထု စည်းဝေးပွဲကြီး ပြုလုပ် ခဲ့သည်။ လူငယ် မြောက်မြားစွာနှင့် အသက်ကြီး ပုဂ္ဂိုလ် များစွာတို့ အပြင် မေ့လျှော့ နေကြပြီ ဖြစ်သော နိုင်ငံရေး သမားဟောင်းကြီး များပင် ပေါ်ထွက် လာကြပြီး အရေးတော်ပုံ အောင်မြင်ရန် ဟစ်ကေ့း နေကြသည်။ ယင်း နိုင်ငံရေး သမားဟောင်း များတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ က ရခိုင် ရိုးမ၌ ပျောက်ကြားစစ် ဆင်နွှဲခဲ့သူ "ဘုံပေါက် သာကျော်" ၁၉၈၂ ခုနှစ် လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာ ခဲ့စဉ်က အလင်းဝင် ခဲ့သော ရခိုင် ကွန်မြူနစ် ပါတီ ခေါင်းဆောင် "ကျော်ဇံရွှီး" အပြင် ဂျပန် ခေတ်က ဒေသ ဆိုင်ရာ ဘီအိုင်အေ တပ်တွင် တပ်မှူး ဖြစ်ခဲ့ ဖူးသော "ဘိုဂရီး ကရာ လှအောင်" တို့ ပါဝင်သည်။ ရှေ့နေ၊ ကျောင်းဆရာ ဆရာမ များနှင့် ကျောင်းအုပ် ဆရာကြီး များပင် ပါဝင် ခဲ့သည်။ ရခိုင် ပြည်နယ် မန်အောင် ကျွန်းတွင် ဒေသခံ လယ်သမား များနှင့် ရေလုပ်သား များက တရား မဝင်တော့သည့် ၇၅ ကျပ်တန် ငွေစက္ကူ များနှင့် တံဆာ ဆင်ထားသည့် နေဝင်းနှင့် စိန်လွင်ဟု အမည် တပ်ထားသော အလောင်း နှစ်လောင်း ထမ်းကာ မြစ်ကမ်း ဘေး၌ သင်္ဂြိုဟ်၍ သရော် ခဲ့ကြသည်။

* * * * * * * *


ရန်ကုန် ဆေးရုံကြီးနှင့် အမေရိကန် သံရုံး တို့မှာ နေ့စဉ် လူထု ဆန္ဒပြပွဲ များအတွက် စုဝေးရာ နေရာများ ဖြစ်သည်။ သို့သော် ၂၅ ရက်နေ့ နေ့လည်တွင် ထောင်ပေါင်း များစွာသော ပြည်သူ တို့သည် ရွှေတိဂုံ ဘုရား အနောက်ဘက်ရှိ ကွင်းပြင်၌ စတင် စုဝေး ခဲ့ကြသည်။ တချို့မှာ အိပ်ယာ လိပ်များ ယူလာ ကြပြီး တချို့မှာ မိသားစု များနှင့် ဝိုင်းဖွဲ့ကာ ညနေစာ ထမင်း စားသုံးလျက် ရှိကြသည်။ ပြည်သူ တို့အား ပထမ ဦးဆုံး အကြိမ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည် ဟူ၍ ကြေညာ ထားသဖြင့် စောစီးစွာ နေရာ ဦးထားမှ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင် နိုင်မည် ဖြစ်သည်။ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ လူထုမှာ တဖြေးဖြေး များလာပြီး အနည်းဆုံး လူငါးသိန်းခန့် ရှိကာ အသက်အရွယ် ပေါင်းစုံ၊ လူမျိုး ပေါင်းစုံ ပါဝင်သည်။ အသက် ၂၃ နှစ် အရွယ်ရှိ အောင်းဝင်းလည်း ပါဝင်ခဲ့သည်။


"လူတွေ အားလုံး ပျော်နေ ကြတယ်။ ဒါပေမဲ့ ဟောပြောပွဲကြီး မစတင်မီ ဗုံးခွဲမယ် ဆိုတဲ့ ခြိမ်ခြောက်မှု တွေကြောင့် ပရိသတ် အထိတ်တလန့် ဖြစ်ခဲ့ ကြရတယ်။ ကျွန်တော်တို့ မနက် ၇ နာရီမှာ ရောက်လာ ကြပြီး စင်မြင့် အနီးတဝိုက် အသေအချာ ရှာဖွေ ခဲ့ကြတယ်။ ၃ နာရီ ကျော်ကျော် ကြာခဲ့တယ်။ မသင်္ကာတဲ့ လူတွေ ကိုလည်း စစ်ဆေး ခဲ့တယ်။ ရွှေတိဂုံ အပြင်ဘက် ကွင်းပြင် တခုလုံး မှာတော့ လူတွေ ပြည့်ကြပ် နေတာပဲ။ ဦးဝိစာရလမ်း တဝိုက် မှာလည်း လူတွေ ပြည့်နေ တာပဲ။ ကျောင်းသား တွေနဲ့ ရဟန်း တွေက လုံခြုံရေး အတွက် တာဝန် ယူကြ ရတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမဲ့ စင်မြင့်ကြီးကို ကျွန်တော်တို့ အားလုံး လက်ချင်း ချိတ်ဆက်ပြီး စောင့်ကြပ် ခဲ့ပါတယ်" ဟု အောင်ဝင်းက ပြောပြသည်။


ဟောပြောမည့် စင်မြင့် အထက် နောက်ခံ နံရံ ပေါ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံကြီးကို ဒုတိယ ကမ္ဘာစစ်တွင်းက တော်လှန်ရေး အလံနှင့် ယှဉ်တွဲ ချိတ်ဆွဲ ထားသည်။ အသံချဲ့ စက်များကို လူအုပ်ကြီးဘက် လှည့်ထားသည်။ ဒေါ်အောင်ဆန်းစုကြည် ရောက်လာသော အခါ ပရိသတ်မှာ အလွန် များပြား သောကြောင့် သူမ ကားကို ဟောပြောပွဲ နေရာ အပြင်ဘက်တွင် ရပ်ထား ခဲ့ရသည်။ သူမ စင်မြင့် ရှိရာသို့ ဦးတည် လျှောက်လာသော အခါ လုက်ခုပ်သံများ သြဘာသံများ နားကွဲလု မတတ် ပေါ်ထွက် လာသည်။ နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် မင်းသားကြီး ဦးထွန်းဝေက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများနှင့် မိတ်ဆက် ပေးလိုက်ပြီး မငြိမ်မသက် ဖြစ်နေသော ပရိသတ် များကို ထိုင်ကြရန်နှင့် မိန့်ခွန်း နားထောင် ကြပါရန် ပန်ကြား လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က စကားပြော ခွက်ကို ယူလိုက်ပြီး ပဏာမ မိန့်ခွန်း ဖြစ်သော ညီညွတ်မှုနှင့် စည်းကမ်း ရှိမှုဖြင့် ဒီမိုကရေစီ ရရှိရေး မိန့်ခွန်း ပြောကြားပြီး သူမ ကိုယ်ရေး ရာဇဝင်နှင့် ပတ်သက်သည့် အကြောင်းများ ဆက်လက် ပြောကြား ခဲ့သည်။


"ကျွန်မ ဒီကနေ စပြီးတော့ ပြည်သူ လူထုနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံ ပါရစေ။ ကျွန်မ နိုင်ငံခြားမှာ နေခဲ့တယ် ဆိုတာလည်း မှန်ပါတယ်။ နိုင်ငံခြားသားနဲ့ အိမ်ထောင် ကျတယ် ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဒါလေး အတွက်ကြောင့် ကျွန်မ တိုင်းပြည် အပေါ်မှာ ထားတဲ့ မေတ္တာဟာ ဘယ်လိုနဲ့မှ ကျဆင်း မသွား နိုင်ပါဘူး"


"နောက်တခု ကျွန်မဟာ ဗမာပြည် နိုင်ငံရေး အကြောင်း ဘာမှ နားမလည် ဘူးတဲ့။ တကယ်တော့ နားလည် လွန်းလို့ ခက်နေ တာပဲ"


"ဗမာပြည် နိုင်ငံရေးဟာ ဘယ်လောက် ရှုပ်ထွေးတယ်၊ ဒီ ရှုပ်ထွေးမှု ဒဏ်ကို ဖေဖေ ဘယ်လောက် ခံခဲ့ရတယ် ဆိုတာ ကျွန်မတို့ မိသားစုက အသိဆုံး ပါပဲ"


"ဒါကြောင့် မို့လို့လည်း လွတ်လပ်ရေး ရပြီးတဲ့ အခါ ကျလို့ ရှိရင် ထပ်ပြီးတော့ အာဏာ လုတဲ့ နိုင်ငံရေး မျိုးကို ဆက်မလုပ် ချင်ဘူး ဆိုတာ ဖေဖေ အတိအလင်း ပြောသွား ပါတယ်"


"ဒီလို ပြောသွားတာ မျိုးကြောင့် မို့လို့ ကျွန်မလည်း နိုင်ငံရေး လောကနဲ့ ဝေးဝေးကင်းကင်း နေခဲ့ ချင်ပါတယ်။ အဲဒီလို ဝေးဝေးကင်းကင်း နေချင် ခဲ့လျက် သားနဲ့ အခုမှ ဘာဖြစ်လို့ ဒီအရေးအခင်း ထဲမှာ ဝင်ပါ နေသလဲလို့ မေးစရာလည်း ရှိပါတယ်"


"အဲဒီဟာ ကတော့ ဒီ အရေးအခင်းဟာ တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ အရေးအခင်း ဖြစ်နေ ပါတယ်။ ကျွန်မ မှာလည်း ဖေ့ဖေ့ရဲ့ သမီး လုပ်ပြီး ခေါင်းရှောင် နေလို့ မဖြစ် တော့ဘူး။ ဒီ အရေးအခင်းဟာ တကယ်တော့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကြီးလို့ ခေါ်ရင်လည်း ဖြစ်ပါတယ်"


ရာပေါင်း ထောင်ပေါင်း များစွာသော လူထု ပရိသတ်ကြီးက လက်ခုပ်တီး သြဘာ ပေးကြသည်။ သူမ မိန့်ခွန်း အဆုံး သတ်သည့် အခါ၌ သြဘာသံ များက အုံးအုံ့းကက့်ကက် ဆူညံ သွားတော့သည်။


သူမ မိန့်ခွန်း လာရောက် နားထောင် ကြသည့် ပြည်သူ အများစုမှာ သူမအား ကြည့်လို သိလို ကြသူက များသည်။ ဗမာပြည် ထိပ်တန်း ခေါင်းဆောင်၏ သမီး အသက် ၄၃ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်မှာ မိန့်ခွန်း ပြောကြား နေစဉ် တွင်ပင် ပြည်သူများ၏ ချစ်ခင်မှုကို ရရှိ ခဲ့သည်။ သူမကား နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည် ထူထောင်ရေး တောင်းဆိုမှု ပြုလုပ် ခဲ့သော အတိုက်အခံ ခေါင်းဆောင် တဦး အဖြစ် ပေါ်ထွက် လာခဲ့ လေသည်။


"ကျွန်တော်တို့ အားလုံး အံ့အား သင့်သွား ကြတယ်။ သူမဟာ သူမ အဖေနဲ့ ရုပ်ချင်း တူယုံသာ မကဘူး။ စကား ပြောတာလဲ သူ့အဖေနဲ့ တပုံစံ ထဲပဲ။ တိုတိုနဲ့ လိုရင်းကို ပြောတယ်" ဟု အောင်ဝင်းက ပြောပြသည်။


နောက်တနေ့ (၂၇ ရက်) တွင် ထင်ရှားသော ပုဂ္ဂိုလ် တဦး ဖြစ်သူ ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးတင်ဦး မိန့်ခွန်း ပြောကြား ခဲ့ပြန်သည်။ သူသည် စစ်တပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရာက ၁၉၇၆ ခုနှစ်တွင် အထိန်းသိမ်း ခံခဲ့ရသည်။ ရန်ကုန် ဆေးရုံကြီး အပြင် ဘက်၌ သူမိန့်ခွန်း ပြောကြား နေစဉ် ပရိသတ် ၄၀၀၀ ကျော်မျှ တက်ရောက် နားထောင် ခဲ့သည်။ သူက ဒေါက်တာ မောင်မောင်၏ ၁၉၅၀ စုနှစ် များက အတွေးအခေါ် အဟောင်းကို ကိုးကား၍ ပြောကြား ခဲ့သည်။


"အခု သမ္မတ တက်လုပ် နေတဲ့ စာရေး ဆရာ၊ ဒေါက်တာ၊ သူ စာတမ်း ပြုပြီး ဒေါက်တာဘွဲ့ ယူထားတဲ့ စာအုပ်တွေ ကျွန်တော် အများကြီး ဖတ်ဖူး ပါတယ်။ အဲဒီတုံးက သူရေးခဲ့တဲ့ စာတမ်းမှာ ၁၉၄၇ ခု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ တပါတီ စနစ်ဟာ ပြည်သူ တွေကို အရုပ်ပမာ ကျင့်သုံးတဲ့ စနစ်ဆိုး ပဲတဲ့။ ဒီတော့ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံဟာ ပါတီစုံ ဒီမိုကရေစီကို ပေးထားတဲ့ အတွက် လွတ်လပ်ရေး၊ ညီမျှရေး၊ တရားမျှတရေး Liberty Equality Justice ရှိတာမို့ အင်မတန်ကို ဒေါသတရား ကင်းတဲ့ ဒီမိုကရေစီ ဆိုတာ ဖြစ်ပါ တယ်တဲ့။ အခုတော့ သူက ဘယ်လို ဖြစ်တယ် ကျွန်တော် မသိဘူး။ တခါထဲ တမျိုးကြီးကို ဖြစ်နေတာ ပဲဗျာ"


ပရိသတ် များ၏ ရီသံများ ထွက်ပေါ် လာပြီး သြဘာ ပေးကြသည်။


၁၉၈၀ ခုနှစ် လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် ထောင်အပြင် ရောက်ခဲ့ပြီး ဦးတင်ဦးသည် ဥပဒေ စာပေး စာယူ သင်တန်း တက်ခဲ့သည်။ မဆလ အစိုးရကို ဆန့်ကျင်ရန် စတင် ဖွဲ့စည်း ခဲ့သော မြန်မာများ ထဲက အင်အားစု များအား သူ၏ စာနာ ထောက်ထားမှုကို လျှို့ဝှက်စွာ ပြောကြား ခဲ့သည်။ ပြည်သူများ အကြား၌ သူ့နာမည် ပြန်လည် ပေါ်ထွက် လာသည့် အခါ ပြည်သူ အများစုက သူ့ကို မျှော်လင့် အားထားလျက် ရှိကြသည်။ သြဂုတ်လ ၈ ရက်နေ့တွင် ဆန္ဒပြ သူများက စစ်သားများကို သူတို့ဘက် ပါအောင် ဆွယ်ခဲ့ ကြသေး သော်လည်း မအောင်မြင် ခဲ့ပေ။ သို့သော် ယခု တွင်မူ ကာကွယ်ရေး ဝန်ကြီးဟောင်းနှင့် စစ်ဦးစီးချုပ် ဟောင်းက ဒီမိုကရေစီ အရေးအခင်းထဲ ပူးပေါင်း ဝင်ရောက် လာခဲ့ ပေပြီ။ သူ့တွင် စစ်တပ် ထဲမှ သူ့တပည့် နောက်လိုက်များ ရှိနေ သေးသည် ဟူ၍ အများက ယုံကြည်လျက် ရှိကြသည်။ ယင်း ယုံကြည်မှု မှန်လျှင် ဖြစ်ရပ်များ အပေါ် အရေး ပါသော လွှမ်းမိုးမှု သက်ရောက် နိုင်မည် ဖြစ်လေသည်။


နိုင်ငံရေး သမား များစွာ တို့သည် ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံသည့် ကြေညာချက်များ တဦးပြီး တဦး ထုတ်ပြန် ကြလေ တော့သည်။ အသက် ၈၀ အရွယ် ဦးနုမှာ သူ့ အသက် ကိုပင် မငဲ့ညှာ တော့ဘဲ နိုင်ငံရေး နယ်ထဲ ပြန်လည် ဝင်ရောက် လာခဲ့သည်။ သြဂုတ်လ ၂၈ ရက်နေ့တွင် သူသည် တပါတီ အုပ်ချုပ်မှုကို ဆန့်ကျင်ကာ ၂၆ နှစ် အတွင်း မြန်မာပြည်၏ ပထမဆုံး လွတ်လပ်သည့် နိုင်ငံရေး အဖွဲ့အစည်း တခုကို တည်ထောင် လိုက်လေသည်။ ပါတီ၏ အမည်ကို ဒီမိုကရေစီနှင့် ငြိမ်ချမ်းရေး (ယာယီ) ပါတီဟု အမည် ပေးခဲ့သည်။ ၁၉၅၀ ခုနှစ် များ၏ ပါလီမန် ဒီမိုကရေစီ ခေတ်က သူ့ လုပ်ဖော် ကိုင်ဖက်ကောင်း နိုင်ငံရေး သမားကြီး များက ဝန်ကြီးချုပ်ဟောင်း ဦးနုအား ထောက်ခံကြောင်း ကြေညာ ခဲ့သည်။ မထင်မရှား မေ့မေ့ပျောက်ပျောက် ဖြစ်နေသော သခင် ချစ်မောင်၊ သခင် လွင်၊ သခင် တင်မြ၊ ဦးရဲထွဋ်နှင့် အခြား လက်ဝဲ ခေါင်းဆောင် များလည်း ထွက်ပေါ် လာကြသည်။ တချိန်က ရဲရဲတောက် ဖြစ်ခဲ့သော သခင်စိုး သည်လည်း ပြန်လည် ရှင်သန် လှုပ်ရှား လာခဲ့သည်။ အသက် ၈၃ နှစ်ရှိ မကျမ်းမမာ ဖြစ်နေသော အလံနီ ကွန်မြူနစ် ပါတီ ခေါင်းဆောင်က ဆေးရုံမှ နေ၍ အုံ့ကမှုကြီးကို ထောက်ခံသည့် ကြေညာချက် တစောင် ထုတ်ပြန် ခဲ့သည်။


တနိုင်ငံ လုံးရှိ မဆလ ပါတီဝင် များက ပါတီမှ အစုလိုက် အပြုံလိုက် နှုတ်ထွက် ကြသည်။ ဒေသဆိုင်ရာ ပါတီရုံး များသို့ သွားကြပြီး အဖွဲ့ဝင် ကပ်ပြား များကို ပြန်လည် အပ်နှံ ကြသည်မှာ နေ့စဉ် နေ့တိုင်း ဖြစ်သည်။ ရက်သတ္တပတ် အတွင်း၌ မဆလ ပါတီကြီး ပြိုကွဲ ပျက်စီး သွားတော့သည်။ လက်ရှိ အရည်အချင်း ပြည့်သော တချို့ ကျောင်းသား စည်းရုံးရေး သမားများမှာ ယခင်က လမ်းစဉ် လူငယ် ခေါင်းဆောင် ဟောင်းများ ဖြစ်ကြသည်။ နှစ်ကာလ ကြာရှည်စွာ လမ်းစဉ် လူငယ် စည်းရုံးရေးမှူး တဦး ဖြစ်ခဲ့ဖူးသူ ကိုလင်းက "ကျွန်တော်တို့ ထဲက ပုဂ္ဂိုလ် အနည်းအကျဉ်း လောက်သာ ဘယ်အမှု ကိစ္စကို မဆို မဆလ ပါတီ အတွေးအခေါ်ကို လေးလေးနက်နက် ခံယူ ခဲ့ကြ တာပါ။ လမ်းစဉ် လူငယ် အဖွဲ့ဟာ ကင်းထောက် အဖွဲ့အစည်းနဲ့ ပိုပြီး တူပါတယ်။ ကျွန်တော်တို့ အတွက် တောင်တန်း များမှာ ရှိတဲ့ နွေရာသီ စခန်း များကို သွားရောက်ဖို့၊ တခြား လူငယ် တွေနဲ့ ရင်းနှီးဖို့ အထောက်အကူ ပြုခဲ့ပါတယ်။"


၂၆ နှစ်မျှ ငြိမ်သက် နေပြီးနောက် မြန်မာ့ တီထွင် ဖန်တီးမှု အစဉ်အလာ စိတ်ဓာတ်များ ပြန်လည် ရှင်သန် လာခဲ့သည်။


သြဂုတ်လ ကုန်ပိုင်း လောက်တွင် ရန်ကုန်မြို့ တမြို့ ထဲ၌ လွတ်လပ်သည့် သတင်းစာနှင့် မဂ္ဂဇင်း စုစုပေါင်း စောင်ရေ ၄၀ မျှ ထွက်ပေါ် လာပြီး နိုင်ငံရေး ဝေဖန်ချက် ပြည့်ပြည့်စုံစုံ၊ ပညာသား ပါသည့် ကာတွန်းများ၊ ထိမိသော သရော်စာ များနှင့် ကာတွန်း များက မဆလ ပါတီနှင့် စစ်တပ် နောက်လိုက် အုပ်ချုပ်သူ များကို အရူး လုပ်ခဲ့ ကြသည်။ အစိုးရ သတင်းစာများ ဖြစ်ကြသည့် လုပ်သား ပြည်သူ့နေ့စဉ်နှင့် ဂါးဒီးယန်း သတင်းစာ တို့တွင် လူပြော များသည့် နိုင်ငံရေး ဆောင်းပါးများ ပါရှိ လာပြီး ဆန္ဒပြပွဲ ဓာတ်ပုံများ စာမျက်နှာ ပြည့်လု နီးပါး ပါရှိ လာခဲ့သည်။ အာရုဏ်ဦး၊ လွတ်မြောက်ရေး နေ့စဉ်၊ သတင်းထူး၊ အောင်ပွဲသစ်၊ သတင်းလွှာ စသည့် အသက်ဝင်သော သတင်းစာ သစ်များလည်း ပေါ်ထွက် လာကြသည်။ တချို့မှာ နေ့စဉ်ထုတ် အဖြစ် လည်းကောင်း၊ တချို့မှာ ရက်ခြား ထုတ်ဝေ ခဲ့ကြသည်။ အာဏာပိုင် များက ထို သတင်းစာများ ထွက်ပေါ် လာသည်ကို သည်းခံ နေပုံ ရသည်။ နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင် သံကြား ဌာနမှာ ပြောင်းလဲမှု မရှိခဲ့ပေ။ သို့သော် သတင်းစာ ဆရာများ ကဲ့သို့ပင် တူညီသော အခွင့်အရေး ရရှိရန် တောင်းဆို ခဲ့ကြသော အသံလွှင့် ဌာန ဝန်ထမ်းများ အလုပ်ထုတ်ခြင်း ခံကြ ရသည်။ တချို့က ဝါဒဖြန့် သတင်း ဆက်လက် မထုတ်လွှင့် တော့ဟု ဆိုကာ သပိတ် မှောက်ကြသည်။


ညဘက်တွင် ပြည်သူများက ဘီဘီစီ သတင်းကို ဖမ်းယူ နားထောင် ကြသည်။ ဗွီအိုအေ အမေရိကန် အသံထက် ဘီဘီစီ အင်္ဂလိပ် အသံကို ပိုမို နားထောင် ကြသည်။ ဘီဘီစီသည် မြန်မာ ပြည်သူများ အတွက် ယုံကြည် စိတ်ချ ရသော ပြည်ပ သတင်း ဌာန တခု ဖြစ်ပြီး လူကြိုက်များ သည်မှာ အငြင်းပွားဖွယ် မရှိချေ။ သို့သော် စစ်တပ် များတွင် ဘီဘီစီကို ရှုတ်ချ ထားသည့် စာအုပ်ငယ်များ၊ လက်ကမ်း စာရွက်များကို ထောက်လှမ်းရေး ဌာနက ဖြန့်ချီ ခဲ့သည်။ စစ်သားများ အနေနှင့် ကောလာဟလ များကို မယုံကြည် ကြရန် တိုက်တွန်း ထားသည်။ အုပ်ချုပ်သူ နောက်လိုက် များက ဖြန့်ဝေခဲ့ခြင်း ဖြစ်ဟန် တူသည့် သတင်းမှာ ဥိးနေဝင်း တိုင်းပြည်မှ ထွက်ခွာ တော့မည့် သတင်းပင် ဖြစ်သည်။ တခြား အသံ တခုက စန္ဒာဝင်း၏ ခင်ပွန်း အေးဇော်ဝင်း ထံမှ ထွက်လာ ခဲ့သော်လည်း ယင်း သတင်း မှန်မှာ ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးကျော်ထင်၏ သားထံမှ ထွက်ပေါ် လာခဲ့သည်ဟု သိရ ပြန်သည်။ အသေးစိတ် ကျသော အဆိုပါ သတင်း တပုဒ်က ဦးနေဝင်းသည် ကိုကိုးကျွန်းမှ တဆင့် စင်္ကာပူနှင့် အနောက် ဂျာမဏီသို့ ထွက်ခွာ လာခဲ့ သည်ဟု ဆို၏။


ပြည်သူ များက ခေါင်းဆောင် အိုကြီးများ တိုင်းပြည်မှ ထွက်ခွာ သွားကြမည့် အချိန်ကို စောင့်မျှော် နေကြစဉ် လူရွှင်တော် ဇာဂနာက ရန်ကုန် ဆေးရုံကြီး အပြင်ဘက်တွင် ထိမိသော ပြက်လုံးများ သရော်ချက် များဖြင့် ပရိတ်သတ်ကို ဖျော်ဖြေလျက် ရှိသည်။ ရန်ကုန်မြို့ လမ်းထောင့် များတွင် နာမည်ကြီး ခေတ်ပေါ် တေးဂီတ အဖွဲ့နှင့် အဆိုတော် များက ကေ့းကြော်သံ များဖြင့် ဆန္ဒပြ ချီတက် လာသော ပြည်သူ များကို သီချင်း များဖြင့် ကြိုဆို ကြသည်။ လူတိုင်း ကန့်ကွက် ဆန္ဒပြ ကြပြီး စက်ရုံ၊ အလုပ်ရုံနှင့် ရုံးများရှိ ဝန်ထမ်း များက လွတ်လပ်သော သမဂ္ဂများ ဖွဲ့စည်း လိုက်ကြသည်။ ယင်း လုပ်ရပ်မှာ ၂၆ နှစ် အတွင်း မည်သူမှ မတွေးဝံ့၊ မစဉ်းစားဝံ့ ကြသည့် လုပ်ရပ်ပင် ဖြစ်သည်။ ဗမာပြည် မီးရထား အလုပ်သမား သမဂ္ဂက အာဏာရှင်နှင့် တပါတီ စနစ် အတွက် အထူး ရထားများ မပြေးဆွဲ ပေးတော့ဟု ကြေညာ လိုက်သည်။ မိုးလေဝသ ဝန်ထမ်းများ ကလည်း မိုးလေဝသ ခန့်မှန်းချက် များကို တပါတီ အာဏာရှင် စနစ် အတွက် မဟုတ်ဘဲ၊ အများ ပြည်သူ အတွက်သာ ထုတ်ပြန် ပေးမည်ဟု ကြေညာ ခဲ့သည်။ ဒီမိုကရေစီ လှုပ်ရှားမှုကို တညီတညာ ထောက်ခံ ခဲ့သည့် သာဓက တခုမှာ သြဂုတ်လ နှောင်းပိုင်းတွင် ဖြန့်ဝေ ခဲ့သည့် ဖုန်းမော် ဂျာနယ်တွင် ပါလာသော သတင်း တပုဒ်ပင် ဖြစ်သည်။ ထိုသတင်းမှာ အရှေ့မြောက် ဆင်ခြေဖုံး အရပ် ဖြစ်သော တာမွေ သင်္ချိုင်းမှ ဇာတ်လမ်း တပုဒ် ဖြစ်သည်။ အစိုးရက သြဂုတ်လ ၉ ရက်မှ ၁၂ ရက်နေ့ သတ်ဖြတ်မှုများ ပြီးသည့်နောက် တာမွေ သင်္ချိုင်း၌ မီးသင်္ဂြိုဟ်ခြင်း သို့မဟုတ် သရဏဂုံ တင်ခြင်းပင် မပြုလုပ်ဘဲ လူသေ အလောင်းများကို အစုလိုက် အပြုံလိုက် တွင်းတူး မြုပ်နှံ ခဲ့ကြသည်။ ယင်းသို့ ပြုလုပ် ခဲ့ပြီးသည့် နောက်ပိုင်းတွင် သန်းခေါင်ယံ အချိန်၌ သရဲ တဈေများက ဒီမိုကရေစီ ကေ့းကြော်သံများ အော်ဟစ်၍ ညတိုင်း ဆန္ဒပြ ခဲ့ကြောင်း ဖုန်းမော် ဂျာနယ်က ရေးသား ခဲ့သည်။ သရဲများ၏ ကေ့းကြော်သံ အသစ် ကိုလည်း ထပ်မံ ဖော်ပြ ခဲ့သည်။ ထိုကေ့းကြော်သံမှာ "မဆလ ပါတီဝင် တွေရဲ့ အလောင်းဆိုရင် ---- ဒီကို ဝင်မလာနဲ့" ဟူ၍ ဖြစ်သည်။ ဖုန်းမော် ဂျာနယ်မှာ မတ်လတွင် ပထမ ဦးဆုံး အသတ် ခံခဲ့ရသော စက်မှု တက္ကသိုလ် ကျောင်းသား မောင်ဖုန်းမော်ကို ဂုဏ်ပြု ထုတ်ဝေ ခဲ့သည့် ဂျာနယ် ဖြစ်သည်။


လူအမြောက်အမြား ပစ်သတ် ခံခဲ့ရသည့် မြောက်ဥက္ကလာပ၌ ဒေသခံ လူများက ကျဆုံး သွားသော သူတို့ မိတ်ဆွေနှင့် ဆွေမျိုး များကို ဂုဏ်ပြုသည့် အထိမ်အမှတ် အဖြစ် ကွန်ကရစ် ကျောက်တိုင် တခုကို စိုက်ထူ လိုက်ကြသည်။ သမိုင်းဝင် ၈-၈-၈၈ နှင့် အညီ ကျောက်တိုင်ကို ၈ ပေ ၈ ဒဿမ ၈ လက်မ အမြင့် တည်ဆောက် ခဲ့ကြသည်။ ကျောက်တိုင် ထိပ်တွင် မဆလခေတ် မတိုင်မီက ပြည်ထောင်စု အလံဟောင်းက လွင့်ပျံလျက် ရှိသည်။ ကျောက်တိုင် ခြေရင်းတွင် လတ်ဆတ်သော ပန်းများဖြင့် စီချယ် ထားသည့် လွမ်းသူ့ ပန်းခွေများ လာရောက် ချကြ သည်မှာ နေ့စဉ်နှင့် အမျှ ဖြစ်သည်။


မဆလ ပါတီ ကြီးစိုးမှုသည် နေရာ တကာ၌ ပြိုကွဲခဲ့ပြီ ဖြစ်သည်။ ရန်ကုန်မြို့ ပေါ်မှ စစ်သားများနှင့် ရဲများ တပ်ရုပ် သွားကြသည်။ ကြောက်မက်ဖွယ် လုံထိမ်း များပင် မြင်ကွင်းမှ ပျောက်ကွယ် ကုန်ကြသည်။ အမှန် တကယ်မှာ လုံထိမ်း များကို ယူနီဖောင်း အသစ် ထုတ်ပေးကာ စစ်တပ် ထဲသို့ သွတ်သွင်း လိုက်ခြင်းသာ ဖြစ်သည်။


သြဂုတ်လ သတ်ဖြတ်ပွဲများ ပြီးဆုံး ပြီးနောက် ချက်ချင်းပင် "ပြည်သူ့ အုပ်ချုပ်ရေး" ပြောင်းလဲ ဖွဲ့စည်းရန် ပထမ ဦးစွာ လုပ်ဆောင် ခဲ့သည်။ ရန်ကုန် အလယ်ပိုင်းရှိ ရပ်ကွက် များတွင် ပြည်သူများက တအိမ်လျင် ခေါင်းအုံး တလုံးနှင့် စောင်တထည် ရန်ကုန် ဆေးရုံကြီးသို့ လှူဒါန်းရန် ဆုံးဖြတ် ခဲ့ကြသည်။ ထိုအချိန် ရန်ကုန် ဆေးရုံကြီး၌ လူနာများ အတွက် အထောက်အကူ ပစ္စည်း မျိုးစုံ ပြတ်လပ်လျက် ရှိသည်။ မှောင်ခို ဈေးသည် များပင် လှောင်ထားသည့် ဆေးပစ္စည်း များကို အခမဲ့ ဆေးရုံသို့ လွှဲပြောင်း ပေးခဲ့ ကြသည်။


ဤသို့ မိမိတို့ ဆန္ဒ အလျောက် ကူညီမှု များမှ တဆင့် ဒေသခံ ပြည်သူ့ ကော်မတီများ ထွက်ပေါ် လာသည်။ အဆိုပါ ကော်မတီ များတွင် ရဟန်း၊ အရပ် လူကြီးနှင့် ကျောင်းသားများ ပါဝင် ကြသည်။ အုပ်ချုပ်ရေးကို တာဝန် ယူပြီးနောက် ကြုံတွေ့ ရသည့် အခက်အခဲ တရပ်မှာ ဥပဒေ ထိမ်းသိမ်းရေး ကိစ္စ ဖြစ်သည်။ အထူးသဖြင့် ညဘက်တွင် တခြား နယ်မြေများ အပြင် ရပ်ကွက် အတွင်းမှ လှုပ်ရှားမှု များကို စောင့်ကြပ် ကြည့်ရှုနိုင်ရန် ဝါးနှင့် ပြုလုပ် ထားသော အကာအယံများ၊ အဝင်အထွက် တံခါးမ များနှင့် မျှော်စင် များကို ဆောက်လုပ် ခဲ့ကြသည်။ ဒုစရိုက်မှု များက ပို၍ တိုးပွား လာသည်။ တရားခံ တယောက် မိတိုင်း ရဟန်းများက တရားသူကြီး အဖြစ် လည်းကောင်း၊ စစ်ဆေးသူ အဖြစ် လည်းကောင်း တာဝန်ယူ ဆောင်ရွက် ကြရ၏။ ပြည်သူများ ထံမှ ကောက်ခံ ရရှိသော ငွေများမှာ ဤ အုပ်ချုပ်ရေး အဖွဲ့သစ်များ အတွက် ရံပုံငွေ ဖြစ်လာ ခဲ့သည်။ သို့သော် စိန်လွင် ရာထူးမှ မနှုတ်ထွက်မီ အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ရာ ဒေါသ ထွက်နေသော လူအုပ်ကြီးက မင်္ဂလာ တောင်ညွန့်မှ မေတ္တာမွန် ပစ္စည်း သိုလှောင်ရုံကို ဝင်စီး ခဲ့ကြသည်။ မေတ္တာမွန် ပစ္စည်း သိုလှောင်ရုံမှာ စစ်တပ် အရာရှိ များနှင့် မဆလ ပါတီ အရာရှိကြီး များကို ဖြန့်ဝေ ပေးရန် နိုင်ငံခြားမှ မှာယူ တင်သွင်း ခဲ့သည့် ဇိမ်ခံ ပစ္စည်းများ သိုလှောင်ရာ ဌာန ဖြစ်သည်။


ထို့နောက် ရန်ကုန်မြို့တွင် မေတ္တာမွန်မှ တီဗွီများ၊ ဗွီဒီယို ပြစက်များ၊ နိုင်ငံခြား အရက်များနှင့် အခြား ကုန်ပစ္စည်း များကို ရောင်းချသည့် ဈေး ပေါ်ထွက် လာတော့သည်။ ထိုဈေးကို စိန်လွင် ဈေးဟု ခေါ်ကြသည်။ လျှော့ဈေးဖြင့် ရောင်းချ လိုက်သည့် ပစ္စည်းများမှ ရရှိသည့် ငွေတို့ သည်လည်း သပိတ် ကော်မတီ များသို့ ရောက်ကုန် ကြသည်။


* * * * * * * *


ထင်ပေါ် ကျော်ကြားသော မြန်မာများက အစိုးရကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင် ပြောရဲ လာကြပြီး ဦးနေဝင်း နိုင်ငံမှ အမှန်တကယ် ထွက်ပြေး တော့မည်ဟု တွေးထင် လာကြသည့် အခါတွင် ပြည်သူ တို့၏ ယုံကြည် စိတ်ချမှု များက တစတစ တိုးပွား လာခဲ့သည်။


သြဂုတ်လ ၂၈ ရက်နေ့တွင် 'ဗကသ' ခေါ်ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ရန်ကုန်မြို့တွင် တရားဝင် ဖွဲ့စည်း ခဲ့၏။ ဗကသ ဥက္ကဋ္ဌ အဖြစ် ထူးခြားသော အရည်အချင်း ရှိသူ အသက် ၂၆ နှစ်ရှိ သတ္တဗေဒ တတိယနှစ် ကျောင်းသား ပေါ်ဦးထွန်းကို ရွေးကောက် တင်မြှောက် ခဲ့ကြသည်။ ပထမ ပိုင်းတွင် ကျောင်းသား များစွာ တို့၏ မြေအောက် ကြေညာချက် များ၌ နာမည်ဝှက်များ အသုံးပြုကာ လက်မှတ် ရေးထိုး သကဲ့သို့ သူ ခံယူ ထားသည့် နာမည်ဝှက်မှာ မင်းများကို အနိုင် ယူမည့်သူ "မင်းကိုနိုင်" ဟူ၍ ဖြစ်သည်။ နာမည်ကြီးသည့် နောက်ထပ် ကျောင်းသား ခေါင်းဆောင် တယောက်မှာ အသက် ၂၅ နှစ်ကျော် ရှိသည့် မိုးသီးဇွန် ဖြစ်သည်။ သူသည်လည်း သြဂုတ်လနှင့် စက်တင်ဘာလ တို့တွင် ရန်ကုန်၌ ပြုလုပ် ခဲ့သော လူထု စည်းဝေးပွဲများ၊ ဟောပြောပွဲ များတွင် ပါဝင်ခဲ့သူ ဖြစ်သည်။


ဗကသနှင့် အပြိုင် ထွက်ပေါ် လာသော ကျောင်းသား အဖွဲ့မှာ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဖြစ်သည်။ ဗမာ အစား မြန်မာ ဟူ၍ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အတိုကောက်မှာ 'မကသ' ဖြစ်သည်။ ယင်းအဖွဲ့ကို ပဉ္စမနှစ် ဥပဒေ ကျောင်းသား အသက် ၃၀ ကျော်ရှိ မင်းဇေယျာ ဦးဆောင်သည်။ သူသည် အရေးအခင်း စတင် ကတည်းက ပါဝင် လှုပ်ရှားခဲ့သူ ဖြစ်ပြီး ဇာတိ မွန်ပြည်နယ် ကမာကဝက် မြို့တွင် မတ်လ ၂၇ ရက်နေ့က အဖမ်း ခံခဲ့ရသည်။ ထို့နောက် ရန်ကုန် အင်းစိန် ထောင်သို့ ခေါ်ယူ သွားခြင်း ခံခဲ့ရသည်။ သူ့ကို ဇူလိုင် ၇ ရက်နေ့တွင် ပြန်လွှတ် လိုက်ပြီး သြဂုတ်လ ၆ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခြင်း ခံခဲ့ရကာ ၂၅ ရက်နေ့တွင် ဦးအောင်ကြီး၊ ဦးစိန်ဝင်း၊ အခြား နိုင်ငံရေး အကျဉ်းသား များနှင့် အတူ လွှတ်ပေး ခဲ့သည်။ အရေးအခင်း၌ နိုင်ငံရေး သမားဟောင်းများ ပြန်လည် လှုပ်ရှား ရုံသာမက မျိုးဆက်သစ် လူငယ် ခေါင်းဆောင် များလည်း ပေါ်ထွက် လာကာ အသက်ကြီး နေပြီ ဖြစ်သော နိုင်ငံရေး ခေါင်းဆောင်များ နည်းတူ သြဇာ လွှမ်းမိုး နိုင်ခဲ့သည်။


သို့သော် လူကြီးနှင့် လူငယ် တို့မှာ မကြာခဏ အတူတကွ လက်တွဲ လုပ်ဆောင် ခဲ့ကြပြီး မျိုးဆက် ကွာဟမှု မည်သည့် အခါမှ မရှိခဲ့ပေ။ အမျိုးသမီးငယ် တဦး ဖြစ်သူ မမွှေးမွှေးမှာ မြို့တော် ခမ်းမ အပြင်ဘက်တွင် သြဂုတ်လ ၈ ရက်နေ့က ဖြစ်ပွား ခဲ့သော ဆန္ဒပြပွဲ များကို သူမ နေအိမ် ဝါရံတာမှ ကြည့်ရှု ခဲ့ရသည်။ မကြာမီ သူမ လှုပ်ရှားမှု ထဲတွင် ပါဝင် ခဲ့သည်။ သူမသည် စက်တင်ဘာ လဆန်းပိုင်း၌ အထက် မြန်မာပြည် လှုပ်ရှားမှု များနှင့် ရန်ကုန်မြို့ လှုပ်ရှားမှု များကို ညှိနှိုင်းရန် မြန်မာပြည် အထက်ပိုင်းသို့ တပတ်ကြာ သွားရောက် ခဲ့သည်။ သူမ အဖွဲ့တွင် ကျောင်းသား ၁၅ ဦး ပါရှိပြီး ခေါင်းဆောင်မှာ အင်္ဂလိပ် နယ်ချဲ့ ဆန့်ကျင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဝါရင့် နိုင်ငံရေး သမား သခင် ကြည်ရှိန် ဖြစ်သည်။ သူတို့ အားလုံး ကားဖြင့် ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ မိတ္ထီလာနှင့် မန္တလေးသို့ သွားရောက် ခဲ့ကြသည်။


"အားလုံး သပိတ် တိုက်ပွဲတွေ ဆင်နွှဲ နေကြတော့ ရထားလည်း မပြေး တော့ဘူး။ တခြား ပုံမှန် ပို့ဆောင်မှုလည်း မရှိ တော့ဘူး။ ပြီးတော့ ဓာတ်ဆီ ဝယ်ဖို့ ဆိုတာ အတော် ခက်ခဲ ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ စိတ်ဓာတ် တွေက ပြင်းပြ နေပြီး ကျွန်မတို့ ရောက်ခဲ့တဲ့ နေရာတိုင်းမှာ စည်းဝေးပွဲ တွေကို တက်ရောက် နိုင်ခဲ့တယ်။ ကျွန်မတို့ သပိတ် စခန်း တွေမှာ အိပ်ကြရ ပါတယ်။ ဖြတ်ကျော် လာခဲ့တဲ့ မြို့တိုင်းလိုလို သပိတ် စခန်း တခုစီတော့ ရှိပါတယ်။ ပြည်သူ တွေဟာ မဆလ ပါတီရုံးတွေ၊ အစိုးရ အဆောက်အဦ တွေကို စီမံ ခန့်ခွဲရာ ရုံးအဖြစ် ပြောင်းပစ် လိုက်ကြတယ်။ နေရာတိုင်းမှာ တက့်က နေကြပြီး လက်ကမ်း စာရွက်တွေ ရိုက်နှိပ် ကြတယ်။ ပိုစတာတွေ ရေးသူကရေး၊ ကိုယ်ပိုင် သတင်းစာ ထုတ်ဝေတဲ့ သူက ထုတ်၊ စည်းဝေးပွဲ၊ ဆန္ဒပြပွဲတွေ ပြင်ဆင် ကြပါတယ်" ဟု မမွှေးမွှေးက ပြောပြသည်။


မန္တလေး မြို့တွင် ၁၉၇၀ စု နှစ်များက တရားမဝင် အသင်းဟု စိန်လွင် ကြေညာ ခဲ့သော ရဟန်းပျို အဖွဲ့မှာ ပြန်လည် ပေါ်ထွက် လာခဲ့သည်။ ရဟန်း များက နေ့စဉ် ကိစ္စများကို စည်းရုံး ဆောင်ရွက် ပေးသည်။ အမှိုက်များ သိမ်းခြင်း၊ ရေပေးဝေ ဖြန့်ဖြူးမှု ပုံမှန် ရှိ မရှိ စစ်ဆေးခြင်းနှင့် အချို့ သတင်းများ အရ မော်တော်ယာဉ် လမ်းပြ ပုလိပ်များ အဖြစ်ပင် ဝင်ရောက် ဆောင်ရွက် ပေးခဲ့ ရသည်ဟု သိရသည်။ တရား ဥပဒေ ထိမ်းသိမ်းရေး ကိစ္စများ ကိုလည်း ရဟန်းများ ကပင် ကြီးကြပ် ခဲ့ကြသည်။ ဥပဒေ ချိုးဖောက်သူ များကို အပြစ် ပေးရာ၌ သမရိုးကျ အပြစ် ပေးခြင်းတော့ မဟုတ်ပေ။ သြဂုတ်လတွင် မန္တလေးသို့ ရောက်ခဲ့သည် ခရီးသည် တဦးက ဘူတာရုံ အပြင်ဘက် ဓာတ်မီးတိုင်တွင် သံကြိုးဖြင့် တုပ်ထား ခံရသော လူတဦးက "ကျွန်တော် သူခိုးပါ။ ကျွန်တော် သူခိုးပါ" ဟု အော်နေ သည်ကို မြင်တွေ့ ခဲ့ရသည်ဟု ဆို၏။


အမှန်တကယ် ဘာဖြစ်ခဲ့လဲ။ အစိုးရက တကယ်ဘဲ လက်လျှော့ လိုက်ပြီလား။ ထင်မြင် တွေးတောချက်များ တကွဲတပြားစီ ဖြစ်နေသည်။ နေရာ တိုင်း၌ မဆလ ပါတီ အုပ်ချုပ်ရေး ပြိုကွဲ သွားပြီး ကတည်းက စစ်တပ်ကို မမြင်ရ။ အစိုးရ အရာရှိ မြောက်မြားစွာ တို့မှာလည်း သူတို့ နေအိမ်ကို စွန့်ခွာ ခဲ့ကာ တပ်စခန်း များတွင် ဝင်ရောက် ခိုလှုံ ခဲ့ကြသည်။ ဤအချက်ကို ပြည်သူများက လက်ခံ ထားကြသည်။ တချို့က မည်ကဲ့သို့ပင် ပြောင်းလဲ သွားစေ ကာမူ ပို၍ သတိ ထားကြသည်။ မမျှော်လင့်ဘဲ သြဂုတ်လ ၂၄ ရက်နေ့ စစ်ဥပဒေ ရုပ်သိမ်း ခဲ့ခြင်းမှ စ၍ တနိုင်ငံလုံးတွင် ပြည်သူ့ အုပ်ချုပ်ရေး ပေါ်ထွက် လာပြီး ထူးခြားသည့် ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွား လာသည်။ နောက်တနေ့တွင် နိုင်ငံရေး အကျဉ်းသား များကို လွှတ်ပေး လိုက်သည်။


၂၅ ရက်နေ့ ည၌ လက်နက်ကိုင် စစ်သား အပြည့် တင်ဆောင် လာသည့် စစ်ကားကြီး များက ရန်ကုန် မြို့လယ်သို့ ဝင်ရောက် လာပြီး မြန်မာ့ နိုင်ငံခြား ကုန်သွယ်ရေး ဘဏ်မှ ကျပ်ငွေ သန်း ၆၀၀ ကို သေနတ်ပြကာ သယ်ထုတ် သွားကြသည်။ ဘဏ် သမဂ္ဂက ထိုကိစ္စကို ကန့်ကွက် ခဲ့ကြသည်။ မည်သို့ပင် ဖြစ်စေ ရန်ကုန်မြို့ရှိ စစ်သား အားလုံး အတွက် လခ ၆ လစာကို ကြိုတင် ထုတ်ပေး လိုက်ပြီ ဖြစ်သည်။ ထို့နောက် ၂၆ ရက်နေ့တွင် အင်းစိန်ထောင်မှ အကျဉ်းသားများ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ ကြသည်။ ထောင်ထဲ၌ မီးစလောင်ကာ အထိတ်တလန့် ဖြစ်သွားသည်။ မီးလွတ်ရာ ပြေးထွက် လာကြသည့် အကျဉ်းသား များကို ထောင်စောင့် များက သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်။


အကျဉ်းသား ၁၀၀၀ ခန့် အစုလိုက် အပြုံလိုက် ပစ်သတ် ခံခဲ့ရပြီး ဒဏ်ရာ ရသွားသည့် အခြား ၅၀၀ မှာ အနီးရှိ အင်းစိန် ဆေးရုံသို့ ဆေးဝါး ကုသရန် ရောက်ရှိ လာရာ ဆေးရုံ တရုံလုံး လူနာများဖြင့် ပြည့်ကြပ် သွားလေသည်။ ကျန် အကျဉ်းသား များကို ထောင်မှ လွှတ်ပေး လိုက်သည်။ မြန်မာ့ အသံမှ ကြေညာချက် အရ ထို အကျဉ်းသား များကို ခံဝန် ကတိဖြင့် ထောင်မှ လွှတ်ပေး ခဲ့ခြင်း ဖြစ်သည်ဟု ဆို၏။ ထောင်ထဲရှိ တိုက်များတွင် နိုင်ငံရေး အကျဉ်းသား များနှင့် ရာဇဝတ် အကျဉ်းသားများ ရောနှော ထားရှိ လေရာ ထိုထောင်တွင်း သတ်ဖြတ်မှု၌ အစိုးရ ဆန့်ကျင်ရေး သမား မည်မျှ သေဆုံး ခဲ့သည်ကို မကြေညာ ခဲ့ချေ။ မြန်မာ့ အသံမှ သေဆုံးသူ စုစုပေါင်း ၃၆ ဦးသာ ရှိပြီး ဒဏ်ရာရသူ ၁၀၀ ရှိသည်ဟု ကြေညာ ခဲ့သည်။


ထိုထောင်တွင်း အဓိကရုဏ်းများ တနိုင်ငံလုံးရှိ မြို့ ၉ မြို့မှ ထောင်များတွင် တိုက်ဆိုင်စွာ တပြိုင်တည်း ဖြစ်ပေါ် လာခဲ့သည်။ အကျဉ်းသား ၉၀၀၀ နီးပါးမှာ လွတ်မြောက် သွားသည်လော၊ လွှတ်ပေး လိုက်သည်လော ဆိုသည်မှာ မသဲကွဲလှ။ ထောင်သား အားလုံးမှာ ပိုက်ဆံ လုံးဝ မရှိကြ၊ အစာလည်း မစားကြ ရချေ။ ရန်ကုန်မြို့တွင် အထိတ်တလန့် ဖြစ်နေ ကြသည်။ ဆိုင်ရာ ဒေသ ပြည်သူ့ ကော်မတီ များက ရန်ကုန် ဘူတာကြီး၌ အကျဉ်းသားများ အတွက် ယာယီ စခန်း ဖွင့်လှစ် ပေးကာ လွတ်မြောက် လာသော အကျဉ်းသားများ နောက်ထပ် ပြစ်မှု ထပ်မံ ကျူးလွန် ကြမည့် ဘေးမှ တားဆီး ကာကွယ်နိုင်ရန် အစားအသောက်များ ဝေငှကာ နေရပ်သို့ ပို့ဆောင် ပေးခဲ့သည်။


အကျဉ်းသား အားလုံး လွတ်မြောက် လာခြင်းမှာ အာဏာပိုင် များ၏ အကြံအစည် ဖြစ်သည် ဟူ၍ အနည်းငယ် သံသယ ဖြစ်စရာ ရှိသည်။ ထောင်တွင်း အုံ့က ပုန်ကန်မှု မဖြစ်မီ ရက် အနည်းငယ်က အကျဉ်းသား ၃ ဦးကို အင်းစိန်မှ ရေကြည်အိုင် စခန်းသို့ တိတ်တဆိတ် ရွေ့ပြောင်း ခဲ့သောကြောင့် ဖြစ်သည်။ သူတို့ ၃ ဦးမှာ စစ်ထောက်လှမ်းရေးမှ မျက်မှန် ဦးတင်ဦးနှင့် သူ၏ တွဲဘက် ဦးဘိုနီ၊ ကျန်တဦးမှာ ၁၉၈၃ ခုနှစ်၌ ရန်ကုန်တွင် ဖြစ်ပွား ခဲ့သော အာဇာနည် ဗိမာန် ဗုံးပေါက်ကွဲမှုတွင် ပါဝင် ပတ်သက်ခဲ့သူ မြောက်ကိုရီးယား ဗုံးခွဲ ဖျက်ဆီးရေး အဖွဲ့မှ တဦးတည်း အသက်ရှင် ကျန်နေခဲ့သူ ကင်မင်ချူးတို့ ဖြစ်လေသည်။


ရန်ကုန်မှ စစ်တပ် ရုပ်သွားသည့် တိုင်အောင် စစ်ထောက်လှမ်းရေး အဖွဲ့၏ ဆက်လက် လှုပ်ရှားမှု များမှာ ထင်ရှား လှသည်။ ရွှေတိဂုံ အပြင် ဘက်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း မပြောကြားမီ နံနက် ၄ နာရီ အချိန်၌ ထင်ရှားသော ဖြစ်ရပ် တခု ဖြစ်ပေါ် ခဲ့သည်။ ၂၉ လမ်းတွင် လူ ၆ ဦး ပါလာသည့် တိုယိုတာ ပစ်ကပ်ကား ၂ စီးကို ရပ်ကွက်၌ ကင်းများက စစ်ဆေး ခဲ့ရာ ကားပေါ်တွင် လက်ကမ်း စာရွက် တထုပ်ကို တွေ့ရှိ သဖြင့် အံ့အား သင့်သွား ကြသည်။ အဆိုပါ စာရွက် များမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့အမျိုးသား အင်္ဂလိပ် လူမျိုး ပုံကိုလည်း ရေးဆွဲ ထားသည်။ စာတမ်းမှာ "နင့်လင် ကုလားစုတ်ကို ခေါ်ပြီး အခု ထွက်သွား" ဟူ၍ လည်းကောင်း၊ "မျိုးဖျက်မ၊ ဖာသယ်မ" ဟူ၍ လည်းကောင်း ရေးသား ထားပြီး တချို့စာနှင့် ရုပ်ပုံများမှာ ကြမ်းတမ်း ညစ်ညမ်း လွန်းလှသည်။


ရပ်ကွက် ကင်းတာဝန် ကျနေ သူများက ကားပေါ်တွင် ပါလာသော လူ ၆ ယောက်ကို ဖမ်းဆီး၍ လက်ပြန်ကြိုး တုတ်ထား လိုက်သည်။ ကားပေါ်မှ ပစ္စတို သေနတ် တလက်နှင့် ၂ ဦး၏ သက်သေခံ ကတ်ပြား ကိုလည်း ရှာဖွေ တွေ့ရှိ ခဲ့သည်။ သက်သေခံ ကပ်ပြား အထောက်အထား အရ တပ်ကြပ် စန်းလွင်နှင့် တပ်သား စိုးနိုင်တို့ ဖြစ်ကြပြီး နှစ်ဦး စလုံးမှာ ထောက်လှမ်းရေး တပ်မှ ဖြစ်ကြောင်း သိရသည်။ ၆ ယောက် စလုံးကို ရဟန်းများ ဖွင့်လှစ် ထားသည့် သရက်တော ကျောင်းတိုက်ရှိ တရားရုံးနှင့် ယာယီ ထောင်သို့ ပို့ဆောင် လိုက်ကြသည်။ စစ်ဆေး မေးမြန်းချက် များကို ဗွီဒီယို ကင်မရာဖြင့် မှတ်တမ်းတင် ရိုက်ကူး ထားပြီး ဖမ်းမိ ထားသော ထောက်လှမ်းရေး ဌာနမှ အခြား အဖွဲ့ တဖွဲ့ ကိုလည်း စစ်ဆေး မှတ်တမ်း တင်ခဲ့သည်။ ထိုအဖွဲ့ကို ဦးဆောင် သူမှာ ဦးနေဝင်း နိုင်ငံခြားသို့ သွားတိုင်း လိုက်ပါ ခဲ့ရသည့် လူယုံ ဗိုလ်ကြီး စည်သူ ဖြစ်သည်။ သူတို့အား လွှတ်မပေးမီ ၎င်းတို့၏ ရုပ်ပုံ များကို ရန်ကုန်မြို့ နေရာ အနှံ့တွင် နံရံကပ်၍ ပြည်သူတို့အား ပြသ ခဲ့သည်။ ၎င်းတို့ကို စစ်ဆေး မေးမြန်း ခဲ့ရာ၌ သူတို့ကို သြဇာ အာဏာ ကြီးမားသော စန္ဒာဝင်း (နေဝင်း၏ သမီး) က စေလွှတ် ခဲ့ကြောင်း ထွက်ဆို ခဲ့ကြသည်။ သြဂုတ်လ ၂၄ ရက်နေ့ ကတည်းက ရရှိခဲ့သည့် လွတ်လပ်မှု အသစ်ကို ပျော်မွေ့ နေကြသည့် ရန်ကုန်မြို့နေ လူထုသည် မကြာမီ ကြောက်ရွံ့ ထိတ်လန့်ဖွယ်ရာ များနှင့် ကြုံရ တော့သည်။ လူထု ဆန္ဒပြပွဲများ နေ့စဉ် ပြုလုပ် နေသည့် ကာလ၌ လမ်းများ ပေါ်တွင် မြေရေအိုးများ ထားရှိ ခဲ့သည်။ နာရီပေါင်း များစွာ ကေ့းကြော်သံများ ဟစ်အော် ကြ၍ အသံဝင် လာသော ဆန္ဒပြသူများ အတွက် ရေသုံးဆောင် နိုင်ရန် လမ်းဘေး၌ ရေအိုးများ ထားရှိသည်။ ထောက်လှမ်းရေး သမားများက ထိုရေအိုး များကို အဆိပ်ခပ် နေကြောင်း ကောလာဟလများ ပြန်နှံ့ လာခဲ့သည်။ စက်တင်ဘာလ ၃ ရက်နေ့ထုတ် လုပ်သား ပြည်သူ့ နေ့စဉ်တွင် သတင်း တပုဒ်က အောက်ပါ အတိုင်း ရေးသား ခဲ့သည်။


"ယမန်နေ့က သံဃာ အချို့သည် အင်းစိန် မြို့နယ်ရှိ မင်းကွန်း ကျောင်းတိုက် အနီးတွင် မသင်္ကာစရာ လူနှစ်ဦးကို တွေ့ရှိ ခဲ့သဖြင့် လိုက်လံ ဖမ်းဆီးရာ တဦးက ဖမ်းမိပြီး ကျန်တဦးမှာ ထွက်ပြေး လွတ်မြောက် သွားသည်ဟု ဆို၏။ ဖမ်းဆီး ရမိသူ၏ လက်ထဲမှ အဆိပ် ပါသည်ဟု ထင်ရသော ပုလင်း တလုံးကို သိမ်းဆည်း ရမိခဲ့ကြောင်း၊ ပုလင်းထဲတွင် ဘေးအန္တရာယ် မရှိသော ဓာတု ဆေးရည်ဟု ဝန်ခံ ခဲ့သဖြင့် ၎င်းအား သောက်စေ ခဲ့ရာ ခဏ အကြာတွင် ထိုလူ သေဆုံး သွားခဲ့ကြောင်း"


စက်တင်ဘာလ ၅ ရက်နေ့တွင် ဟယ်လ်ပင် လမ်းရှိ ကလေး ဆေးရုံ အပြင် ဘက်၌ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး တဦးကို ဖမ်းမိ ကြသည်။ စစ်ဆေး မေးမြန်းသော အခါ နှစ်ဦးက ၎င်းတို့သည် ဆေးရုံ အပြင် ဘက်ရှိ ရေတိုင်ကီ ထဲသို့ အဆိပ်ခပ်ရန် ကြိုစားခဲ့ကြောင်း ဝန်ခံ ခဲ့သဖြင့် ထိုနှစ်ဦးကို လွှတ်ပေး လိုက်သည်။ ကျန် ၃ ယောက်မှာ မေးမရဘဲ ငြင်းဆန် နေသဖြင့် ဒေါသ ထွက်နေသော လူအုပ်ကြီးက ဝင်၍ ရိုက်နှက် ကြသည်။ လူအုပ်ထဲမှ တဦးက ဓားရှည်ကို ဆုတ်ကိုင်၍ ထွက်လာပြီး ထိုလူ ၃ယောက်၏ ဦးခေါင်းများကို ခုတ်ပိုင်း ခဲ့ကာ သြဘာ ပေးနေသော လူအုပ်ကြီးအား သွေးများ ယိုစီးနေသည့် ခေါင်းပြတ်များကို ကိုင်၍ မြှောက်ပြ ခဲ့သည်။


ထောက်လှမ်းရေးက စေလွှတ် ခဲ့သော မသင်္ကာဖွယ် လူများကို ဤသို့ ခေါင်းဖြတ်မှုများ ပြုလုပ် ခဲ့ခြင်းမှာ ရန်ကုန်မြို့တွင် နေ့စဉ်လိုလို ဖြစ်ပွား ခဲ့သည်။ ပျော်ပွဲသဘင် ကဲ့သို့ ဖီလစ်ပိုင် ပုံစံမျိုးဖြင့် ပြည်သူ့ အင်အား အုံ့ကမှုကို စတင် ခဲ့သော်လည်း နောက်ပိုင်းတွင် မနှစ်မြို့ ဖွယ်ရာ အဖြစ်သို့ ပြောင်းလဲ လာကာ ၁၉၈၆ ခုနှစ်တွင် ဘေဘီဒေါက်၊ ဒူဗားလီးယား ကျဆုံး ခဲ့ပြီးနောက် ဟေတီ နိုင်ငံတွင် ဆန့်ကျင်ဘက် အင်အားစု များကို အမဲ လိုက်ရှာဖွေ သတ်ဖြတ် ပုံမျိုးနှင့် တူသည်ထက် တူ၍ လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ် ရိပ်သာ လမ်းရှိ သူမ နေအိမ်တွင် စခန်းချ နေကြသူများ (အထူးသဖြင့် လူငယ် ကျောင်းသားများ) အား ခေါင်းဖြတ်ခြင်းများ ပြုလုပ်မှုကို တားမြစ်ရန် စေလွှတ် ခဲ့သည်။ တချို့ နေရာ၌ သံသယမကင်း ဖြစ်ဖွယ် လူများကို ကယ်တင် နိုင်ခဲ့သော်လည်း အချို့ နေရာတွင် စစ်ထောက်လှမ်းရေး အပေါ် အမျက် ဒေါသ ထွက်နေ ကြသည့် လူထု၏ ဆန္ဒက ပြင်းပြ လွန်းလေရာ ဝင်ရောက် တားဆီး သော်လည်း အချဉ်းနှီး ဖြစ်ခဲ့ ရသည်။ အစိုးရ ကုန်ရုံများ စက်ရုံများကို လုယက် မီးရှို့ခြင်းများ ပို၍ ဖြစ်လာ ခဲ့သည်။ အဆိုးဆုံး ဖြစ်ရပ် တခုမှာ စက်တင်ဘာလ ပထမပတ် အတွင်း တောင်ဥက္ကလာပတွင် ဖြစ်ပွား ခဲ့သည်။ ၄ ရက်နေ့ ည ၉ နာရီခွဲတွင် တောင်ဥက္ကလာပ ပြည်သူ့ ကောင်စီ ထံသို့ လူတဦးက "တောင်ဥက္ကလာပ ၄ ရက်ကွက်ရှိ ကြည်ကြည် ဘီစကွက် စက်ရုံကို လူတစုက လုယက် နေကြောင်း" တယ်လီဖုံး ဆက်ခဲ့သည်။ ယင်း ကိစ္စကို စုံစမ်းရန် သံဃာ ၉ ပါးနှင့် ကျောင်းသား ၁၂ ဦးကို စေလွှတ် ခဲ့သော်လည်း ပြန်မရောက် လာသဖြင့် ရပ်ကွက် အသီးသီးမှ ပြည်သူ မြောက်မြားစွာ တို့မှာ ထို စက်ရုံသို့ သွားရောက် ခဲ့ကြ၏။ စက်ရုံသို့ ရောက်ရှိ ခဲ့ရာ၌ သံဃာများနှင့် ကျောင်းသား များကို စက်ရုံ လုယက် သူများက ရိုက်နှက်ကာ တောင်ဥက္ကလာပ စစ်မှုထမ်းဟောင်း ရိပ်သာသို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရှိ ရသည်။


စစ်မှုထမ်းဟောင်း ရိပ်သာသို့ ရောက်ရှိ လာသော လူအုပ်ကြီးမှာ တဖြေးဖြေး များပြား လာပြီး လူဦးရေ ၁၀၀၀ နီးပါး ဖြစ်လာသည်။ သူတို့ ရဲဘော် များကို ပြန်လွှတ်ရန် တောင်းဆို ကြသည်။ လူအုပ်ကြီးကို ဂျင့်ဂလိဖြင့် တဖက်က ပစ်ခတ် တိုက်လိုက် လာသည့် အခါ ဓါးမြှောင် လေးခွ တို့ကို ကိုင်ဆောင် ထားသော လူအုပ်ကြီးက လုယက်သူများ ခံတပ် သဖွယ် ဆောက်လုပ် ထားသော ဂိုဒေါင် ထဲသို့ အတင်း ဝင်ရောက် စီးနင်း ခဲ့ကြသည်။ တဘက်နှင့် တဘက် တိုက်ခိုက်မှု များမှာ တညလုံး လိုလို ဖြစ်ပွား ခဲ့ပြီး နောက်ဆုံးတွင် နှစ်ဘက် စလုံး ထိခိုက် ဒဏ်ရာ ရကြသည့် လူဦးရေမှာ တရာနီးပါး ရှိခဲ့သည်။ လုယက်သူများ အနက် ၆၇ ယောက်ကို ဖမ်းဆီး ရမိခဲ့သည်။ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း ခံရသူ ၁၂ ဦး အနက် ၃ ဦး လွတ်မြောက် ခဲ့သော်လည်း ကျန်လူများမှာ ပျောက်ဆုံး နေပြီး အသတ် ခံလိုက် ရပြီ ဟူ၍သာ ယူဆရ တော့မည် ဖြစ်သည်။


ထိုဖြစ်ရပ် ဖြစ်ပေါ် ခဲ့ပြီးနောက် ရက်အနည်းငယ် ကြာသည် အထိ တောင်ဥက္ကလာပတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွား ခဲ့သည်။ ၆ ရက်နေ့၌ အဖမ်း ခံရသည့် သူများမှာ မည်သည့် လုယက်မှု များတွင်မှ ပါဝင်မှု မရှိကြောင်း၊ သို့သော် သူတို့အား ဘုန်းကြီးနှင့် ကျောင်းသား များကို ပရိယာယ်နှင့် မြှားခေါ် သတ်ဖြတ်ရန် ထောက်လှမ်းရေး ဌာနမှ တပ်ကြပ်ကြီး ထွန်းသိန်းက စေခိုင်း ခဲ့ကြောင်း ဝန်ခံ ခဲ့သည်။ တပ်ကြပ်ကြီး ထွန်းသိန်းက ဒေသခံ ပြည်သူ့ ကော်မတီမှ ဘုန်းကြီး တပါး (သို့မဟုတ်) ကျောင်းသား တဦးဦး၏ ခေါင်းကို ဖြတ်ခိုင်း ခဲ့သည်ဟု တရားခံ များက ထွက်ဆို ခဲ့သည်။


တရာခံ များကို သုတ်သင်မှုများ ပြုလုပ် ခဲ့စဉ်က အချင်း ဖြစ်ပွားရာ နေရာ၌ ရှိနေခဲ့သူ အသက် ၂၂ ရှိ တောင်ဥက္ကလာပမှ မင်းမင်းက အောက်ပါ အတိုင်း ပြန်ပြော ပြသည်။


"ဖမ်းဆီး ရမိတဲ့ အယောက် ၂၀ ခန့်ကို ခေါင်းဖြတ် ခဲ့တာ တွေ့ရပါတယ်။ ဘုန်းကြီးနဲ့ ကျောင်းသား တွေက သတ်ဖြတ်မှုများ မလုပ်ကြဘို့ တားမြစ် ကြတယ်။ အချို့ အဖမ်းခံ နေရ သူတွေ ကိုတောင် သင်္ကန်း စီးပေးပြီး အသက်ဘေးက လွတ်အောင် ကယ်တင် ပေးလိုက် နိုင်ခဲ့တယ်။ ပြည်သူတွေ ကတော့ ဒေါသ ထွက်လို့ မဆုံးဘူး"


စက်တင်ဘာလ ၆ ရက်နေ့ နံနက် စောစောတွင် အင်းစိန် ကြို့ကုန့်း ကက်နှိမ်နှင်းရေး စီမံကိန်းရုံး အတွင်းမှ ပရိဘောဂ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ စာရွက် စာတမ်း များအား လုယက် သူများက သယ်ဆောင် သွားကြ သည်ကို တွေ့ရသည်။ စစ်ကားများက လုယက် သူများကို တားဆီးရန် ကြိုးစားမှု တစုံတရာ ပြုလုပ်မည့် အစား ပစ္စည်း သိုလှောင်ရုံမှ ကုန်ပစ္စည်း များကို သူတို့ ကားပေါ်သို့ တင်ဆောင်ပြီး ထွက်ခွာ သွားကြသည်။ ၂ နာရီ အကြာတွင် လူပေါင်း ၂၀၀ ခန့်မှာ ရုံးနှင့် ဂိုဒေါင်သို့ ဝင်ရောက်ပြီး စစ်သားများ မယူဘဲ ချန်ထားသည့် ပစ္စည်း များကို သယ်ဆောင် သွားကြသည်။


စက်တင်ဘာလ ၇ ရက်နေ့တွင် ဦးနု၏ ဒီငြိမ်း အဖွဲ့သစ်က ကြေညာချက် တစောင် ထုတ်ပြန်ရာ စစ်တပ်သည် ပြည်သူ တို့အား လုယက်ခြင်းနှင့် အခြား ရာဇဝတ်မှု လုပ်ရပ်များ ဖြစ်ပွားအောင် လှုံ့ဆော် ပေးခဲ့ကြောင်း ပါရှိသည်။ သြဂုတ်လ ၂၆ ရက်နေ့တွင် ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီး စည်သူအား လက်ပူး လက်ကြပ် ဖမ်းဆီး၍ ပြည်သူ တို့အား အသိပေး ကြေညာ ပြီးမှ စစ်တပ်၏ သေနင်္ဂဗျူဟာများ ပြောင်းလဲ ခဲ့ပုံရသည်။


စက်တင်ဘာလ ၉ ရက်နေ့တွင် အသက် ၃၀ ကျော်ရှိ မစန်း ဆိုသူကို ရန်ကုန်မြို့ ဒေါပုံ မြို့နယ်၌ မီးကွင်း ပစ်ရန် ကြိုးစား နေစဉ် ဖမ်းဆီး ရမိခဲ့သည်။ သူမမှာ အင်းစိန် ထောင်ထွက် ပြည့်တန်ဆာ တဦး ဖြစ်သည်။ သြဂုတ်လ ၂၃ ရက်နေ့တွင် ထောင်မှ လွတ်မြောက် ခဲ့ပြီး ထောက်လှမ်းရေး အရာရှိ တဦးက သူမအား ငွေ အမြောက်အမြား ပေး၍ စေခိုင်း ခဲ့ကြောင်း သိရသည်။ သူမ ပြောပြချက် အရ သူမကို မစေလွှတ်မီ ဆေးပြား အချို့ကို ယင်း အရာရှိက ကျွေးခဲ့ကြောင်း၊ မည်သို့သော ဆေး ဖြစ်သည်ကို မိမိ မသိခဲ့ကြောင်း၊ သို့သော် ထိုဆေးမှာ စိတ့်က စေခဲ့ပြီး မည်သို့သော နာကျင်မှု မျိုးမှ မခံစား ရကြောင်း စစ်ဆေး မေးမြန်း သူတို့အား ပြောပြ ခဲ့သည်။ ကံ မကောင်းရှာသော မစန်းမှာ ဒေါသ ထွက်နေသော လူအုပ်ကြီး၏ ခေါင်းဖြတ်ခြင်းကို ခံလိုက် ရလေသည်။


ထူးဆန်းသော ဖြစ်ရပ် တခု စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖြစ်ပေါ် ခဲ့သည်။ ဆန္ဒပြသူ အချို့ကို ဂျင်ဂလိဖြင့် ပစ်ခတ် ခဲ့သော အသက် ၁၁ နှစ်ရှိ စိန်ဟန် ဆိုသူအား တောင်ဥက္ကလာပတွင် ဖမ်းဆီး မိသည်။ သူ့ လက်မောင်းတွင် ဆေးထိုး အပ်ရာ အတော် များများကို တွေ့ရသဖြင့် ဆေးထိုးခြင်း ခံထားရကြောင်း သိရသည်။ သူ့အား စစ်ဆေး မေးမြန်းခဲ့ရာ သူနှင့် တကွ အခြား ငယ်ရွယ်သူ အများအပြားကို စစ်တပ်မှ အမည်မသိ တပ်ကြပ် တဦးက စည်းရုံး ခေါ်ဆောင် သွားပြီး ဂျင်ဂလိနှင့် လေးဂွ ပစ်နည်းများ သင်ကြား ပြသ ပေးခဲ့ကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်။ ကောင်လေးများ၏ မျက်ခုံး အစွန်းကို ရိတ်ထားသည်။ စိန်ဟန်၏ ပြောပြချက် အရ တဦးနှင့် တဦး မှတ်မိ လွယ်အောင် ယင်းသို့ ရိတ်ထားခြင်း ဖြစ်ကြောင်း သိရ၏။ စိန်ဟန်မှာ ဤသို့ အမှန်အတိုင်း ဝန်ခံ သဖြင့် အသက် ချမ်းသာရာ ရခဲ့ လေသည်။ ၎င်း၏ ထွက်ဆိုချက် ဝန်ခံချက် များကို ဗွီဒီယို ကင်မရာဖြင့် မှတ်တမ်းတင် ရိုက်ကူး ခဲ့ပြီး လွတ်လပ်သော သတင်းစာ တစောင် ဖြစ်သည့် ဝရဇိန်တွင် စက်တင်ဘာလ ၁၁ ရက်နေ့က ဖော်ပြ ခဲ့သည်။ အခြေအနေ မငြိမ်မသက် ဖြစ်အောင်နှင့် မင်းမဲ့ စရိုက် ဖြစ်ပေါ် လာအောင် ကြံစည် အားထုတ်မှု များထဲမှ တခုမှာ ထိုစဉ်က ထိပ်တန်း လျှို့ဝှက်ချက် ဟူ၍ တံဆိပ် ရိုက်ထားသော စာရွက် စာတမ်းတွင် ဖေါ်ပြ ပါရှိခဲ့ပြီး ယင်းကို ရန်ကုန်မြို့ နေရာ အနှံ့တွင် ဖြန့်ဝေ ခဲ့လေသည်။ ယင်း စာရွက်စာတမ်း အရ သိရှိ ရသည်မှာ ပြည်သူ အများက လူပျော့ ဒေါက်တာ မောင်မောင် ကိုလည်း ငြင်းပယ် ခဲ့သဖြင့် သြဂုတ်လ ၂၃ ရက်နေ့တွင် အေဒီ လမ်းရှိ ဦးနေဝင်း အိမ်၌ အရေးပေါ် အစည်းအဝေး တခု ပြုလုပ် ခဲ့ကြောင်းနှင့် ထိုအစည်းအဝေးတွင် အာဏာ ဆက်လက် ထိန်းထား နိုင်အောင် အခြား နည်းလမ်း များကို အသုံးပြုရန် ဆွေးနွေး ခဲ့ကြသည်။ ထို အစည်းအဝေးသို့ ဦးနေဝင်း၊ ဦးစိန်လွင်၊ ဒေါက်တာ မောင်မောင်၊ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမောင်၊ အခြား စစ်တပ်နှင့် ပါတီ၏ ထိပ်တန်း ခေါင်းဆောင်များ အပြင် ဒေါ်စန္ဒာဝင်းလည်း တက်ရောက် ခဲ့သည်။


ထို အစည်းအဝေးမှ ပေါက်ကြား ခဲ့သော လျှို့ဝှက် မှတ်တမ်းမှာ အမှန်ဟု ပြောရန် အဓိပ္ပာယ် မဲ့နေပြီး နိုင်ငံခြား လေ့လာ သူများ အတွက်ပင် သံသယ ဝင်ခဲ့သည်။ အစည်းအဝေး၌ ချမှတ် ခဲ့သည့် အစီအစဉ် များ၏ ပထမဆုံး ခြေလှမ်းမှာ ဦးနေဝင်း ဗမာပြည်မှ ထွက်ခွာ သွားခဲ့သည် (သို့မဟုတ်) ထွက်ခွာ သွားတော့မည် ဟူသော ကောလာဟလကို ဖြန့်ရန် ဖြစ်သည်။ ကျောင်းသားနှင့် ရဟန်း အကြား၊ ကျောင်းသားနှင့် ပြည်သူ အကြား သပ်လျှိုရန် ကြိုးစားမည်။ ထို အတောအတွင်း သူတို့ ထောက်လှမ်းရေး သမားများက မင်းမဲ့ စရိုက်ကို ဖန်တီး ကြမည် ဖြစ်ပြီး ကြီးကျယ် သည်ထက် ကြီးကျယ်အောင် လျှို့ဝှက် နည်းများဖြင့် လုပ်ဆောင် ကြမည် ဖြစ်သည်။ ဤနည်းများတွင် ရေ ပေးဝေသည့် စနစ်အား အဆိပ် ခပ်ရန်၊ အစိုးရ ပစ္စည်း သိုလှောင်ရုံ များကို လုယက်အောင် လှုံ့ဆော် ပေး၍ ပြီးလျှင် လူထု အပေါ် အပြစ် ပုံချရန်၊ မီးကွင်း ပစ်ခြင်းနှင့် အတိုက်အခံ ခေါင်းဆောင် များ၏ စည်းရုံးရေး လုပ်ငန်း များကို သိက္ခာ ကျအောင် လုပ်ဆောင်ရန်တို့ ပါဝင်သည်။ တချိန်တည်းမှာပင် အပေါ်ယံ အခွင့်အရေး အချို့ (ပါတီစုံ စနစ်နှင့် ဒီမိုကရေစီ ပေးရန်) ကို လိုက်လျောသည့် ကတိ ပေးခြင်းများ ပြုလုပ် ပေးရန်၊ ထင်ရှားသော ကျောင်းသား ခေါင်းဆောင် များကို မှတ်သား၍ လုပ်ကြံရန်၊ နောက်ဆုံး၌ စစ်တပ်က နိုင်ငံ အတွင်း အခြေအနေ ယိုယွင်း လာမှုကို အကြောင်း ပြကာ အာဏာ သိမ်းမည်။ ထို့နောက် သွေးထွက် သံယို နှိပ်ကွပ်မှုများ ပြုလုပ်မည်။


အဆိုပါ စာရွက် စာတမ်း အရ အထက်ပါ အစီအစဉ် များကို အကောင်အထည် ဖော်ရန် တန်ပြန် သပိတ် နှိမ်နှင်းရေး ကော်မတီကို ဖွဲ့စည်း ခဲ့ပြီး ဖြစ်သည် ဟူ၍ သိရှိ ရသည်။ ယင်းကား အမှန် ပင်လော။ သြဂုတ်လနှင့် စက်တင်ဘာလ ပထမ လဝက် အတွင်း ရန်ကုန်မြို့၌ ကောလာဟလ အဆမတန် ထွက်ပေါ် ခဲ့သဖြင့် သတင်းများ မှန် မမှန် စစ်ဆေးရန် မဖြစ်နိုင် ခဲ့ပေ။ သို့သော် တခုသော အကြောင်း တရပ်မှာ အဓိပ္ပါယ် ရှိပုံရသည်။ ၎င်းမှာ စစ်တပ်က (အထူးသဖြင့် စစ်ထောက်လှမ်းရေး) လက်လျှော့ လိမ့်မည် မဟုတ်ဘဲ ဖြစ်ပွား နေသည့် ကိစ္စများကို သေချာစွာ စောင့်ကြည့်လျက် ရှိပြီး အာဏာ ပြန်ရရန် ကြံစည် နေသည့် အကြောင်းပင် ဖြစ်သည်။


ဆန္ဒပြပွဲများ အရှိန်မြှင့် လာသည့် အခါ ကြားနေ ခဲ့သော မြန်မာပြည်က လွန်ခဲ့သည့် ဆယ်နှစ်ကျော် ကာလ အတွင်း မတွေ့ကြုံ ခဲ့ဘူးသော နိုင်ငံခြား တိုင်းပြည်များ ပါဝင် ပတ်သက် လာမှုကို ကြုံလာ ရသည်။ အမေရိကန် လွှတ်တော်အမတ် စတီဗင်ဂျေဆိုလဇ် (Stephen J Solarz) သည် စက်တင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိ လာပြီး ၂ ရက်ကြာ နေထိုင် ခဲ့ကာ အဓိက အတိုက်အခံ ခေါင်းဆောင်များ ဖြစ်ကြသော ဦးနု၊ ဦးတင်ဦး၊ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံ ခဲ့သည်။ အမေရိကန် လိုလားသော သဘောထားများ တိုးပွား လာသည့် မြန်မာ ပြည်သူများ အတွက် များစွာ စိတ်ထိခိုက် ခဲ့ရသော ဆိုလာဇ်သည် ဗမာပြည်မှ ပြန်လာ ခဲ့ပြီးနောက် ဘန်ကောက် မြို့တွင် ပြုလုပ် ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာ ပြည်သူတို့ ဒီမိုကရေစီ တောင်းဆိုမှု အပေါ် မိမိ အနေနှင့် စိတ်ဓာတ် အရရော၊ နိုင်ငံရေး အရပါ ထောက်ခံကြောင်း၊ စစ်သားများ မှာလည်း အစိုးရ ဆန့်ကျင် ဆန္ဒပြမှုကို စာနာ ထောက်ထားလျက် ရှိရာ ပြည်သူတို့ တောင်းဆိုမှု မရခဲ့လျှင် မြန်မာပြည် အနေနှင့် ပြည်တွင်းစစ် ဖြစ်နိုင်ကြောင်း ဆိုလာဇ်က ပြောကြား သွားခဲ့သည်။


အရှေ့ အုပ်စု နိုင်ငံများ၏ ကျော်ကြားမှု များမှာ မကြာမီ ပြင်းထန်သော ထိုးနှက်မှုဖြင့် ရင်ဆိုင် ခဲ့ရသည်။ စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့ တို့တွင် လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ ရှေ့မျက်နှာ ဖုံးတွင် ချက်ကို စလိုဗက်ကီးယား၊ ဘူလ်ဂဂေးရီးယားနှင့် ယူကိုစလားဗီးယား နိုင်ငံများက ဒေါက်တာ မောင်မောင်ထံ ပေးပို့သော သဝဏ်လွှာ များကို ဖော်ပြ ခဲ့သည်။ ထိုအခါ ရာချီသော ကျောင်းသား များက ချက်ချင်းပင် ပြည်လမ်း ပေါ်ရှိ ချက်ကိုစလိုဗက်ကီးယား သံရုံး အပြင်ဘက်တွင် ဆန္ဒ ပြခဲ့ ကြသည်။ လူစု မခွဲမီ ကျောင်းသားများက လက်ရေးဖြင့် ရေးသား ခဲ့သော Czechs get out "ချက်များ ထွက်သွား" Mind your own business "ကိုယ့်ကိစ္စကို လုပ်ဆောင်ပါ" Make your own people happy "ကိုယ့်လူမျိုး အတွက် ပျော်အောင်သာ လုပ်ပါ" ဟူသော ပိုစတာများ ကပ်ခဲ့သည်။


သံတမန် ဆက်ဆံရေး သမိုင်းတွင် ပထမဦးဆုံး အကြိမ် အဖြစ် သက်ဆိုင်ရာ သံရုံးများက ကြေညာချက်များ ထုတ်ပြန်ခဲ့ရာ သတင်းစာ များတွင် ဖော်ပြ ခဲ့သော သဝဏ်လွှာများ အပေါ် အနည်းနှင့် အများ ဆိုသလို တောင်းပန် ခဲ့ရလေသည်။ စက်တင်ဘာလ ၁၀ ရက်နေ့ လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာသို့ ပေးစာ တစောင်တွင် မြန်မာ နိုင်ငံဆိုင်ရာ ယူလိုဆလပ် သံအမတ် ဘရန်ကိုဗူလ်လက်တစ် (Branko Vuletic) က "ကျွန်ုပ်တို့ အနေနှင့် ထို သဝဏ်လွှာ များကို ပေးပို့ ရခြင်းမှာ နိုင်ငံနှင့် ပြည်သူတို့ အပေါ် ယဉ်ကျေးမှု သဘော အရသာ ပေးရခြင်း ဖြစ်ပြီး မည်သူကို ထောက်ခံခြင်း၊ မကြိုက် နှစ်သက်ခြင်းမျိုး ရည်ရွယ်ချက်များ မပါ" ဟု ရေးသား ခဲ့သည်။


* * * * * * * *

ထိုအတော အတွင်း ရန်ကုန်ရှိ အထွေထွေ သပိတ် ကော်မတီက အစိုးရအား ရာဇသံ ပေးခဲ့သည်။ ကြားဖြတ် အစိုးရ ဖွဲ့ပေးလျှင် ဖွဲ့ပေး။ သို့မဟုတ်ပါက သပိတ်ကို ရင်ဆိုင်ရန် ကြေညာချက် တစောင် ထုတ်ပြန် ခဲ့သည်။ စက်တင်ဘာလ ၂ ရက်နေ့တွင် ရှေ့နေ ကောင်စီက ၁၉၆၂ ခု အာဏာ သိမ်းမှုသည် ၁၉၄၇ ခု ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ဖြစ်လေရာ လက်ရှိ အစိုးရသည် တရား မဝင်ကြောင်း ကြေညာ ခဲ့သည်။ ၆ ရက်နေ့တွင် ရဲဘော် သုံးကျိပ်ထဲမှ သက်ရှိ ထင်ရှား ရှိနေသော ၁၁ ဦးအနက် ၉ ဦးက ဦးနေဝင်းအား လူသိရှင်ကြား ရှုတ်ချ ခဲ့သည်။ ထို့နောက် စစ်တပ် ထဲမှ တပ်သားများ အနေနှင့် အုံ့ကမှုကို ထောက်ခံကြရန် တိုက်တွန်း ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် သူရဲကောင်းများ ထဲမှ နှစ်ဦး သာလျှင် အုံ့ကမှုကို မထောက်ခံဘဲ ရှိနေ ကြသည်။ ၎င်းတို့မှာ ဦးနေဝင်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော်တို့ ဖြစ်ကြသည်။ ဦးကျော်ဇောမှာ တရုတ် နယ်စပ် အနီးမှ CPB ပန်ဆန်း ဌာနချုပ်တွင် ရှိနေ ခဲ့သည်။ သို့သော် ဒေါက်တာ မောင်မောင် အစိုးရသည် ကြားဖြတ် အစိုးရ တောင်းဆိုမှု များကို အမှု မထားဘဲ ရှိနေသည်။ တောင်းဆိုမှု များကို လိုက်လျော ပေးရမည့် အစား မဆလ ပါတီ ဒုတိယ အကြိမ် အထူး ညီလာခံကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ ယင်း အထူး ညီလာခံ အပြီး၌ တပါတီ စနစ် (သို့မဟုတ်) ပါတီစုံ စနစ် ကျင့်သုံးရေး ကိစ္စကို ဆွေးနွေးရန် ပြည်သူ့ လွှတ်တော် အရေးပေါ် အစည်းအဝေးကို ဆက်လက် ပြုလုပ်မည် ဖြစ်သည်။


စစ်သား အပြည့် တင်ဆောင် လာသော စစ်ကားများက ရန်ကုန်မြို့တွင်း ဝင်ရောက် လာပြီး အချက်အချာ ကျသော အဆောက်အဦ များနှင့် အစည်းအဝေး ပြုလုပ်မည့် ပါလီမန် တို့တွင် ထူထပ်စွာ ချထား၍ စောင့်ကြပ် စေခဲ့သည်။ မြန်မာနိုင်ငံ အထက်ပိုင်းမှ ပြည်သူ့ လွှတ်တော်နှင့် မဆလ ပါတီ ကိုယ်စားလှယ် များကို အစောင့်အကြပ် များဖြင့် လေကြောင်းဖြင့် ရန်ကုန်သို့ ပို့ဆောင် ပေးခဲ့သည်။ နိုင်ငံတော် ခေါင်းဆောင်များ အိပ်ရန် ဟောင်းအို နေသည့် စထရင်း ဟိုတယ်မှ မွေ့ယာများကို စစ်သားများက လွှတ်တော်သို့ သယ်ယူ လာခဲ့သည်။ စိတ်ပျက်မှု များက ရန်ကုန် တမြို့လုံးကို လွှမ်းခြုံ ထားသည်။


"ကျွန်တော်တို့ ဒီညီလာခံကို ရပ်စေ ချင်တယ်။ မဆလ ပါတီ လုပ်ငန်းတွေ ရပ်ဆဲ သင့်ကြောင်း ပြသဖို့ အင်အား ကောင်းတဲ့ ဆန္ဒ ပြပွဲတွေ ပြုလုပ် ကြပါ လိမ့်မယ်" ဟု ရိုက်တာ သတင်း ဌာနမှ တယ်လီဖုံးနှင့် မေးမြန်းခန်းတွင် ဦးတင်ဦးက ပြောကြား ခဲ့သည်။


အသစ် ဖွဲ့စည်း လိုက်သော စားသောက် ဆိုင်နှင့် အဖျော် ယမကာ ကုန်သွယ်ရေး ကော်ပရေးရှင်း အလုပ်သမား သမဂ္ဂက ကျင်းပမည့် အစည်းအဝေးတွင် ကိုယ်စားလှယ် များကို ဧည့်ခံမည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။ ညီလာခံမှ ဆုံးဖြတ်ချက်များ မချနိုင်မီ စက်တင်ဘာလ ၉ ရက်နေ့တွင် ဦးနုက ကြားဖြတ် အစိုးရ ဖွဲ့စည်း လိုက်ပြီး အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ် ပေးရန် တောင်းဆို လိုက်သည်။


"၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ အရ ကျွန်တော် တရားဝင် ဝန်ကြီးချုပ် အဖြစ် ဆက်လက် တည်ရှိ နေပါ သေးတယ်" ဟူ၍ အသက် ၈၂ နှစ်ရှိ ဦးနုက ရန်ကုန်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တခု၌ ပြောကြား ခဲ့သည်။ ဦးနု ကြေညာလိုက်သည့် အစိုးရ အဖွဲ့တွင် ၁၉၅၀ ခုနှစ်များက သူ၏ ပါတီ ဖြစ်သော သန့်ရှင်း အဖွဲ့သား နိုင်ငံရေး သမားဟောင်း အတော်များများ ပါဝင် ကြပြီး၊ ဦးတင်ဦးအား ကာကွယ်ရေး ဝန်ကြီး အဖြစ် ခန့်အပ် လိုက်သည်။


သို့သော် ဦးနု၏ ရှေ့ဆောင်မှုကို အခြား အတိုက်အခံ ခေါင်းဆောင်များက အံ့အားသင့် သွားကြသည်။ ဦးအောင်ကြီးက ဦးနု၏ လုပ်ရပ်ကို ရှေ့နောက် မညီသော လုပ်ရပ်ဟု စွပ်စွဲ ကြေညာသည်။ ဒေါ်အောင်ဆန်းစုကြည်က သူမ နေအိမ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တရပ်၌ "ဝန်ကြီးချုပ်ဟောင်း ဦးနု ခေါင်းဆောင်ပြီး စင်ပြိုင် အစိုးရ ဖွဲ့စည်း လိုက်တာ ကြားသိ ရတော့ ကျွန်မ အတော် အံ့သြ သွားပါတယ်။ ပြည်သူ တွေရဲ့ အနာဂတ်ကို ပြည်သူ လူထုပဲ ဆုံးဖြတ် ကြရမှာ ဖြစ်ပါတယ်" ဟု ပြောကြား ခဲ့သည်။


ကြားဖြတ် အစိုးရ ဖွဲ့စည်း လိုက်ပြီး နောက် တနေ့တွင် ဦးတင်ဦးနှင့် တပ်မှူးဟောင်း များက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ် (ယာယီ) မှ နှုတ်ထွက်ကြောင်း ကြေညာ ခဲ့သည်။ မဆလ အစိုးရအား ယုံကြည်မှုကို ဖြိုဖျက် နိုင်ရန် ပြုလုပ် ခဲ့သည့် လုပ်ရပ်မှာ ဦးနုအား ကျန်သည့် အတိုက်အခံ များနှင့် တသီး တခြား ဖြစ်သွား စေခဲ့သည်။ ကြံစည်ချက်မှာ ရှေ့သို့ မသွားဘဲ နောက်သို့ ပြန်ကန် ထွက်လာ သည်မှာ ရှင်းနေသည်။


သေနတ် လှံစွပ် များနှင့် သံဆူးကြိုး အတားအဆီးများ ကြားမှ အရေးပေါ် ညီလာခံကို ၂ ရက် ကြို၍ ၁၀ ရက်နေ့တွင် ကျင်းပ ခဲ့သည်။ ပြည်သူ့ လွှတ်တော် အဆောက်အဦသို့ ပြည်သူ တသိန်းခန့် ချီတက်၍ ဆန္ဒ ပြကြရာ အဆောက်အဦ အပြင် ဘက်မှ တပ်ဖွဲ့ များက ရှေ့က ပိတ်ဆို့ ကာဆီး ထားကြသည်။ သံဃာနှင့် ကလေး များက လူအုပ်ကြီး ရှေ့သို့ ထွက်ကာ အင်္ကျီချွတ် ရင်ကော့ ပေးထားပြီး စစ်သား များကို ပစ်လျင် ပစ်၊ မပစ်လျင် ဘေးသို့ဖယ်ရန် ပြောကြသည်။ စစ်သား များက နောက်ဆုတ် လိုက်ကြသည့် အခါ လူအုပ်ကြီးက ရှေ့သို့ ပြုံ၍ တိုးလာ ကြသည်။ ထို့နောက် စစ်သား များကို သူတို့နှင့် လက်တွဲပြီး အစိုးရကို ဆန့်ကျင် ဆန္ဒ ပြကြရန် မေတ္တာ ရပ်ခံ ခဲ့ကြသည်။ ပြည်သူ တို့၏ ကြိုးပမ်းမှုက အကောင်အထည် ပေါ်မလာ ခဲ့သော်လည်း ညီလာခံနှင့် ပြည်သူ့ လွှတ်တော် အစည်းအဝေးမှ လွတ်လပ်ပြီး တရား မျှတသော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ပြုလုပ် ပေးရန် သဘော တူညီမှု ရခဲ့ သည်မှာ အံ့သြ စရာပင် ဖြစ်သည်။ ဤသို့ဖြင့် မဆလ ပါတီ အနေနှင့် နိုင်ငံရေး လက်ဝါးကြီး အုပ်မှုကို စွန့်လွှတ် လိုက်ရသည့် အပြင် မူလက ရည်ရွယ် ခဲ့သည့် ပြည်သူ့ ဆန္ဒ ခံယူပွဲ ကိုလည်း ဖျက်သိမ်း ပစ်လိုက် ရတော့သည်။ လွှတ်တော် ဆုံးဖြတ်ချက်ကို ကြေညာ လိုက်သည့် အခါ လွှတ်တော် အပြင်ဘက်ရှိ လူအုပ်ကြီးက ဝမ်းသာ အားရ အော်ဟစ် ကြသည်။ သို့သော် အစိုးရ ဆင်းပေးပြီး အာဏာကို ကြားဖြတ် အစိုးရ လက်ထဲ လွှဲပြောင်း ပေးသည် အထိ သူတို့၏ တောင်းဆိုမှု များကို ဆက်လက်၍ ပြုလုပ် သွားကြရန် အဓိဋ္ဌာန် ပြုခဲ့ ကြလေသည်။


လက်ရှိ အစိုးရ၏ ရိုးသားမှုနှင့် ရွေးကောက်ပွဲ ပြုလုပ် ပေးရန် အရည်အချင်းတို့ အပေါ် ပြည်သူများက လုံးဝ မယုံကြည် ကြပေ။ သို့သော် ပြည်သူ့ လွှတ်တော်သည် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ရန် ကော်မရှင် တရပ်ကို ဖွဲ့စည်း ပေးခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ငွေစာရင်း မင်းကြီးဟောင်း ဦးဘဋ္ဌေးကို ခန့်အပ်ကာ ကနေဒါ ဆိုင်ရာ မြန်မာ သံအမတ်ဟောင်း ဦးကျော်ညွန့်ကို အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ အဖွဲ့ဝင်များ အဖြစ် ၁၉၄၉ ခုနှစ်တွင် စစ်တပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည့် စစ်ပြန်ဟောင်း ကရင် လူမျိုး ဦးစောကြာဒိုး၊ ပါလီမန် အမတ်ဟောင်း ဆရာ ချယ်နှင့် ငွေစုနှင့် အသက် အာမခံ ဦးစန်းမောင် တို့ကို ရွေးချယ် ခဲ့သည်။ နောက်တနေ့တွင် အဓိက အတိုက်အခံ ခေါင်းဆောင် ၃ ဦးဖြစ်သော ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က ပူးတွဲ ကြေညာချက် တစောင် ထုတ်ပြန် ခဲ့သည်။ ဒေါက်တာ မောင်မောင်ထံ ပေးပို့ ခဲ့သည့် အိပ်ဖွင့် ပေးစာတွင် အတိုက်အခံ ခေါင်းဆောင် ၃ ဦးက ပြဿနာကို ဖြေရှင်း နိုင်ရန် အတွက် ပြည်သူ တရပ်လုံး လက်ခံသည့် ကြားဖြတ် အစိုးရကို အမြန်ဆုံး ဖွဲ့ပေးရန် အကြံ ပြုခဲ့သည်။ ရန်ကုန်မြို့ လမ်းများ ပေါ်တွင် လည်းကောင်း၊ နိုင်ငံ တဝှမ်းလုံးတွင် ဆန္ဒ ပြမှုများမှာ ပို၍ ကြမ်းတမ်း လာခဲ့သည်။


ချီတက် ဆန္ဒပြ သူတို့၏ ဆန့်ကျင်မှု များမှာ ယခင်ကထက် ပို၍ အရှိန်အဟုန် မြင့်မား လာသည်။ တချို့က ဓားရှည်များ၊ ဓားမြှောင်များ၊ သစ်သား လှံချွန် များကို ကိုင်ဆောင် လာကြသည်။ အစိုးရက မိမိ နှုတ်ထွက် ပေးရန် ငြင်းဆန် နေမှုမှာ မကောင်းသော လက္ခဏာ တရပ် ဖြစ်ပြီး စစ်တပ် ကလည်း အာဏာ သိမ်းဆဲ အခြေအနေ၌ ရှိသည် ဟူသော ကောလာဟလ များမှာ ရန်ကုန်တွင် နေ့တိုင်း လိုလို ပေါ်ထွက်လျက် ရှိသည်။ ချီတက် ဆန္ဒပြ သူများ၏ စိတ်ဓာတ် တက်စရာ အနည်းငယ်မှ တခုမှာ စစ်သားနှင့် ရဲများ ဆန္ဒပြပွဲတွင် ပါဝင် လက်တွဲစ ပြုလာခြင်းပင် ဖြစ်သည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် အမှတ် ၁၆ ခြေလျင် တပ်ရင်းမှ တပ်သား ၁၆ ယောက်မှာ ပြည်သူနှင့် ပထမဆုံး လက်တွဲ ခဲ့ကြသည်။ ဒုတပ်ကြပ် ကျော်ဝင်းစိန် ဦးဆောင်၍ လက်နက် မကိုင်ဆောင်ဘဲ စစ်ယူနီဖောင်းများ ဝတ်ဆင်ကာ ရန်ကုန် မြို့တွင်း လှည့်လည်၍ "ငါတို့ တတ်တဲ့ စစ်ပညာ ပြည်သူ တွေကို သတ်ဖို့ မဟုတ်ဘူး" ဟူသော ကေ့းကြော်သံများ ဟစ်အော် ခဲ့ကြသည်။ ၂ ရက် ကြာသော အခါ မင်္ဂလာဒုံ ပြုပြင် ထိမ်းသိမ်းရေး လေတပ် စခန်းမှ လေတပ်သား ၁၅၀ တို့ ပါဝင် ဆန္ဒ ပြခဲ့ ကြပြန်သည်။ တပ်ကြပ် တင်ကြိုင် ခေါင်းဆောင်၍ နံနက် ၅ နာရီတွင် ရန်ကုန် မြို့လယ်သို့ ချီတက် ကြကာ ပြည်သူများနှင့် ပူးပေါင်း ခဲ့ကြသည်။ ၎င်းတို့ နောက်က ချီတက် လာကြသည့် တပ်သားများမှာ ၅၀၁ မှော်ဘီ လေတပ်နှင့် ၅၀၂ မင်္ဂလာဒုံ လေတပ် တို့မှ ဖြစ်သည်။ ပြည်သူ့ ရဲတပ်ဖွဲ့မှ ယူနီဖောင်းဝတ် အမျိုးသမီးနှင့် အမျိုးသား တို့မှာလည်း စည်းကမ်း တကျ ညီညီညာညာ စီတန်း လှည့်လည် ဆန္ဒ ပြခဲ့ ကြသည်။ ၎င်းတို့စစ်ကြောင်း ရှေ့တွင် ဘင်ခရာ တပ်ဖွဲ့လည်း ပါဝင်သည်။


လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ၌ နောက်နေ့ များတွင် ရဲ၊ ကြည်း၊ ရေ၊ လေမှ တပ်မတော် တပ်သား များမှာ ဒီမိုကရေစီ ရရှိရေး အတွက် ပြည်သူ့ ရင်ခွင်သို့ ခိုဝင် လာကြ သည်ဟု ရေးသား ခဲ့သည်။ အရေးအခင်းများ ပေါ်တွင် အစိုးရ ဝါဒ ဖြန့်ချီရေး အတွက် တခု တည်းသော ထွက်ပေါက် ဖြစ်သည့် မြန်မာ့ အသံက ပြည်သူ များနှင့် ပူးပေါင်း သွားသော ကြည်း၊ ရေ၊ လေမှ တပ်မတော် တပ်သား များမှာ စိတ် ဝေဒနာရှင်များ ဖြစ်သည်ဟု ကြေညာ ခဲ့သည်။ ဤသို့ဖြင့် စစ်တပ်မှ တပ်မတော် သားများ ပြည်သူ ဘက်သို့ ကူးပြောင်း လာမှု များမှာ အမှန် တကယ်ပင် ထိပ်တန်း ခေါင်းဆောင်များ အတွက် စိုးရိမ်မှုများ ဖြစ်သွား ခဲ့သော်လည်း အံ့သြဖွယ် ကောင်းသည်မှာ အဓိက ဖြစ်သော စစ်တပ်က ပြည်သူ များနှင့် မပူးပေါင်း ခဲ့ခြင်းပင် ဖြစ်သည်။


ရာထူး ကြီးမားသည့် စစ်တပ်မှ မည်သည့် အရာရှိ မဆို လက်နက် ကိုင်ဆောင် ထားသော သူ့တပ်အား ရန်ကုန် မြို့သို့ ခေါ်ဆောင်ကာ အုံ့ကမှုကို ထောက်ခံကြောင်း ကြေညာမည် ဆိုပါက ထိုသူသည် ချက်ချင်းပင် အမျိုးသား သူရဲကောင်း တဦး ဖြစ်လာမည် ဖြစ်ပြီး အခြေအနေ မှာလည်း တမျိုးတဖုံ ပြောင်းလည်း သွားနိုင်သည်။ သို့သော် ဤကဲ့သို့ ဖြစ်မလာ ခဲ့ပေ။


လက်နက်ကိုင် စစ်တပ်မှ စစ်သား အချို့က ပြည်သူဘက် ခိုလှုံ ခဲ့ကြခြင်း ဖြစ်ပြီး ပြည်သူများ ကမူ မည်သည့် အရာမှ ပြောင်းလဲမည် မဟုတ်ဟု သဘော ပေါက်လာသည့် အခါ ရန်ကုန်မြို့ အခြေအနေမှာ ပို၍ တင်းမာ လာခဲ့သည်။ ကောလာဟလ များသာ ပို၍ များပြား လာခဲ့သည်။


သတင်း တရပ် အရ တိုင်းမှူး နှစ်ဦး ဖြစ်ကြသော မော်လမြိုင်မှ ဗိုလ်မှူးချုပ် ဉာဏ်လင်းနှင့် မန္တလေးမှ ဗိုလ်မှူးချုပ် ထွန်းကြည် တို့မှာ ဆန္ဒပြသူများ အပေါ် စာနာ ထောက်ထားမှုကြောင့် အဖမ်း ခံခဲ့ရ သည်ဟု ဆိုသည်။ သို့သော် ဤသတင်းမှာ မည်သည့် အခါမျှ အတည် ပြုနိုင်ခဲ့ခြင်း မရှိဘဲ ဖြစ်လိုသော ဆန္ဒ သာလျှင် ဖြစ်ပေမည်။ အမေရိကန် နိုင်ငံရေး သမား များ၏ စိတ်အားဖြင့် ထောက်ခံမှု အပေါ် ဓာတ်ဆီ လောင်းကာ အားပေး ခဲ့သည့် ကောလာဟလ တခုမှာ ရန်ကုန် လွတ်မြောက်ရေး အတွက် အမေရိကန် လေယာဉ်တင် သင်္ဘော တစီး မြန်မာ့ ရေပြင် ထဲသို့ ဝင်ရောက် လာသည် ဟူသော သတင်းပင် ဖြစ်သည်။ ထိုသတင်း မဟုတ်မှန်ကြောင်း မြန်မာ စစ်အာဏာပိုင် များနှင့် ရန်ကုန်ရှိ အမေရိကန် သံရုံး တို့က ငြင်းပယ် ခဲ့ကြသည်။


စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရန်ကုန် တမြို့လုံး၌ ပိုစတာနှင့် လက်ကမ်း စာရွက်များ ထွက်ပေါ် လာခဲ့သည်။ ရေတပ် အကြီးအကဲ ဗိုလ်ချုပ် မောင်မောင်ခင်နှင့် လေတပ် အကြီးအကဲ ဗိုလ်ချုပ် တင်ထွန်းတို့ ထုတ်ဝေ ခဲ့သည် ဆိုသော ထိုစာရွက် များတွင် "ယနေ့ နေ့လည် ၁ နာရီ နောက်ဆုံး ထား၍ ကြားဖြတ် အစိုးရ ဖွဲ့ပေးရန်၊ သို့မဟုတ် ပါက အစိုးရ အဆောက်အဦ များကို ဗုံးကြဲ တိုက်ခိုက်မည်" ဟု ခြိမ်းခြောက် ထားသည်။ မြန်မာ့ အသံက ချက်ချင်းပင် ဦးမောင်မောင်ခင်နှင့် ဦးတင်ထွန်း တို့က ထိုသတင်းကို ငြင်းပယ် ခဲ့ကြောင်းနှင့် ထိုကောလာဟလ များကို ဖြန့်ဖြူး နေသူ များအား ပစ်သတ် မည်ဟု ကြေညာ ခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန်မှ ကျောင်းသား တချို့က အာဏာပိုင် များကို ခြောက်လှန့်ရန် နောက်ပြောင်၍ အဆိုပါ စာရွက်စာတမ်း များကို ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံ ခဲ့သည်။ ထို လုပ်ရပ်သည် ထိုစဉ် အခါက စိတ်ပျက်မှု များကို ပေါ်လွင် စေခဲ့သည်။ ဆေးရုံကြီး အပြင်ဘက်၊ မြို့တော် ခန်းမ အပြင် ဘက်နှင့် ရန်ကုန် အခြား နေရာများတွင် ကြားဖြတ် အစိုးရ တောင်းဆိုမှု အပေါ် ဖိအား ပေးသည့် အနေဖြင့် ရာပေါင်း များစွာသော လူငယ်များ အစာငတ် ခံ၍ သပိတ်တိုက်ပွဲ ဆင်နွှဲ ခဲ့ကြသည်။


၁၆ ရက်နေ့တွင် ရန်ကုန် တိရိစ္ဆာန်ရုံ အနီး၌ ကျူရှင် ဆရာ ဂုဏ်ထူး ဦးသိန်းနိုင် တရား ဟောပြော နေစဉ် မျက်နှာချင်း ဆိုင်ရှိ ကာကွယ်ရေး ဝန်ကြီး ဌာနက အသံချဲ့စက်ဖြင့် ၎င်းအား တရား ဟောခြင်းမှ ရပ်တန့်ရန်၊ မရပ်တန့် ပါက သေနတ်နှင့် ပစ်ခတ် မည်ဟု ခြိမ်ခြောက်သည်။ ထိုအခါ ထောင်ပေါင်း များစွာသော လူထု ပရိသတ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ထို့နောက် ထိုနေရာသို့ စစ်ကား ၁၁ စီး ရောက်လာသည်။ ဒုတ်များ၊ လေးခွများနှင့် ဓားမြှောင်များ ကိုင်ဆောင် ထားသော ဆန္ဒပြ လူငယ် များမှာ စစ်သားများကို အော်ဟစ် ဆဲဆို ခဲ့ကြသည်။ စစ်သား များမှာ ပစ်ခတ်မှု မပြုဘဲ ပြန်လည် ထွက်ခွာ သွားခဲ့သည်။ အချင်း ဖြစ်ပွားရာ နေရာသို့ ဦးအောင်ကြီးနှင့် ဗကသ ဥက္ကဋ္ဌ မင်းကိုနိုင်တို့ ရောက်ရှိ လာကြပြီး သူတို့၏ မေတ္တာ ရပ်ခံမှုကြောင့် လူအုပ်ကြီးမှာ လူစု ခွဲခဲ့ကြသည်။


နောက်တနေ့တွင် ကမ်းနားလမ်းရှိ ကုန်သွယ်ရေး ဝန်ကြီးရုံး အပြင် ဘက်၌ တင်းမာသော ထိပ်တိုက် ရင်ဆိုင်မှု တခု ထပ်မံ ဖြစ်ပွား ခဲ့သည်။ အမျိုးသမီးငယ် ကလေးများပါ ပါဝင်သည့် ကြီးမားသော ဆန္ဒပြ လူအုပ်ကြီးက ဝန်ကြီးရုံး အနားမှ ချီတက် လာခဲ့ရာ ကုန်သွယ်ရေး ဝန်ကြီးရုံး ခေါင်မိုးပေါ်တွင် တပ်စွဲ ထားသော တပ်ဖွဲ့ တဖွဲ့မှ အရက် မူးနေ ကြသော စစ်သား တချို့က ဆန္ဒပြ သူများကို မကြားဝံ့ မနာသာ ဆဲရေး တိုင်းထွာ ခဲ့ကြသည်။ ၎င်းကို ကြားလိုက်ရသော ဆန္ဒပြ လူအုပ်ကြီးမှာ ရုတ်တရက် ဒေါသ ပေါက်ကွဲ ကုန်ကြ တော့သည်။ ၁၇ ရက်နေ့က ပြုလုပ် ခဲ့သော ဆန္ဒပြပွဲတွင် ပါဝင် ခဲ့သည့် အသက် ၂၄ နှစ် အရွယ် ကျော်ဝင်း ဆိုသူက ဤသို့ ပြောပြသည်။


"စစ်သား တွေက ဘောင်းဘီ ကြယ်သီး ဖြုတ်ပြီး ဆန္ဒပြ နေကြတဲ့ ကျောင်းသူ တွေကို မဖွယ်မရာ လုပ်ပြ ခဲ့ပါတယ်။ ကျွန်တော်တို့ အဲ့ဒီ အဆောက်အဦနား ကပ်သွားတော့ စစ်သား တွေက လူအုပ်ကြီးကို ကြည့်ပြီး ကြောက်သွား ကြတယ်။ ခေါင်မိုးပေါ် ကနေပြီး လူအုပ်ထဲ သေနတ်နဲ့ ပစ်တော့ ဆန္ဒပြသူ တယောက် ထိခိုက် ဒဏ်ရာ ရသွား ပါတယ်။ ကျွန်တော်တို့ အဆောက်အဦကို ဝင်စီး လိုက်ပြီး ခေါင်မိုးထပ်ဆီ ပြေးတက် သွားကြတယ်"


နောက်ဆုံးတွင် စစ်သား ၂၄ ယောက် စလုံး လက်နက်များနဲ့ အတူ အညံ့ ခံခဲ့ကြသည်။ ဆန္ဒပြသူ တဦးက သိမ်းဆည်း ရမိ လိုက်သော သေနတ် တလက်ကို ယူ၍ အောင်မြင်သည့် အထိမ်းအမှတ် အနေဖြင့် လေထဲသို့ ဝှေ့ရမ်း မြှောက်ပြခဲ့ရာ လမ်းပေါ်မှ လူများက သြဘာ ပေးကြသည်။ ဆန္ဒ ပြသူများမှာ စစ်သား ခေါင်းများကို ဖြတ်ပစ်ရန် တောင်းဆို ကြသည်။ ဦးအောင်ကြီးနှင့် ဦးတင်ဦး ရောက်လာပြီး လူစုခွဲရန် မေတ္တာ ရပ်ခံ ခဲ့သော်လည်း ကလဲ့စား ချေလိုသော လူထုကြီးကို ထိန်းမနိုင်အောင် ဖြစ်သွား ခဲ့သည်။ စစ်သားများကို ခေါင်းဖြတ်ခွင့် မရကြသော အခါ ဒေါသ ထွက်နေသော ဆန္ဒပြ သူများသည် ကုန်သွယ်ရေး ဝန်ကြီးရုံး ရှေ့ရှိ မော်တော်ယာဉ် ၃ စီးကို ဖျက်ဆီး လိုက်ကြသည်။ ညနေပိုင်း ရောက်မှသာ ရုတ်ရုတ်သဲသဲ ဖြစ်မှု ပြီးဆုံး သွားတော့သည်။


တခြား ဖြစ်ရပ်မှာ တပြိုင်တည်း ဆိုသလို ပေါ်ထွက် ခဲ့သည်။ စစ်တပ်သည် မဆလ ပါတီ အရေးပေါ် ညီလာခံ စချိန်မှ ရန်ကုန်မြို့ရှိ အချက်အချာ ကျသော နေရာများ ဆီသို့ ရိက္ခာ၊ လောင်စာဆီနှင့် အခြား လိုအပ်သော ပစ္စည်းများကို ပြောင်းရွှေ့ သယ်ဆောင် လာခဲ့ကြပြီး ဖြစ်သည်။ တနိုင်ငံလုံးရှိ မြို့များ တွင်လည်း တပ်ဖွဲ့ လှုပ်ရှားမှု များမှာ ယခင်ကနှင့် မတူ ထူးခြားလျက် ရှိကြောင်း သတင်းများ ထွက်ပေါ် နေသည်။ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဒေါက်တာ မောင်မောင်က "ကောင်စီများ၊ ဝန်ထမ်းများနဲ့ ပြည်သူ့ရဲ များက ယိုယွင်း ပျက်စီး နေတဲ့ ပြည်သူ့ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ် လာအောင် ပြုလုပ်ဖို့ လိုအပ် ပါတယ်။ အနီးကပ်ဆုံး ဖြစ်တဲ့ ကာကွယ်ရေး အင်အားစုများ ကလည်း အကူအညီများ ပေးအပ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တို့ အနေနဲ့ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အင်အား သုံးပြီး ပြဿနာ တရပ်ကို ဖြေရှင်း ချင်ကြတဲ့ သူတွေ အချိန် ရှိတုန်း ပြေးထား ကြပါ" ဟူ၍ မိန့်ခွန်း ပြောကြား ခဲ့သည်။


၁၆ ရက်နေ့တွင် မဆလ ပါတီက ပဟေဠိ ဆန်သော ကြေညာချက် တရပ် ထုတ်ပြန် ခဲ့သည်။ ထိုကြေညာချက်တွင် လက်နက်ကိုင် စစ်တပ်၊ ပြည်သူ့ရဲနှင့် ဝန်ထမ်းများအား ပါတီမှ နှုတ်ထွက်ခွင့် ပြုကြောင်း ကြေညာ ခဲ့သည်။ နောက်တနေ့တွင် ကာကွယ်ရေး ဝန်ကြီး ဌာနက လက်နက်ကိုင် စစ်တပ် များကို အမိန့်တရပ် ချမှတ် ခဲ့ရာတွင် စစ်တပ် အနေနှင့် မူလ တာဝန်ကြီး ၃ ရပ်ကို အပြည့်အဝ ထမ်းဆောင် ကြရမည်ဟု ဆိုခဲ့၏။ ထို တာဝန်ကြီး ၃ ရပ်မှာ ပြည်ထောင်စု တည်တန့် ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် နိုင်ငံတော် အချုပ်အချာ အာဏာကို ကာကွယ် စောင့်ရှောက်ရေးတို့ ဖြစ်ကြသည်။ အရေးပါသော အပြောင်းအလဲကြီး ဖြစ်ပေါ် လာမည်မှာ ထင်ရှားသည်။


********

Outrage - Burma's Struggle for Democracy by Bertil Lintner စာအုပ်ကို စံဝင်းမောင်နှင့် မင်းမျိုးနိုင် တို့က မြန်မာပြန်ကာ 1st Burmese edition published in the UK in 1990 by Peacock Press, Edinburgh, Scotland က ထုတ်ဝေခဲ့တဲ့ ဘာတီလင်တနာရဲ့ 'ဒေါမာန်ဟုန် - ဗမာပြည် ဒီမိုကရေစီ တိုက်ပွဲ'၊ အခန်း (၅)၊ "ရုပ်သေး" ကို ပြန်လည် ကူးယူ ဖော်ပြ လိုက်တာ ဖြစ်ပါတယ်။