10 March 2012

ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် စည်းရုံးရေး ခရီးစဉ်

ရန်ကုန်မြို့မှ နံနက် ၈ နာရီခန့်က ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ကျိုက်ထိုမြို့ စိမ်းလဲ့တင် စားသောက်ဆိုင်သို့ ၁၂ နာရီမထိုးမီ ၁၀ မိနစ်ဝန်းကျင် တွင်ဆိုက်ရောက်ကြကာ နေ့လည်စာစားပြီး နာရီဝက်ခန့် ရပ်နားမည်ဟု လိုက်ပါသတင်...းယူသည့် ၀ိုင်ပီအိုင် သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်အား မွန်ပြည်နယ်ဧရိယာ အစဖြစ်သည့် စစ်တောင်းတံတား အဆင်းတွင် မွန်ပြည်နယ်မှ လာရောက် ကြိုဆိုသူ လူ ၃၊ ၄ ရာဝန်းကျင် တွေ့ရှိရကြောင်း သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် မော်လမြိုင်မြို့သို့ ရောက်ရှိကာ ညအိပ်ရပ်နားပြီး မနက်ဖြန် နံနက် ၉ နာရီတွင် လူထုဟောပြောပွဲကို မော်လမြိုင်မှ ကျိုက်မရောမြို့သို့ သွားသည့်ကားလမ်းပေါ်ရှိ ၆မိုင်ကျေးရွာ ဘောလုံးကွင်းတွင် ပြုလုပ်မည်ဖြစ်သည်။

ယနေ့ညတွင် ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ ကမ်းနားဟိုတယ်တွင် မော်လမြိုင်မြို့ မှ နိုင်ငံရေး ပါတီအချို့၊ မြို့မိမြို့ဖများနှင့် ညစာစားသောက်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

သတင်း..... Yangon Press International

နှစ်နှစ်ဆယ်ကျော်ကြာ တိမ်မြှုပ်နေခဲ့သော မြန်မာ့ရိုးရာ သင်္ကြန်သံချပ်ကားများ

ယခုနှစ်မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကို ရန်ကုန်မြို့တွင် ယမန်နှစ်ကထက် စည်းကားသိုက်မြိုက်စွာကျင်းပရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ ညှိနှိုင်းစီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

သင်္ကြန်မဏ္ဍပ်များ နေရာချထားပေးခြင်းကို မတ်လအတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တွင် အပြုသဘောဆောင်သည့် သံချပ်ထိုးခြင်းများ ခွင့်ပြုသွားမည်ဖြစ်ပြီး ဆုချီးမြှင့်ခြင်းများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်္ကြန်မဏ္ဍပ်များ လျှောက်ထားခြင်းကို မတ်လလယ်ခန့်တွင် စတင်လက်ခံ ဆောင်ရွက်ပေးရန် စီစဉ်နေပြီး မတ်လ မကုန်မီ နေရာချထားပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ အင်းလျားလမ်းတွင်မူ ယခင်နှစ်များနည်းတူ မဏ္ဍပ် နေရာခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ သံချပ်ထိုးခြင်းအတွက် သံချပ်စာသားများကို မတ်လကုန်ခန့်အထိ နောက်ဆုံးထားလက်ခံကာ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်ပြီး ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်သင်္ကြန် ယမန်နှစ်ကထက် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံကျော် အနုပညာရှင်များ ရန်ကုန်တွင် ဖျော်ဖြေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပြီး ဂီတ၊ သဘင်၊ ရုပ်ရှင် အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

လောပိတရေအားလျှပ်စစ် အဆင့်မြှင့်ဖို့ တရုတ်ပူးပေါင်းမည်

ဘီလူးချောင်း (လောပိတ) ရေအားလျှပ်စစ် စီမံကိန်းကို အဆင့်မြှင့်တင်ဖို့ တရုတ်နိုင်ငံ ရေအားလျှပ်စစ် ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ၁၃၀ ကေဗီရှိတဲ့ ဘီလူးချောင်း (လောပိတ) ရေအားလျှပ်စစ်ကို ၅၀၀ ကေဗီဗို့အားစနစ်ကို တိုးမြှင့်ပို့လွှတ်နိုင်ဖို့ အဆင့်မြှင့်မှာ ဖြစ်ပါတယ်။ မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းနဲ့ China Three Gorges Corporation, Hydro China Kunming Engineering Corporation တို့အကြား မြန်မာနိုင်ငံ ဓါတ်အားစနစ် စီမံချက်ရေးဆွဲခြင်း လုပ်ငန်းတွေအတွက် နားလည်မှုစာချွန်လွှာကို ဖေဖော်ဝါရီလ ၁၄ ရက်မှာ လက်မှတ်ရေးထိုးပါတယ်။ စီမံချက်လုပ်ငန်းတွေကို အပိုင်းသုံးပိုင်း ခွဲထားပါတယ်။ အဲဒါတွေကတော့ ဓါတ်အားလိုအပ်ချက် ခန့်မှန်းမှုနဲ့ အချက်အလက်များ စုဆောင်ခြင်းအပိုင်း၊ လက်ရှိဓါတ်အားစနစ်နဲ့ ပြုပြင်မွမ်းမံမှု အစီအစဉ်များ လေ့လာမှုအပိုင်းနဲ့ မြန်မာနိုင်ငံ ဓါတ်အားစနစ် ကွန်ရက်ပုံစံကို သတ်မှတ်နှစ်များအလိုက် လေ့လာမှုအပိုင်းတွေ ဖြစ်ပါတယ်။ စီမံကိန်းကို တစ်နှစ်အတွင်း အပြီးဆောင်ရွက်မှာ ဖြစ်တယ်။

မျိုးဆက်သစ် လူငယ်အင်ဂျင်နီယာတွေကို နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာစူးစမ်းမှုတွေ လက်တွေ့သင်တန်းတွေ ပေးမယ်လို့ ဆိုပါတယ်။ ဘီလူးချောင်း(လောပိတ) ရေအားလျှပ်စစ်စက်ရုံကို ၁၉၆၀ ခုနှစ်မှာ တည်ဆောက်ပါတယ်။ ဘီလူးချောင်း(လောပိတ) ရေအားလျှပ်စစ်ကနေ လောပိတ-တောင်ငူ-လှော်ကား ဓါတ်အားလိုင်းနဲ့ ရန်ကုန်ကို ဓါတ်အား ပို့တယ်။ နောက်တစ်ခုက လောပိတ-သာစည်-မန္တလေး ဓါတ်အားလိုင်းနဲ့ မန္တလေးကို ဓါတ်အားပို့လွှတ်ခဲ့တယ်။ “လူဦးရေများလာပြီး လူနေမှုအဆင့်အတန်း မြင့်လာလို့ လျှပ်စစ်ဓါတ်အား လိုအပ်ချက်တွေ များလာတယ်၊ ဗို့အားကျတာ၊ ဗို့အားမငြိမ်တာတွေ၊ ဓါတ်အားဆုံးရှုံးတာတွေ လျော့နည်းအောင်တော့ ဆောင်ရွက်ဖို့လိုတယ်၊ လက်ရှိ ဓါတ်အားစနစ်ကို နှစ်အလိုက် အဆင့်မြှင့်တင်ပြီး တကယ်အကျိုးရှိအောင် လုပ်မယ်ဆိုရင်တော့ ကောင်းပါတယ်” ဟု အငြိမ်းစား လျှပ်စစ်အရာရှိကြီးတစ်ဦးက ပြောပြခဲ့ကြောင်း မတ်လ ၉ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ "

ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်မည့် သူများ ခေါ်ယူသွားမည်


ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ် မြောက်ရေးအတွက် လိုအပ်သည့် အဖွဲ့ အစည်းများကို ဆက်လက်ဖွဲ့စည်းသွား မည်ဖြစ်ပြီး ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန် သရုပ်ဆောင်သစ်များ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၏ ဥက္ကဋ္ဌ ဒါရိုက်တာ ဦးမိုးသူက ထိုရုံးခန်း ဖွင့်ပွဲနေ့တွင် ပြောကြားသည်။

"ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့က အချက်အလက်တွေ ရှာဖွေစုဆောင်းတာ၊ အချက်အလက်တွေကို အခြေခံပြီးတော့ ဇာတ်လမ်းဖန်တီးဖို့ တာဝန်များကို ယူထား ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင် ကြည်တို့ရဲ့ နေရာများကိုလည်း ပြည်သူ ပြည်သားတွေ သရုပ်ဆောင်နိုင်ဖို့ လျှောက် လွှာတွေခေါ်ယူသွားမှာပါ။ ဗိုလ်ချုပ်ရုပ် ရှင်မှာ နိုင်ငံတကာနည်းပညာ အထောက် အကူပြုအဖွဲ့များ ဖွဲ့စည်းပြီးပါ ပြီ။ ဒါအပြင် ရုပ်ရှင်ကြီးကြပ်ရေး ကော်မတီနဲ့ အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်း သွားမှာပါ" ဟု ၄င်းက ဆက်လက်ပြော ကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ် မြောက်ရေးရုံးခန်းကို ဗိုလ်ချုပ်မွေးနေ့ဖြစ် သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖွင့် လှစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်ရန် သရုပ်ဆောင်များ လျှောက် လွှာခေါ်ယူလျက်ရှိကြောင်း၊ ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင်ရန်လည်း လျှောက်လွှာများ ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

သတင်း..... ပြည်မြန်မာ ဂျာနယ်

မန္တလေး ကျုံးရေ မြေသားများပေါ် သည်အထိ ရေနည်းလာ


မန္တလေးသင်္ကြန်ပွဲတော် နီးကပ်လာသော်လည်း မတ်လဆန်းအထိ ကျုံး အတွင်း ရေနည်းနေသဖြင့် မန္တလေး သင်္ကြန်ပွဲတော် အတွက် ရေ အခက် အခဲ ဖြစ်မည်ကို မြို့လူထုစိုးရိမ်လျက် ရှိသည်။

မန္တလေးမြို့တွင် နွေဦးရောက်လာ၍ ရေသုံးစွဲမှုများပြားပြီး ကျုံးရေနည်းလာသဖြင့် ကျုံးရေကိုသာ အဓိကထား အသုံးပြုသော ရပ်ကွက်များ ၌ ရေအခက်အခဲ တွေ့နေရကြောင်း နန်းရှေ့ဒေါနဘွားရပ်ကွက်မှ အိမ်ရှင်မ တစ်ဦးက ပြောသည်။ မန္တလေးမြို့တွင် ကျုံးရေနည်း လာပြီး ရေများ ဖြန့် ဝေပေးနိုင်ခြင်း မရှိသောကြောင့် နန်းရှေ့ ဒေါနဘွားရပ်ကွက်၊ အောင်တော်မူရပ်ကွက်၊ မြောက်ပြင် ဥပုသ်တောင်ရပ်ကွက်၊ အနောက်ပြင် ပြည်လုံး ချမ်းသာရပ် ကွက်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်တို့တွင် ရေဝယ် သုံးနေကြရသည်။ တစ်နေ့လျှင် မြို့လူထုသို့ ကျုံးရေဂါလန် နှစ်သန်း ဖြန့်နေသော်လည်း ယခုအခါ ကျုံးရေနည်းပါးမှုကြောင့် တစ်နေ့လျှင် ရေဂါလန် ငါးသောင်းသာ ဖြန့်ဝေပေးနိုင်ကြောင်း သိရသည်။ မတ်လ ၂၀ ရက်အထိ ကျုံးရေ မဖြည့်နိုင်ပါက မဟာသင်္ကြန်ပွဲ တော်ရက်များအတွင်း ရေကစားရန် အခက်အခဲဖြစ်မည်ကို မြို့လူထုက စိုးရိမ်မကင်း ဖြစ်နေခြင်း ဖြစ်သည်။

သတင်း..... 7Day News

ပြည်တွင်းသတင်းသမားနှစ်ဦးကို ရုံးတင်စစ်မယ်


အစိုးရသစ်လက်ထက်မှာ စာနယ်ဇင်းသမားကို ပထမဆုံုးကိမ် တရားစွဲဆိုမှု အဖြစ် မော်ဒန်ဂျာနယ်က သတင်းထောက်တဦးနဲ့ အယ်ဒီတာတဦးတို့ဟာ တရားရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီလ ၂၃ ရက် နေ့မှာ စတင် စစ်ဖို့ ရုံးချိန်းထားပါတယ်။

သပိတ်ကျင်းမြို့နယ်က ကားလမ်းပျက်စီး ချွတ်ယွင်းနေတဲ့ သတင်းဆောင်းပါးကို ရေးသားဖော်ပြခဲ့တဲ့ မော်ဒန်ဂျာနယ်က သတင်းထောက် မသက်စုအောင်နဲ့ တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံတို့ နှစ်ဦး တရားစွဲခံရတာပါ။
တရားစွဲဆိုသူက ဆောက်လုပ်ရေး ၀န်ကြီးဌာန သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီ ဖြစ်ပြီး အသရေဖျက်မှုနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီလ ၆ ရက်နေ့က မသက်စုအောင်နဲ့ တာဝန်ခံ အယ်ဒီတာတို့ နှစ်ဦး သပိတ်ကျင်းမြို့နယ် တရားရုံးကို သွားရောက်ခဲ့ပြီး အာမခံယူခဲ့တယ်။

“အာမခံလုပ်ပြီးတာနဲ့ ညီမတို့ရဲ့ ရှေ့နေ ကိုယ်စားလှယ် လွှဲတယ်ပေါ့နော်။ ဒါကို လုပ်ပြီးတော့ နောက်လာရမယ့် ရုံးချိန်း တခုကို တရားသြူုကီးက သတ်မှတ်ပေးလိုက် ပါတယ်။ ညှိပြီးတော့ပေါ့။ အဲဒါ ဒီလ ၂၃ ရက်နေ့ မနက် ၁၁ နာရီမှာ ပြန်ချိန်းပါတယ်။ ပုဒ်မ ၅၀၀/၁၀၉ နဲ့ နှစ်ယောက်စလုံးကတော့ ဒီတခုတည်းပဲ အကျုံးဝင်ပါတယ်။”
သူတို့နှစ်ဦးကို အသရေဖျက်မှုနဲ့ သီးခြားစီ စွဲဆိုထားတာပါ။ ဒီဆောင်းပါး အနှစ်ချုပ် ကတော့ တံတား ဖြတ်သန်းရာမှာ ၁၃ တန်ထက်ပိုတဲ့ ယာဉ်တွေ မဖြတ်ရဘဲ လမ်းလွှဲက ဖြတ်ဖို့ ဆိုင်းဘုတ်ရှိပေမယ့် ပျက်စီးချွတ်ယွင်းနေတဲ့ လမ်းလွှဲက မဖြတ်ချင်တဲ့ ကုန်ကားတွေဟာ ၁၃ တန်ထက် ပိုပေမယ့်လည်း ငွေပေးပြီး တံတားပေါ်က ဖြတ်ကြတယ်။

ဒီပိုက်ဆံဟာ မြို့နယ် အင်ဂျင်နီယာက ကောက်ခိုင်းတာလို့ ကားသမားတွေနဲ့ ငွေကောက်သူတွေကို မေးပြီး သတင်း ဆောင်းပါး ရေးထားတာ ဖြစ်ပြီး ဒီလမ်းလွှဲတွေ ပြုပြင်ဖို့ ရေးသားထားပါတယ်။

အမှုနဲ့ပတ်သက်လို့ သူတို့ရှေ့နေတွေကို မေးမြန်းကြည့်တဲ့အခါ လာမယ့် ရုံးချိန်းမှာ တရားလိုပြ သက်သေတွေကို စစ်ဆေးတဲ့အခါ ဥပဒေရဲ့ လိုအပ်ချက်တွေနဲ့ ပြန်လှန် မေးခွန်း မေးမြန်းထောက်ပြဖို့ ရှိတယ်လို့ ဖြေပါတယ်။ တရားရုံး မတက်ခင် အသေးစိတ် မဖြေနိုင်ပါဘူးလို့ ဆိုပါတယ်။

သတင်း...DVB

နေပြည်တော်ရှိ မိုင်တိုင် အမှတ် ၈၆ အား အထူးသတိပြု


မတ်လ ၅ ရက်နေ့ ည ၈နာရီကျော်အချိန်လောက်က နေပြည်တော်ခရီးစဉ်ကနေ ပြန်လာတဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ယဉ်တန်းဟာ ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင်အမှတ် ၈၆ ကို အရောက်မှာ ခဲ့နဲ့ပစ် ပေါက်ခံရပြီး လုံခြုံရေးလိုက်ပါလာသူလူငယ်တချို့ ဒဏ်ရာရခဲ့ပါတယ်။ အဖွဲ့ချုပ်က အဲဒီကိစ္စကို သက်ဆိုင် ရာတာဝန်ရှိသူတွေထံ ချက်ချင်းတိုင်ကြားခဲ့ပါတယ်။ ဒီအတွက် အမှုမှန်ပေါ်ပေါက်ရေး အသေအချာစစ်ဆေး ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဟန်သာမြင့်ကိုပြောဆိုကြောင်း 7 Day ဂျာနယ်မှာ ဖော်ပြထားပါတယ်။

HRDP က ရွေးကောက်ပွဲ လွတ်လပ်၊ တရားမျှတမှုရှိမရှိ စောင့်ကြည့်မည်

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP)က လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်မှုနှင့်တရားမျှတမှုရှိ၊မရှိ စောင့်ကြည့်လေ့လာမှုများပြုလုပ်မည်ဟု ယင်းအဖွဲ့မှ ဦးမောင်မောင်လေးက ပြောသည်။

HRDP က ရွေးကောက်ပွဲပြုလုပ်မည့် ၄၈ နေရာအနက် ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ၁၈ နေရာကို စောင့်ကြည့်လေ့လာမည်ဖြစ်သည်။ “ကချင်ပြည်နယ်မှာလည်း စောင့်ကြည့်နိုင်ဖို့ကြိုးစားနေပါတယ်” ဟုဦးမောင်မောင်လေးကပြောသည်။

စောင့်ကြည့်လေ့လာမှုတွင် အဆင့်သုံးဆင့်ရှိမည်ဖြစ်ပြီး ပထမအဆင့်အဖြစ် ရွေးကောက်ပွဲအပေါ်ပြည်သူလူထု၏ အမြင်နှင့်သိရှိနားလည်မှုကိုစစ်တမ်း ကောက်ယူမည်ဖြစ်၍ ဒုတိယအဆင့်တွင်မူ နိုင်ငံရေးပါတီများ၏ စည်းရုံးရေးကာလ တွင် လွတ်လပ်မှု မည်မျှရှိမရှိကိုစောင့်ကြည့်မည်ဖြစ်သည်။

“၂၀၁၀ လိုမဟုတ်တာတော့သေချာပါတယ်၊ ဒါပေမဲ့တစ်ချို့ပါတီတွေ စည်းရုံးရေးဆင်းတဲ့အခါ အခက်အခဲတွေတွေ့ရတယ်”ဟု ၎င်းကပြောသည်။

တတိယအဆင့်၌ မဲရုံများကိုလေ့လာခြင်း၊ မဲပေးမှု၊မဲရေတွက်မှုနှင့် မဲရလဒ်ထုတ်ပြန်မှုကို စောင့်ကြည့်ခြင်းများပြုလုပ်မည်ဖြစ်သည်။ ၎င်းအတွက်ရက်တိုသင်တန်းများ ပေးရန်ရှိကာ HRDP မဟုတ်သူများလည်း ပါဝင်ကာအခြားစိတ်ဝင်စားသူ မည်သူမဆို ပူးပေါင်းပါဝင်နိုင်မည်ဟု ဦးမောင်မောင်လေးကပင် ပြောသည်။

ယခုလို သီးခြားအဖွဲ့အစည်းများက ရွေးကောက်ပွဲ လွတ်လပ်မှုနှင့် တရားမျှတမှုကို စောင့်ကြည့်ခြင်းအပေါ် ဒီမိုကရက်ပါတီဥက္ကဋ္ဌ ဦးသုဝေက“သူတို့တွေ (အစိုးရ)ကလည်း တရားမျှတအောင် လုပ်မယ်လို့ပြောထားတယ်၊ စောင့်ကြည့်နိုင်လေ ကောင်းလေပေါ့” ဟုပြောသည်။

သို့ရာတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီ ၁၇ ပါတီတို့ နေပြည်တော်တွေ့ဆုံပွဲ၌ ပါတီတပါတီက ပြည်တွင်း အန်ဂျီအိုများအား ရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့်ပေး၊ မပေး မေးခွန်းကို ကော်မရှင်ဥက္ကဋ္ဌက အဖြေမပေးခဲ့ကြောင်း ၎င်းကပြောသည်။

ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာမှ လေ့လာစောင့်ကြည့်ရေး အဖွဲ့များက ခွင့်ပြုရန် တောင်းဆိုထားသော်လည်း ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲနည်းတူ မြန်မာနိုင်ငံရှိ သံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂဆိုင်ရာ ဋ္ဌာနေအကြီးအကဲများကိုသာ လေ့လာခွင့်ပြုမည်ဟု ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

“ပါတီတစ်ခုဆိုရင် ညဘက်ရောက်မှလူငယ်လေးတစ်ယောက် အိမ်ကိုလာပြီး မဲအရေအတွက် ရလဒ်လာတောင်းတာကြုံခဲ့ရတယ်” ဟုသံတွဲမြို့မှ မဲရုံမှူးတာဝန်ယူခဲ့သူ ဦးအောင်နိုင်မြင့် က YPI သို့ပြောသည်။ ။

သတင်း..... Yangon Press International

ဒီချုပ်ဥက္ကဋ္ဌ မဲဆွယ်စည်းရုံးရန် မော်လမြိုင်မြို့နယ်တွင် နေရာအခက်အခဲဖြစ်

မတ်လ ၁၁ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် ခရီးစဉ်တွင် ဟောပြောရန်အတွက် နေရာ အဆင်မပြေဖြစ်ခြင်းကြောင့် သက်ဆိုင်ရာကော်မတီမှ ခွင့်ပြုလိုက်သည့် ယင်းမြို့နယ်ရှိ လူဦးရေ တစ်သိန်းခန့် ဆန့်သည့် ဘောလုံးကွင်း တစ်ကွင်းသို့ သွားရောက် ဟောပြောရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ပထမဟောပြောမယ့်နေရာက မော်လမြိုင်မြို့မှာရှိတဲ့ သံလွင်ဥယျဉ်မှာ ဟောပြောမယ်ဆိုပြီး သက်ဆိုင်ရာကို တင်ပြထားတယ်။ ဒါပေမယ့် စည်ပင်က ဥယျာဉ်မှာရှိတဲ့ ပန်းပင်တွေပျက်စီးမှာစိုးလို့ဆိုပြီး မြို့နဲ့ ၆မိုင်ကျော်လောက်ဝေးတဲ့ ကျွဲခြံကုန်းကျေးရွာက ဘောလုံးကွင်းကို ပေးခဲ့ပါတယ်။ အဲဒီကွင်းကို သွားရ တာလဲ ခက်ခဲသလို တော်တော်လေးလဲ ဝေးတဲ့နေရာတစ်ခု ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များတွင် လိုက်လံကူညီသည့် NLD အဖွဲ့ဝင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပါတီစည်းရုံးရေးအတွက် မော်လမြိုင်မြို့နယ်ရှိ ဘိုကုန်းရပ်ကွက်မှ သံလွင်ဥယျာဉ်တွင် ဟောပြောရန်အတွက် သက်ဆိုင်ရာ ကော်မတီထံသို့ ခွင့်ပြုချက် တောင်း၍ တင်ပြခဲ့သော်လည်း ယင်းဥယျာဉ်အား ခွင့်မပြုခဲ့ဘဲ နောက်ထပ်တင်ပြခဲ့သည့် မော်လမြိုင်မြို့မှ ၆မိုင်အကွာတွင် တည်ရှိသည့် ကျိုက်မရော မြို့နယ်အနီး ကားလမ်းမဘေးမှ ကျွဲခြံကုန်းကျေးရွာတွင်ရှိသည့် ဘောလုံးကွင်း၌သာ ခွင့်ပြုခဲ့ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မော်လမြိုင်မြို့ရှိ Strand Hotelတွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့နှင့် ညစာစားပွဲ တစ်ခု ပြုလုပ်မည်ဖြစ်ပြီး ယင်းမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအား NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် အပါအဝင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် တစညပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင် မည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ညစာစားပွဲ၌တွေ့ဆုံမည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီဟောင်းတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း..... yangonchronicle

ဝန်ကြီးဌာန အချို့ ငွေအလွဲသုံးစားလုပ်မှုပေါ်


09 March 2012

နံရံကြားမှ အနုပညာ ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနား(ဓာတ်ပုံသတင်း)











ဓာတ်ပုံ....Yangon Press International

ဥပဒေ ကို လက်တလုံးခြားလုပ်နေသူ ဦးသိန်းအောင်


ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်သည် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်မှုများပြုလုပ်ပေးနေသည့်ပြင် မဲဆွယ်အခမ်းအနားများအတွက် စင်မြင့်တည်ဆောက်ရာ တွင် ဒေသခံများကို လုပ်အားပေးစေခိုင်းမှုများကိုပါ လုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

မြင်းကကွင်းတိုက်နယ်ဒေသခံတစ်ဦးက “ကျွန်တော်တို့ဆီကို ရှေ့လ ၂၄ ရက်ကလာတာ၊ မလာခင် သုံးရက်လောက်အလိုမှာ မဏ္ဍပ်ဆောက်ဖို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက လူငယ်တွေကို လုပ်အားပေးလာခေါ်တယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်သည် ဖေဖေါ်ဝါရီလအတွင်းက ငပုတောမြို့နယ်၊ မြင်းကကွင်း တိုက်နယ်အပါအ၀င် ဒေသငါးခုခန့်သို့သွားရောက်ခဲ့ပြီး ရောက်ရာဒေသတိုင်းတွင် ပြောကြားသော မိန့်ခွန်းများ၌ ကြံ့ခိုင်ရေးပါတီကို မဲထည့်ရန်တိုက်တွန်းမှု များပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ပုသိမ်မြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးများတွင် ဧရာဝတီတိုင်းသား ၀န်ကြီးချုပ် အဘဦးသိန်းအောင်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အား မဲပေးကြပါစို့ ဟူသောစာတန်းဖြင့် ဦးသိန်းအောင်ဓါတ်ပုံများကပ်ကာကြော်ငြာထားခြင်း၊ ရပ်ကွက်အတွင်း ကြံ့ခိုင်ရေးပါတီဝင်သူတိုင်းကို ငွေကျပ်သုံးသောင်းကို နေ့သွင်းအနေဖြင့်ထုတ်ချေးပေးခြင်း၊ ၎င်းပါတီတံဆိပ်ပါသော အင်္ကျီများနှင့် ဦးထုပ်များကို အခမဲ့ပေးခြင်းများပြုလုပ်နေကြောင်း ပုသိမ်မြို့ခံတို့ကပြောသည်။

ပုသိမ်ခရိုင်တရားလွှတ်တော်ရှေ့နေတစ်ဦးက“ ဦးသိန်းအောင်ဟာ အလုပ်အရမ်းလုပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါပေမယ့် သူ့မှာပါတီစွဲကရှိနေတော့ ဥပဒေနဲ့ငြိစွန်းနေတာစိတ်မကောင်းစရာပဲ” ဟု မှတ်ချက်ပြုသည်။

အစိုးရ၀န်ကြီးများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာ ပါတီလုပ်ငန်းများနှင့် ပါတီအတွက် မဲဆွယ်စည်းရုံးခြင်းများမပြုလုပ်ရန် နည်းဥပဒေများထုတ်ပြန်ထားသည်။

သတင်း.....Yangon Press International

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံ




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီက ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် တွေ့ဆုံခဲ့သည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် မတ်လ ၈ ရက်နေ့ နံနက်က တွေ့ဆုံစဉ် “ကိုယ်စားလှယ်လောင်းများ သတိပြုရမှာက မဲဆန္ဒရှင်များစာရင်းတွင် ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့ အမှားအယွင်းများ ရှိနေပါကြောင်း၊ အမြန်ဆုံး ပြုစုရမည်ဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးရေးခရီးစဉ်တစ်လျောက်တွင်လည်း တစ်ဖက်က မသမာမှုများ ရှိနေသည်ကိုလည်း မြင်တွေ့ရပါကြောင်း၊ ထိုဖြစ်ရပ်များနှင့်ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ကို လှမ်းပြီးတော့ သတင်းများ ဖြန့်ချိသွားမည်ဖြစ်ပါကြောင်း၊ အနိုင်ရချင်လို့ ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါကြောင်း။ နိုင်လည်း နိုင်ရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

သတင်း......Eleven Media Group.။

မြောက်ပိုင်းလူသတ်မှုကိစ္စကို တစ်နှစ်အတွင်း စုံစမ်းဖော်ထုတ်သွားမည်ဟု ABSDF ပြော

၁၉၉၂ ခုနှစ်က ဖြစ်ပျက်ခဲ့သော သတ်ဖြတ်မှု၊ သွေးထွက်သံယိုဖြစ်မှုအပါအ၀င်၊ ယင်းကိစ္စနှင့် ဆက်နွယ်ပတ်သက်ခဲ့သော ဖြစ်စဉ် များနှင့်ပတ်သတ်၍ အဖြစ်မှန်ကို စုံစမ်းခြင်း၊ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်းကို ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ်ဆောင်ရွက်သွား မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) က ယခုလ ၇ ရက်တွင် ထုတ်ပြန်ကြေငြာလိုက်သည်။

၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မကဒတ (မြောက်ပိုင်း) ဒေသတွင် ကိုထွန်းအောင်ကျော်အပါအ၀င် တပ်ဖွဲ့ဝင် ၁၅ ဦးသတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းကိစ္စကို စုံစမ်းဖော်ထုတ်ရန် ABSDF က အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ၂၀၁၂၊ ဇန်န၀ါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ကြေငြာလိုက်ခြင်းဖြစ်သည်။

“အမှန်တကယ်နစ်နာခဲ့ရသူတွေ ရှိနိုင်ပါတယ်။ တကယ်တမ်းနစ်နာခဲ့ရတဲ့ လူတွေအတွက် ABSDF က တစုံတခုပြန်လုပ်ပေးရမဲ့ တာဝန်ရှိပါတယ်။ သူတို့တွေအတွက် အမှန်တရားကို ဖေါ်ထုတ်ပေးရမယ်။ သူတို့တွေအတွက် တရားမျှတမှုကို ဖေါ်ထုတ်ပေးရပါမယ်” ဟု အမှန်တရားနှင့်တရားမျှတမှုဖော် ထုတ်ရေးအလုပ်အဖွဲ့မှ တာဝန်ခံညှိနှိုင်းရေးမှူး ကိုကျော်ကျော်လင်းက ပြောသည်။

အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ABSDF အတွင်းရေးမှူး (၁) ကိုမြင့်ဦးက ဦးဆောင်၍ အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အလုပ်အဖွဲ့၏ တာဝန်မှာ အချက်အလက်စုဆောင်းမှုများပြုလုပ်၍ တွေ့ရှိချက်များကိုအခြေခံပြီး သမာသမတ်ကျသည့် အစီရင်ခံစာကိုထုတ်ပြန်သွားရန်ဖြစ်ကာ ဆက်လက်လုပ်ဆောင်သင့်သည့် အကြံပြုချက်များကိုပါထည့်သွင်းဖော်ပြသွားမည်ဟု ကိုကျော်ကျော်လင်းက ပြောသည်။

၎င်းက “ အလုပ်အဖွဲ့မှာ အရေးယူနိုင်တဲ့အခွင့်အာဏာမရှိပါဘူး။ အဲဒီနောက်မှာမှ ဒုတိယပိုင်းအနေနဲ့ သက်ဆိုင်ရာဥပဒေကြောင်းအရ လုပ်ရမှာဖြစ်ပါတယ်” ပြောသည်။

လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံ နှင့် နိုင်ငံတကာ တွင် နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူများနှင့်အမှန်တရား နှင့် တရားမျှတမှု ကို မြတ်နိုးသူအားလုံး အလုပ်အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး ကိုယ်တိုင်တွေ့ဆုံရန်လိုအပ်ပါကလည်း အလုပ်အဖွဲ့က ကြိုးစားတွေ့ဆုံသွား မည်ဟု ကိုကျော်ကျော်လင်းက ဆိုသည်။

၁၉၉၂ ခုနှစ်က သတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးရော်နယ်အောင်နိုင်က အဖြစ်မှန်များပေါ်ပေါက်လာရေးအတွက် အလုပ်အဖွဲ့နှင့် အတတ်နိုင်ဆုံးပူးပေါင်းဆောင် ရွက်သွားမည်ဟု ပြောသည်။

“ မေးမြန်းဖို့လိုအပ်လို့ခေါ်ရင်သွားမှာပါ။ ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ လွဲချော်ပြီးလုပ်ခဲ့တာ ဘာမှမရှိပါဘူး” ဟု ၄င်းကပြောသည်။

ABSDF သည် ငြိမ်းချမ်းရေးအတွက် အစိုးရနှင့်တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး လာမည့် ဧပြီလဆန်းပိုင်းတွင်လည်း ရန်ကုန်မြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

လက်ရှိအချိန်တွင် ABSDF မှာ တရားဝင်အသင်းအဖွဲ့တစ်ခုအဖြစ်ရပ်တည်နိုင်ခြင်းမရှိသေးသည့်အတွက် တရားခုံရုံးနှင့် ဥပဒေရေးရာကိစ္စရပ်များတွင် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း ရှိမရှိကိုမူ ပြောကြားရန်စောသေးကြောင်း ကိုကျော်ကျော်လင်းက ပြောသည်။

“ တရားရုံးတင် အမှုစစ်တဲ့ဟာကလည်း တရားမျှတမှုဆိုတဲ့အထဲမှာပါသလို နစ်နာခဲ့သူတွေရဲ့နစ်နာမှုတွေကို အသိအမှတ်ပြုပေးတာ၊ သူတို့ဘ၀တွေပြန်လည်ပျိုးထောင်ပေးတာ၊ နောက်ဆုံး လူသိရှင်ကြား ၀န်ချတောင်းပန်တာအထိ ပါပါတယ်။ ဒါတွေကလည်း တရားမျှတမှု ပုံစံတခုပါပဲ ” ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) သည် ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ်၌ ဖွဲ့စည်းထူထောင်ခဲ့သော ကျောင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သတင်း.....Messenger News Journal

ပဒိုမန်းငြိမ်းမောင်အမှုအား လာမည့်အပတ်တွင် အမိန့်ချမည်

နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်းပုဒ်မ စသည်တို့ဖြင့် တရားစွဲဆိုခြင်းခံထားရသော ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်၏ အမှုအား လာမည့်အပတ် အင်္ဂါနေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေဦးကြီးမြင့်ကပြောသည်။

ယနေ့ရုံးချိန်းတွင် တရားခံဘက်မှ ဆင့်ခေါ်ထားသည့် နောက်ဆုံး သက်သေဖြစ်သည့် တောင်ကလေး ဆရာတော်မှာ ကျန်းမာရေးအခြေအနေအရ ကြွရောက်နိုင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

၎င်းက “ နဂိုကတည်းက တရားစွဲလည်းရ။ မစွဲလည်းရတဲ့အချိန်မှာ အပြစ်ပေးချင်လို့ တရားစွဲခဲ့တဲ့အမှုပဲ။ အနည်းနဲ့အများ အပြစ်ပေးတာတော့ ခံရမယ်ထင်တယ်” ဟု ပြောသည်။

ယခုအချိန်တွင် ပဒိုမန်းငြိမ်းမောင်မှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်လျက်ရှိသော်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိနေကြောင်း ဦးကြီးမြင့်ကဆိုသည်။

“ လူကတော့နေကောင်းနေပေမယ့် စိတ်ကတော့ ကျန်းမာပုံမရဘူး။ တစ်စုံတရာ ဖိအားပေးခံနေရတဲ့ပုံပဲ ” ဟု ၎င်းကဆိုသည်။

ယခုအမှုတွင် ပဒိုမန်းငြိမ်းမောင်ဘက်မှ တင်ပြထားသော သက်သေ ၈ ဦးအနက် အင်းစိန်ထောင်မှ ထောင်ပိုင်အရာရှိနှစ်ဦးကိုသာ တရားရုံးမှ ဆင့်ခေါ်ပေးပြီး ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းအပါအ၀င် အခြားသက်သေများကိုမူ ဆင့်ခေါ်ပေးရန် ငြင်းဆိုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးဆောင်ပြုလုပ်နေသည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းသည် ပဒိုမန်းငြိမ်းမောင်အား အင်းစိန်ထောင်တွင်းသို့ လာရောက်တွေဆုံကာ ငြိမ်းချမ်းရေးအတွက် အကြံဥာဏ်များလာရောက်တောင်းခံခဲ့ပြီးနောက် အရေးယူခြင်းမခံရစေရန် ၎င်းအနေဖြင့် အမခံချက်ပေးခဲ့ကြောင်း ဦီးကြီးမြင့်ကဆိုသည်။

သို့သော် ယခင်အပတ်က ပြုလုပ်ခဲ့သော ရုံးချိန်းတွင် လာရောက်အစစ်ခံသည့် သက်သေနှစ်ဦးဖြစ်သော အင်းစိန်ထောင်မှ အရာရှိနှစ်ဦးကမူ ယင်းကိစ္စကို ငြင်းဆိုခဲ့သည်။

ပဒိုမန်းငြိမ်းမောင်သည် လက်ရှိတွင်လည်း လူဝင်မှုကြီးကြပ်ရေးဋ္ဌာန တံဆိပ်တုံးအတုပြုလုပ်မှု ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ တရားစွဲခံရကာ ထောင်ဒဏ် ခြောက်လစီ တစ်ပေါင်းတည်း ကျခံလျက်ရှိသည်။

ပဒိုမန်းငြိမ်းမောင်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ကော်မတီဝင် တစ်ဦးဖြစ်သည်။ ။

သတင်း....Yangon Press International